ရခိုင်ပြည်နယ် သံတွဲမြို့နှင့် ၁၁မိုင်အကွာ တောင်ကုတ်နှင့် ဆက်သွယ်ထားသည့် ကားလမ်းမဘေးရှိ ကွေ့ချောင်းရွာနှင့် ရေစင်ရွာ အကြား စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ကြား ယနေ့ နံနက်အစောပိုင်းက ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ယခင်က သံတွဲဒေသတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိကြောင်း၊ ရေတပ်ကသာ သံတွဲအနီး ပင်လယ်ပြင်မှနေ၍ ရွာများ ရှိရာသို့ ကုန်းမြေပေါ်သို့ လက်နက်ကြီးဖြင့် နေ့စဉ်လိုလို ပစ်ခတ်ရာ ၁၀ရက်ခန့် ကြာကြောင်း၊ ရွာများထဲ့သို့ ကျရောက် ခြင်းများ လည်ရှိကြောင်း သိရသည်။
“သံတွဲကနေ မနက်အစောကြီး တအုန်းအုန်းနဲ့ အသံတွေကြားလို့ ရေစင်ကို ဖုန်းလှမ်းဆက်မေးလိုက်တာ ၂ဖက် အပြန် အလှန် ပစ်နေတာလို့ ပြောတယ်၊ အခု အဲ့ဘက်ကလူတွေလည်း လွတ်ရာကို ထွက်ပြေးနေကြ တယ်လို့ ပြောတယ်”ဟု သံတွဲမြို့ပေါ် ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတဦးကပြောသည်။
ထို့ပြင် သံတွဲမြို့နယ်၊ ကင်းမောကျေးရွာမှ ဒေသခံတဦးကလည်း “ဒီနေ့ မနက် ၅နာရီကနေ ၆နာရီကျော်အထိ လက်နက်ကြီး သံတွေရော၊ သေနတ်သံတွေပါ ကြားရတယ်”ဟု ပြောသည်။
ယခု အပြန်အလှန်ပစ်ခတ်မှု ဖြစ်သည့် ရွာများသည် သံတွဲ-တောင်ကုတ်အဝေးပြေး လမ်းဘေးတွင်ရှိပြီး၊ လမ်းသွား လမ်းလာများကို AA က မေးမြန်းစစ်ဆေးမှုများပြုလုပ်နေပြီး လမ်းသွားလမ်းလာလည်း ရှင်းနေကြောင်း ကိုယ်တွေ့ကြုံခဲ့ ရသူတဦးက ပြောသည်။
“ကျနော်က တောင်ကုတ်ကနေ သံတွဲကိုပြန်လာတာ၊ ရေစင်နားမှာ AA စစ်သားတွေနဲ့တွေ့တော့ ရပ်ခိုင်းတယ်၊ ဘယ် ကလာလဲ၊ ဘယ်ကို သွားဖို့လဲ မေးတယ်၊ ကျနော်လည်း ကောင်းကောင်းဖြေခဲ့တော့ သွားခိုင်းလိုက်တယ်၊ သံတွဲအဝင် လင်းဘူးတောင်မှာတော့ စစ်တပ်ဘက်က စောင့်နေတာ တွေ့ခဲ့တယ်”ဟု ယနေ့ နံနက်တွင် တောင်ကုတ်မှ သံတွဲသို့ ပြန်လာသည့် သံတွဲဒေသခံ လူငယ်တဦးကပြောသည်။
ရေတပ်သင်္ဘောများလည်း တောင်ကုတ်အထွက်မှ သံတွဲမြို့နယ်၊ ဆင်ခေါင်းငါးဖမ်းဇုန်၊ ဂျိတ်တော ငါးဖမ်းဇုန် တလျှောက် အထိုင်ချထားကြောင်း ဆင်ခေါင်းငါးဖမ်းဇုန်ရှိ ဒေသခံများထံမှသတင်းရရှိသည်။
“ဒီမနက်က တိုက်ပွဲဖြစ်တဲ့အချိန်မှာ ပင်လယ်ဘက်ခြမ်းက လက်နက်ကြီးပစ်သံကြားရတယ်၊ ခပ်ဝေးဝေး ကနေ ကြားရသလိုနဲ့ အခုတဖြည်းဖြည်းနီးလာတယ်”ဟု ဆင်ခေါင်းငါးဖမ်းဇုန်မှ ဒေသခံတဦးကပြောသည်။
ပြီးခဲ့သည့် မတ် ၃၀ရက်နေ့က ရေတပ်မှ ပစ်ခတ်မှုကြောင့် သံတွဲ-တောင်ကုတ်ကားလမ်းမဘေးရှိ ပုရစ်၊ ရေကောက် ရွာများသို့ ကျရောက်ခဲ့ပြီး လူအထိအခိုက်မရှိခဲ့သော်လည်း၊ ဧပြီ ၉ရက်နေ့တွင် တောင်ညိုကျေးရွာသို့ လက်နက်ကြီး အစအနများကျရောက်ခဲ့ပြီး ဆယ်တန်းဖြေဆိုထားသည့် ကျောင်းသားတဦး လက်မောင်းဒါဏ်ရာ ရရှိခဲ့သည်။
ကမ္ဘာကျော် ငပလီကမ်းခြေရှိပြီး ခရီးသွားလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းကို အားထားနေရသည့် သံတွဲဒေသကို ပြီးခဲ့သည့် နှစ်နိုဝင်ဘာကစ၍ စစ်ကောင်စီက ပိတ်ဆို့ထားရာ ယခုနှစ် အပန်းဖြေရာသီတွင်လည်း ခရီးသည်ဝင်ရောက်ခြင်း မရှိ သလို ပင်လယ်ပြင် ငါးဖမ်းထွက်ရန်လည်း တားမြစ်ထားသည့်အတွက် ဒေသခံများမှာ အလုပ်လက်မဲ့များဖြစ်နေပြီး စားဝတ်နေရေးအတွက်အခက်အခဲများ ဖြစ်နေသည်။
You may also like these stories:
ကမ်းခြေ အပန်းဖြေရာသီပေမယ့် တိတ်ဆိတ်သွားတဲ့ ငပလီ
စစ်မဖြစ်သေးပေမယ့် အငတ်ဘေးနဲ့ ရင်ဆိုင်လာရတဲ့ သံတွဲဒေသခံတွေ
AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်