စစ်ကောင်စီ ဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား ဧပြီ ၁၆ ရက်နေ့က အကျဉ်းထောင်မှ နေရာပြောင်းရွှေ့လိုက်ခြင်းသည် အဘက်ဘက်တွင် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီ၏ နိုင်ငံရေးအရ အသုံးချမှုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။
အသက်အရွယ်ကြီးမြင့်သော ၎င်းတို့နှစ်ဦးအား နှစ်ရှည်ထောင်ဒဏ်များချမှတ်ကာ ခက်ခဲကြမ်းတမ်းသည့် အကျဉ်းထောင်အတွင်းသို့ ပို့ဆောင်အကျဉ်းချခဲ့သည့် စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့နေရာရွှေ့ပြောင်းမှုအား ရာသီဥတု အပူချိန် ပြင်းထန်သောကြောင့် ကျန်းမာရေးအရ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ကြောင်း အကြောင်းပြသည်။
စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “အကျဉ်းထောင်တွေမှာ ရာသီဥတုအခြေအနေအရ အပူချိန် ပြင်းထန်နေတာတွေရှိတယ်၊ ဒါတွေနဲ့ပတ်သက်ပြီး သမ္မတဟောင်းဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး၊ ကျန်းမာရေးအရ လိုအပ်တဲ့ အကျဉ်းသားများ၊ အသက်ကြီးနေတဲ့အကျဉ်းသားများနဲ့ပတ်သက်ပြီး အပူဒဏ် သက်သာစေရေးအတွက် နည်းလမ်းများနဲ့ရှာဖွေပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု VOA သတင်းဌာနသို့ပြောသည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့နှစ်ဦးအား အကျဉ်းထောင်ထဲမှ ပြောင်းရွှေ့လိုက်သည်ဆိုသော်လည်း မည်သည့်နေရာတွင် မည်ကဲ့သို့ ဆက်လက်ချုပ်နှောင်ထားသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ထို့ပြင် ယခုကဲ့သို့ နေရာရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ ရှေ့နေများထံ အသိပေး အကြောင်းကြားခြင်း မရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့နှင့် နီးစပ်သူတဦးက “ နေရာရွှေ့တယ်ဆိုပေမယ့် ဘယ်နေရာကိုရွှေ့လဲ ဘာမှမသိရဘူး၊ ရှေ့နေတွေကို အကြောင်းကြားတာမျိုးလည်း မရှိဘူး၊ သတင်းတွေက တက်လာမှပဲ စောင့်ကြည့်နေရတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအား အမှုနှင့်ပတ်သက်ပြီး ပြောဆိုခွင့်ပိတ်ပင်ထားသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း လူချင်းထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ပိတ်ပင်ထားသည်။
နေပြည်တော်ထောင်တွင်း အကျဉ်းချထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ပြန်လည်ထားရှိမည်ဆိုသည့် သတင်းမှာ မကြာခဏထွက်ပေါ်လေ့ရှိပြီး ပြီးခဲ့သော ၂၀၂၃ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း ယင်းသို့ သတင်းထွက်ခဲ့သေးသည်။
လာမည့် ဇွန်လ ၁၉ ရက်တွင် အသက် ၇၉ နှစ်ပြည့်မည့် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အာဏာသိမ်းသည့် ၂၀၂၁၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးကာ အမှု ၁၉ မှုဖြင့်စွပ်စွဲ၍ ထောင် ၃၃ နှစ်ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် နေပြည်တော်အချုပ်ထောင်သို့ ပို့ဆောင်ခဲ့သည်။
အလားတူအသက် ၇၂ နှစ်အရွယ် သမ္မတဦးဝင်းမြင့်ကိုလည်း စစ်ကောင်စီက အမှု ၈ မှုဖြင့် စွပ်စွဲကာ ထောင် ၁၂နှစ် ချမှတ်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် တောင်ငူထောင်သို့ ပို့ဆောင်ခဲ့သည်။
၎င်းတို့နှင့် နီးစပ်သူများ၏ ပြောဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်သည် သွားကိုက်ဝေဒနာနှင့် မူးဝေတတ်သည့်ဝေဒနာများ ခံစားရလေ့ရှိပြီး ဦးဝင်းမြင့်သည်လည်း ထောင်အတွင်း ကျန်းမာရေးထိခိုက်မှုကြောင့် ဆီးပိုက်တပ်ကာ ကုသခဲ့ရသည်။
ထိုသို့ ထောင်အတွင်း ကျန်းမာရေးထိခိုက်မှုများနှင့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွတ်ပေးရန် နိုင်ငံတကာမှ အစဉ်တစိုက် တောင်းဆိုမှုများရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ထောင်အတွင်း ၂ နှစ်နီးပါးအကျဉ်းခံခဲ့သည့် စစ်ကောင်စီသည် စစ်ရေးအရ ရှုံးနိမ့်ကာ နယ်မြေအများအပြား လက်လွတ်ရမှု၊ တပ်ဖွဲ့ဝင်ထောင်နှင့်ချီ လက်နက်ချအညံ့ခံမှုများအပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများ လက်လွတ်ရကာ နိုင်ငံရေး၊ စီးပွားရေးအရ အထိနာနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား အကျဉ်းထောင်မှ ရွှေ့ပြောင်းပေးသည်ဟုဆိုကာ အနည်းငယ် ဖြေလျော့မှု ပြသလာခြင်းလည်း ဖြစ်သည်။
ထိုဖြေလျော့မှုသည် အဘက်ဘက်ကဆုံးရှုံးနေသည့် ၎င်းတို့အပေါ် ဖိအားလျော့ပါးစေရန် ကြိုးပမ်းမှုတခုဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
၎င်းက “ တကယ်အပူဒဏ်ကို ခံစားနေရတာ မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ စစ်ကောင်စီအုပ်စုဖြစ်ပါတယ်၊ သူတို့အနေနဲ့ စစ်ရေးရှုံးနိမ့်မှု၊ နိုင်ငံရေးထွက်ပေါက်ပိတ်ဆို့မှု၊ စီးပွားရေးပြိုလဲကျဆင်းမှု၊ စစ်တပ်အင်အား အရေအတွက် ဆုံးရှုံးကျဆင်းမှု အမြောက်အမြား ဖြစ်ပေါ်ပြီးတော့ နေရာတကာ အရှုံးကြီးရှုံးနေတဲ့ အခြေအနေမှာ သူတို့ရဲ့ အပူက ငယ်ထိပ်ကို ရောက်နေပြီ၊ မကြာခင် ပေါက်ကွဲတော့မယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ အပူဒဏ်ခံစားရမှုထက် မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ရဲ့ အပူဒဏ်က ပိုကြီးနေတဲ့အတွက် အဲဒါကိုဖြေလျော့ဖို့ ဆက်ထုံးကို စပြီး ဖြည်တယ်လို့ ယူဆပါတယ်” ဟု သုံးသပ်သည်။
လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ရှမ်းပြည်မြောက်ပိုင်းဒေသ၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် အဓိက ကုန်သွယ်ရေးလမ်းကြောင်းများ လက်လွတ်ထားရသည့်အပြင် တပ်ရင်းဌာနချုပ်များနှင့် မြို့များလည်း သိမ်းပိုက်ခံရကာ စစ်ရေးအရ အထိနာလျက်ရှိသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံတော်အကြီးအကဲများဖြစ်သည့်အပြင် အသက်အရွယ်အားဖြင့်လည်း ကြီးမြင့်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား အပူချိန်မြင့်မားမှုအကြောင်းပြကာ နေရာရွှေ့ပြောင်းခြင်းသည် အမှန်တကယ် လူသားချင်းစာနာမှုအရ မဟုတ်ဘဲ အဘက်ဘက်တွင် အကျပ်အတည်းကြုံတွေ့နေမှုအား တစုံတရာဖြေလျော့ရန် ကြိုးပမ်းလာခြင်းသာဖြစ်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူတဦးကလည်း သုံးသပ်သည်။
၎င်းက “ အခုမှ အပူရှိန်မြင့်မားတာကို အကြောင်းပြုပြီး သင့်လျော်တဲ့နေရာဌာနကို ရွှေ့ပြောင်းတယ်ဆိုတာ တကယ်တမ်းပြောရင် နိုင်ငံရေးအရ ရည်ရွယ်ချက်တခုခု၊ နိုင်ငံရေးမျှော်မှန်းချက်အရ ဆောင်ရွက်တယ်လို့ပဲ မြင်ပါတယ်။ ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအနေအထားနဲ့ ဆောင်ရွက်တာ မဟုတ်ဘူး” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် အသက်အရွယ်အားဖြင့် ကြီးမြင့်ပြီး ကျန်းမာရေးချို့ယွင်းမှုရှိသည့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး လူသားချင်းစာနာထောက်ထားမှုအရ ဆောင်ရွက်ခဲ့မည်ဆိုပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဝါရင့်ခေါင်းဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းကဲ့သို့ ဖမ်းဆီး ထောင်ချခံရသူ အများအပြား အသက်ဆုံးရှုံးရမည် မဟုတ်ဟုလည်း ၎င်းက ဆိုသည်။
အသက် ၇၉ နှစ်အရွယ် ဦးဉာဏ်ဝင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် အင်းစိန်ထောင်အတွင်းချုပ်နှောင်ခံထားရစဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီး အင်းစိန်ထောင်မှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့တွင် ကွယ်လွန်ခဲ့ရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ပြန်ထားရန် စစ်ကောင်စီ အစီအစဉ်ရှိ
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်အား အဂတိ ၅ မှုအတွက် ဒီဇင်ဘာ ၃၀ တွင် အမိန့်ချမည်
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့
ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား