ကရင်ပြည်နယ် မြဝတီမြို့ တိုက်ပွဲများကြောင့် ထိုင်း- မြန်မာနယ်စပ် ကုန်စည်စီးဆင်းမှုမှာ ရပ်သွားသည့်အတွက် တာချီလိတ်၊ ကော့သောင်း နယ်စပ်ဂိတ်ပေါက်များမှ ပြောင်းလဲတင်ပို့နေကြရသည်။
ယခုအခါ ပြောင်းလဲသုံးစွဲနေသည့် ကုန်သွယ်ရေး လမ်းကြောင်းများမှာလည်း လမ်းပန်းဆက်သွယ်ရေး အားနည်းချက် များကြောင့် ခရီးဝေးသဖြင့် အချိန်ကြန့်ကြာမှု၊ ကုန်ကျစရိတ် ပိုမိုများပြားမှုများဖြင့် ကြုံတွေနေရကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သည်ကြီတဦးက “စစ်မဖြစ်ခင် ၃ ရက်လောက်ထဲက ကော့ကရိတ်ကနေ စပိတ်လိုက်တယ်။ ဒီတော့ ကြက်သွန်တို့ ငရုတ်သီးကားတွေ ရန်ကုန်ကို အကုန်ပြန်လှည့်ရတယ်။ အခုလောလောဆယ်ကတော့ ဘာမှ သွားလို့ မရတော့ဘူး၊ ဆင်းလို့လည်း မရတော့ဘူး။ လူတွေကတော့ မနေ့ကတောလမ်းကနေ ဘားအံကို ဆင်းကြ တယ်။ ကုန်သွယ်ရေးကတော့ လုံးဝရပ်သွားပြီ” ဟု လက်ရှိ ကုန်သွယ်ရေးအခြေအနေကို ဧရာဝတီသို့ ပြောသည်။
ယင်းအခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်ကျစရိတ်များ မြင့်တက်မှုရှိနေပြီး ကမ်းရိုးတန်းသွား သင်္ဘောလေးများဖြင့် ရန်ကုန်မှ ကော့သောင်းဘက်သို့ သွားသလို၊ ရန်ကုန်မှ တာချီလိတ်သို့လည်း ၁၂ ဘီးကားများ ဖြင့် ကုန်သွယ်မှု ပြုလုပ်နေကြောင်း သိရသည်။
အထက်ပါ ကုန်သည်က “အခုကတော့ တန် ၂၀၀၀ ဆန့်သင်္ဘောလေးတွေနဲ့ သွားတာရှိတယ်။ ဈေးနှုန်း အသေးစိတ် ကို တော့ မေးရဦးမယ်။ အေးဂျင့်တွေကနေ တဆင့်သွားတော့ ဈေးတွေက မတူဘူး။ သင်္ဘောကြီးတွေက ပိုသက်သာ တယ်။ ကူးတာကတော့ ရန်ကုန်ဆိပ်ကမ်းကနေ ကမ်းရိုးတန်းသွားသင်္ဘောတွေနဲ့ သွားတယ်။ အချို့ ကျတော့ ရနောင်း၊ အချို့ကျတော့ ကော့သောင်းပေါ့။ အဲဒီရောက်မှ ကုန်သွယ်ရေးကို ဖြတ်ပြီး နယ်စပ်ကို ရောင်း တယ်” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ နယ်စပ်ကုန်သွယ်ရေး ပြုလုပ်နိုင်သည့်နေရာများမှာ မိုင်းလား၊ တာချီလိတ်၊ ကော့သောင်း အစရှိသည့်နေရာ များ သာ ကျန်တော့ပြီး ယင်းလမ်းအားလုံးမှာ သံလွင်မြစ် အရှေ့ဘက်အခြမ်းကို ဖြတ်သန်းသွားလာရမည်ဖြစ်သည်။
နယ်စပ်ကုန်သည်တဦးက “သံလွင်မြစ်ကို ဖြတ်ဖို့ဆိုရင် တာကော်တံတားကို ဖြတ်ရမှာ။ အဲဒီမှာ ဖြတ်သန်းနိုင်မှု ခံနိုင် ဝန်က ရှိတယ်။ ပြီးတော့ အဲဒီကျော်ပြီး ကျိုင်းတုံကို တက်လာရင် မတ်စောက်တဲ့ တောင်တန်းတွေအရ ကန့်သတ် ချက်တွေက များတယ်။ ၁၂ ဘီးသွားရင်တောင် တော်ရုံတန်ရုံ မရဘူး။ ကားကောင်းမှ တက်နိုင်တယ်။ တွဲကားလည်း ဒီလိုပဲ။ အဲဒီ တော့ကုန်စည်က အရမ်းကြီး ထုတ်ပြီးမရောင်းနိုင်ဘူး” ဟု လက်ရှိ ပြောင်းလဲတင်ပို့နေရသည့်အခြေနေကို ပြောသည်။
ထို့ပြင် တာချီလိတ်၊ ကျိုင်းတုံဘက်မှသာ ပြည်တွင်းထွက် လယ်ယာထွက်ကုန်များအပါအဝင် သစ်သီးဝလံများကိုပါ တင်ပို့နေ ရသောကြောင့် ၁၂ ဘီးကားငှားရမ်းရာတွင် ကားတစီးလျှင် ကျပ်သိန်း ၁၀၀ ပေးသည့်တိုင်အောင် ဌားရမ်းနိုင်သည့် ကုန် ကားရှားပါးမှုလည်း ရှိကြောင်း ၎င်းက ပြောသည်။
လက်ရှိအခြေအနေတွင် စစ်ကောင်စီက ကျသွားသည့် ၎င်း၏ စခန်းများ ပြန်ရရေး ဖားအံနှင့် မြဝတီလမ်းတလျှောက် အာရှအဝေးပြေး လမ်းမကြီး သုံး၍ စစ်ကူများ ပို့ဆောင်နေပြီး တိုက်ပွဲများ ပိုမိုပြင်းထန်သာ ရှိနေကြောင်းသိရသည်။
ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီတွင် နယ်မြေမတည်ငြိမ်မှုများ ဆိုးရွားလာမည်ဆိုပါက တာချီလိတ်နှင့် ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပို့ကုန်များကို ပြောင်းလဲတင်ပို့သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာန (DITP) မှ ညွှန်ကြားရေးမှူး Phusit Ratanakul Sereroengrit က ပြောဆိုထားသည်။
ထိုင်း DITP အနေဖြင့် နယ်စပ်ဒေသအခြေအနေကို စောင့်ကြည့်နေပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုဆိုင်ရာ အပြောင်း အလဲ ရှိမည်ဆိုပါက ထိုင်းလုပ်ငန်းရှင်များကို အသိပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၉ ရက်ထုတ်The Nation တွင် ဖော်ပြထားသည်။
ထို့ပြင် ထိုင်း- မြန်မာ စီးပွားရေးကောင်စီဥက္ကဋ္ဌ Krit Ungwitoonsatit က မြဝတီ-မဲဆောက် ကုန်သွယ်ရေးဂိတ်မှ ပုံမှန် အတိုင်း လည်ပတ်နေသော်လည်း ကုန်စည်သယ်ယူပို့ဆောင်သည့် အရေအတွက် နည်းပါးသွားကြောင်း ယခုလ ၉ ရက်က ပြောဆိုထားသည်။
ယခုအခါ နှစ်နိုင်ငံကြား ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် အဓိကအသုံးပြုသည့် အမှတ် ၂ ချစ်ကြည်ရေးတံတား အောက်တွင် စစ်ကောင်စီ စစ်သားများ စခန်းချနေသဖြင့် တံတားပိတ်လိုက်ရသည့်အတွက် ကုန်စည်ပို့ဆောင်ရေး မှာ ပိုမိုဆိုးရွားသွားသည်ကို တွေ့ရသည်။
ကုန်သွယ်ရေး ရပ်နေသော်လည်း ထို့ကိုးကော်ကိုးလမ်းမှ ခရီးသည်တင်ကား အတက်အဆင်းတချို့ရှိကြောင်း၊ အဆင်း ကားများကို ဦးစားပေး လွှတ်ပေးခဲ့ကြောင်းနှင့် နဒီလင်းမြိုင်တံတားဘက်တွင်သာ ကားသွားလာမှု ခေတ္တပိတ်ထား ကြောင်း KNU/KNLA-PEACE COUNCIL ဗဟိုဌာနချုပ်၊ ထို့ကော်ကိုးလမ်းပိုင်း တာဝန်ရှိသူတဦးက ပြီးခဲ့သည့်ရက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။
ထိုင်းနိုင်ငံ မဲဆောက်- မြဝတီနယ်စပ် ကုန်သွယ်ရေးသည် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဖြစ်ပြီး ပြီးခဲ့သည့်တွင် ကုန်သွယ်မှုပမာဏ ဘတ် ၁၀၆၈ ဒသမ ၈၃ ဘီလီယံ ရရှိထားကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်ထိ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ ၅,၃၅၅ ဒသမ ၉၄၄ သန်း ကုန်သွယ်ခဲ့ရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကာလတွင် ဒေါ်လာ ၄,၄၂၈ ဒသမ ၈၄၉ သန်းသာ ရရှိခဲ့သောကြောင့် ကုန်သွယ်မှုမှာ ဒေါ်လာ ၉၂၇ ဒသမ ၀၉၅ သန်းထိ ကျဆင်းနေကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများက ဖော်ပြထားသည်။
You may also like these stories:
မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်
မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း
မြဝတီမြို့ကို စစ်ကောင်စီက ဗုံးကြဲနိုင်တယ်လို့ KNU သတိပေး