စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားသော ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့ပေါ်သို့ ဒေသခံ တစ်ထောင်ကျော်ခန့် လနှင့်ချီကြာ နေရပ်မပြန်နိုင်သေးကြောင်း စစ်ရှောင်များထံမှ သိရသည်။
မိုးမိတ်မြို့အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခုနှင့် မြို့ပေါ် ရဲစခန်းအား ကချင်လွတ်လပ်ရေးတပ်(KIA)က ဇန်နဝါရီလ ၁၈ ရက်က စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ မြို့ကို ထိန်းချုပ်နေစဉ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ထက်ဝက်ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၅ ရက်တွင် KIA က မြို့ပေါ်မှ ပြန်လည်ထွက်ခွာခဲ့ပြီးနောက် တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်သွားသော မြို့ခံစစ်ရှောင်များ ပြန်လည်ဝင်ရောက်နေထိုင်ရန် စစ်ကောင်စီတပ် ဖိတ်ခေါ်ခဲ့သော်လည်း မြို့ခံအနည်းငယ်သာ နေရပ်ပြန်ခဲ့ကြောင်း သိရသည်။
အိမ်ခြေ ၅၀၀ ကျော်ရှိသော မိုးမိတ်မြို့ပေါ်တွင် မြို့မစျေးကြီးနှင့် အိမ်ခြေ ၃၀၀ ခန့် မီးလောင်ပြာကျခဲ့ပြီး လုံခြုံရေးအတွက် စိုးရိမ်နေသေးသောကြောင့် နေရပ်မပြန်နိုင်သေးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော စစ်ရှောင်စခန်းတခုမှ တာဝန်ခံ အမျိုးသားတဦးက ပြောသည်။
၎င်းက “လွတ်လပ်စွာ နေထိုင်ခွင့်က မရှိသေးတာ။ သူတို့(စစ်ကောင်စီ)ကို ကြောက်နေရတယ်လေ။ ကျနော်ဆို ကိုယ့်အိမ်ကိုယ် ပြန်မမှတ်မိလောက်အောင် ကိုယ့်အိမ်ဝန်းက ဘယ်နားစလို့ ဘယ်နားဆုံးလဲ မသိအောင် မီးလောင်ပြာကျခဲ့တာ “ဟု ဆိုသည်။
လက်ရှိ မိုးမိတ်မြို့ပေါ်၌ အိမ်ခြေ ၅၀ ခန့် ပြန်လည်ဝင်ရောက်နေထိုင်ကြသော်လည်း မြို့ခံလူဦးရေ တထောင်ကျော်မှာ နီးစပ်ရာကျေးရွာနှင့် တောတောင်တွေထဲ အချိန် ၂ လခွဲကျော်ကြာသည်အထိ စစ်ရှောင်နေရဆဲဖြစ်ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
ယင်းစစ်ရှောင်များအတွက်လိုအပ်သော အကူအညီများကို တအာင်းအမျိုးသမီးအဖွဲ့အစည်းတခုသာ လာရောက်ထောက်ပံ့ခဲ့ပြီး အခြေခံစားသောက်ကုန်ဖြစ်သော ဆန်၊ ဆီ၊ ဆား လိုအပ်နေကြောင်း စစ်ရှောင်များက ပြောသည်။
မိုးမိတ်မြို့ပေါ်တွင်လည်း ယခင် ကိုဗစ်ကာလက အသုံးပြုခဲ့သည့် ယာယီစျေးဟောင်းကို ပြန်လည်ဖွင့်လှစ်ပေးထားပြီး စျေးရောင်းစျေးဝယ် မရှိသလောက်ဖြစ်နေသလို မြို့တွင်း ၌ လုပ်ငန်းများလည်း မလုပ်နိုင်သေးကြောင်း၊ တိုက်ပွဲ စတင်ဖြစ်ပွားချိန်ကတည်းက မြို့တွင်း လျှပ်စစ်မီးတွေ ပြတ်တောက်နေသလို ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ခံထားရပြီး သောက်သုံးရေအတွက် ရေတွင်းအား မှီခိုနေကြရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က မိုးမိတ်မြို့အား စစ်အုပ်ချုပ်ရေးကြေညာထားပြီး မြို့အဝင်အထွက် စစ်ဆေးမှု တင်းကျပ်ထားသလို ညနေ ၆ နာရီမှစ၍ မြို့တွင်း ကင်းလှည့်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
မိုးမိတ်မြို့အနီး KIA နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်(TNLA)တို့ သီးခြားစစ်ရေးလှုပ်ရှားနေပြီး စစ်ကောင်စီဘက်ကလည်း ပြီးခဲ့သည့် ရက်အနည်းငယ်က လက်နက်ကြီးနှင့် မြို့အနီးကို မကြာခဏ ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် စစ်ကောင်စီသည် မိုးမိတ်မြို့မှ မဘိမ်းမြို့ဘက်အထွက် ရွှေဆာလူကျေးရွာ၊ မြို့နှင့် ၇ မိုင်အကွာ ကျောက်တောင်ကျေးရွာ၊ မြို့အရှေ့ဘက် အာသန်ကျေးရွာ၊ မြို့တွင်းနေရာ အချို့နှင့် မြို့အဝင် ၂ မိုင်အကွာရှိ မိုးမိတ်ဗျူဟာတပ်စခန်းများ၌ အင်အား ရာနှင့်ချီ တပ်စွဲထားကြောင်း သိရသည်။
အဆိုပါ မိုးမိတ်ဗျူဟာတပ်စခန်းအတွင်း ခြေလျင်တပ်ရင်း ၃ ခုနှင့် အမြောက်တပ်စုရှိနေပြီး မိုးမိတ်ဒေသတခုလုံး ထိန်းချုပ်နိုင်ရန် ယင်းဗျူဟာတပ်စခန်းအား သိမ်းပိုက်ရမည်ဖြစ်သော်လည်း တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
မိုးမိတ်မြို့သည် မန်းလေးတိုင်း၊ မိုးကုတ်မြို့နှင့် ၂၈ မိုင်သာ ကွာဝေးပြီး မြန်မာပြည် အလယ်ပိုင်း ခုခံတော်လှန်စစ်အတွက် စစ်ရေးအရ အရေးပါသည့် လမ်းကြောင်းပေါ် တည်ရှိသည်။
မိုးမိတ်ဒေသ၌ KIA ၊ TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်( PDF)များ စစ်ရေးလှုပ်ရှားမှုရှိနေပြီး KIA က စစ်ဒေသအဖြစ် သတ်မှတ်ထားခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးတွဲစစ်ရေး လှုပ်ရှားနေသလို TNLA ကမူ တပ်မဟာ ၃ စစ်ဒေသအဖြစ် သတ်မှတ်ပြီး TNLA ရုံးစိုက်ရာ နမ့်ဆန်မြို့နှင့် ကပ်နေသောကြောင့် မိုးမိတ်မြို့သိမ်းတိုက်ပွဲအား TNLA က ဖော်ဆောင်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။
You may also like these stories:
မိုးမိတ်မြို့တွင်း ပြန်နေသူ အနည်းငယ်သာရှိ
စစ်တပ် ထိန်းချုပ်ထားသည့် မိုးမိတ်မြို့၌ အိမ်များ ဖောက်ထွင်းခံနေရ
မိုးမိတ်ကို စစ်တပ် ပြန်ထိန်းချုပ်၊ ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေ