မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ရင်း၊ ရသာ၊ တောပုရွာများကို စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များက ဧပြီ ၈ ရက်က ဝင်စီရာ အရပ်သား ၄ ဦး သတ်ဖြတ်ခံလိုက်ရပြီး အိမ် ၃၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အသတ်ခံရသူများမှာ ရသာရွာမှ အသက် ၆၀ နှစ်အရွယ် ဦးဉာဏ်ဖေ၊ ဖက်ရင်းကျေးရွာမှ သားအဖ ၂ ဦးနှင့် တောပုရွာမှ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော်ရှိသော ရသာကျေးရွာမှ အိမ် ၂၅၀ ခန့်၊ အိမ်ခြေ ၁၅၀ ကျော်သာရှိသော တောပုကျေးရွာမှ အိမ် ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မနက် ၅ နာရီကျော်လောက်မှာ ရသာရွာကို စစ်တပ်နဲ့ ပျူပူးပေါင်း အဖွဲ့တွေက လက်နက်ငယ်တွေ၊ ၄၀ မမတွေနဲ့ ပစ်ခတ်ဝင်လာပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ ပြီးတော့ ဖက်ရင်းကို လည်း ဆက်ပြီးဝင်စီးတယ်။ နောက် တောပုပေါ့။ အဲဒီဘက်မှာ ရွာတွေက ဆက်နေတာ။ ရွာ ၃ ရွာက အိမ် ၃၀၀ လောက် မီးလောင်သွားတယ်။ ပြီးတော့ ရွာသား ၄ ယောက်လည်း အကြောင်းမဲ့ပစ်သတ်သွားကြတယ်” ဟု ပြောသည်။
အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ မြင်းခြံမြို့ရှိ ခြေမြန်တပ်ရင်း ခမရ-၁၅ မှ စစ်သားများနှင့် ကျောက်ကန်၊ လယ်သစ်၊ ညောင်တိုကျေးရွာများမှ ပျူစောထီးများ ပူးပေါင်းပြီး စစ်ကားအကြီး ၃ စီးဖြင့် ဖက်ရင်း၊ ရသာ၊ တောပုကျေးရွာ များသို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံတဦးက “ဒီရက်ပိုင်း ကျနော်တို့ဘက်မှာ တိုက်ပွဲဖြစ်တာတွေဘာတွေ မရှိဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ထဲကတော့ လယ်သစ်က ပျူငပေါက်ရဲ့ နောက်လိုက်တကောင် ကျနော်တို့ရွာဘက်ကို ရောက်လာလို့ ခေါ်ပြီးစစ်ဆေးတာတွေ လုပ်ခဲ့ တာတော့ ရှိတယ်။ သူ့ကို စစ်ဆေးစရာရှိတာ စစ်ဆေးပြီးတော့ ချက်ချင်းပြန်လွှတ်ပေးခဲ့တယ်။ အဲဒါကို မကျေနပ်လို့ ၃ ရက်အကြာမှ အခုလို ရွာကို စစ်ကြောင်းဝင်လာတာပဲ” ဟု ပြောသည်။
ထိုသို့ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်သို့မပြန်နိုင်သေးဘဲ နီးစပ်ရာရွာများတွင်သာ ရှောင်တိမ်းနေရ ဆဲဖြစ် ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ မြင်းခြံမြို့နယ်အတွင်း အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှု၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဧပြီ ၉ ရက်တွင် ထုတ်ပြန်သည်။
ဧပြီ ၉ ရက် နံနက်ပိုင်းက စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တူရွင်းဘို့ရွာရှိ နေအိမ်တခုပေါ်ကျပြီး နေအိမ်အတွင်းမှ ပြည်သူ ၃ ဦး ထိမှန်ကာ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လကလည်း မြင်းခြံမြို့နယ် အပါအဝင် နွားထိုးကြီး၊ တောင်သာမြို့နယ်များရှိ ကျေးရွာများသို့ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များ စစ်ကြောင်းထိုးပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီး ငွေညှစ်သတ် ဖြတ်ခြင်း၊ ပြည်သူပိုင် တန်ဖိုးကြီး ရွှေ၊ ငွေများ လုယက်ယူဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အိမ်ခြေ ၅၃၀ ကျော် မီးလောင် ပျက်စီးခဲ့ရသလို အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးငယ်တဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး မီးရှို့သတ် ဖြတ်ခံရမှုနှင့်အတူ ဒေသခံ ၉ ဦးထိ သတ်ဖြတ်ခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။
အဆိုပါသတ်ဖြတ်ခံရသူများမှာ မတ် ၁၁ ရက်မှ ၁၃ ရက်အတွင်း သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကာ ဆိတ်ကုန်းရွာသူ အမျိုးသမီးငယ်အား စစ်ကြောင်းက အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီးမှ သတ်ဖြတ်ကာ ဆေးစစ်၍မရနိုင်အောင် ရုပ်အလောင်းအား မီးရှို့ခဲ့ ခြင်းမျိုးဟုယူဆကြောင်း ဒေသခံများက ဆိုသည်။
ထိုသို့ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များအတွင်းသို့ လှည့်လည်စစ်ကြောင်းထိုးနေသော စစ်ကြောင်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခြင်း၊ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ အပါအဝင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိရာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှလည်း ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
စစ်တပ် ဖမ်းသွားသည့် မြင်းခြံနယ်ခံ ၉ ဦး၏ အလောင်းများ လမ်းဘေး၌တွေ့ရှိ
မြင်းခြံခရိုင်၌ နှစ်ပတ်အတွင်း လူ ၃၀ ကျော် အဖမ်းခံရ
မြင်းခြံခရိုင်တွင် စစ်တပ်က ဒေသခံ ၄၀ ကျော် ဖမ်းဆီး၊ ၅ ဦး အသတ်ခံရ