ယနေ့ ဧပြီလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး မြဝတီမြို့ပေါ်ရှိ ပြည်သူများ ရှောင်တိမ်းကြရန် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ကရင်အမျိုးသားတပ်မတော် KNA အကြီးအကဲ ဗိုလ်မှူးကြီးစောချစ်သူကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ မြဝတီမြို့၌ တိုက်ပွဲ မဖြစ်ပွားရန် ကတိမပေးရဲဟု ပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် လက်လွှတ်ခဲ့ရသော မြဝတီမြို့ကို ပြန်လည်သိမ်းပိုက်ရန် မြေပြင်မှ စစ်ဆင်ရေးဝင်နေသော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ ကြားဖြတ်ဟန့်တားမှုကြောင့် ဒေါနတောင် အနောက်ဘက်ခြမ်းမှ မြဝတီသို့ မတက်လာနိုင်ပေ။
ထိုသို့စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။
ထို့ကြောင့် မြဝတီမြို့တွင်း စစ်မဖြစ်လာစေရန် လုံခြုံရေးယူထားပေသည်ဟု ဆိုနေသော ကရင်အမျိုးသားတပ် တဖြစ်လဲ ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအား မေးမြန်းရာ “ကျနော်တို့လည်း အတိအကျ ပြောလို့ မရဘူးလေ။ ကတိပေးလို့လည်း မရဘူး ။ အခုက လက်ရှိ နိုင်ငံရေးအခြေအနေက တနိုင်ငံလုံးပဲလေ။ မြဝတီတခုထဲတော့ မဟုတ်ဘူး “ဟု ဖြေဆိုသည်။
ထိုင်းနယ်စပ် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ကို KNLA နှင့်ပူးပေါင်းတပ်များက ဧပြီလ ၁၁ရက်တွင် သိမ်းပိုက်ပြီးနောက် မြဝတီမြို့ထဲသို့ တိုက်ပွဲမပြန့်ပွားစေရန်နှင့် မြို့လုံခြုံရေးအကြောင်းပြကာ မြို့တွင်း၌ KNA တပ်ဖွဲ့များ ကင်းလှည့်နေပြီး ထိုင်း-မြန်မာ နယ်ခြားဖြတ်ကျော် တံတားများအောက်တွင် နေရာယူထားကြသည်။
တချိန်တည်းတွင်ပင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် စစ်တပ်က တပ်ဆင်ထားသော လက်နက်ခဲယမ်းများကို ပြန်ပေးရန် KNA ခေါင်းဆောင် စောချစ်သူထံ ကိုယ်စားလှယ်လွှတ် တောင်းဆိုခဲ့ပြီး ပြန်မပေးလျှင် ရွှေကုက္ကိုလ်ကို ဗုံးကြဲမည်ဟု ခြိမ်းခြောက်ကြောင်း မာ့တီချွန်း ထိုင်းသတင်းဋ္ဌာနကလည်း ရေးသားဖော်ပြသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးစောချစ်သူက “တိုက်ပွဲ ဖြစ်တာက မဆန်းပါဘူး ။ ကျနော်တို့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံးဖြစ်နေတာပဲနော် “ဟု ပြောသည်။
မြဝတီမြို့အနီးရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ သင်္ဃန်းညီနောင်အခြေချ စစ်ဗျူဟာကို KNLA နှင့်ပူးပေါင်းတပ်များက ဧပြီ ၅ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့ရာ၌ အရာရှိ ၆၇ ဦး၊ တပ်သားများနှင့် မိသားစုဝင် ၆၁၅ ဦး လက်နက်ချခဲ့သည်။
နယ်စပ်အခြေစိုက် ကရင်သတင်းရင်းမြစ်များထံ ဧရာဝတီက စုံစမ်းမေးမြန်းချက်များအရ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချလာရန် ဗိုလ်မှူးကြီးစောချစ်သူက အဓိက ကြားဝင် ညှိနှိုင်းပေးခဲ့ပြီး လက်နက်ချခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရွှေကုက္ကိုလ်၌ ထိန်းသိမ်းပြီးနောက် စစ်ကောင်စီထံ ပြန်လွဲပေးလိုက်ပြီဟု သိရသည်။
မော်လမြိုင်သို့ စစ်သုံ့ပန်းများ လွဲပေးခဲ့ခြင်းနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးစောချစ်သူက ” အော် အဲဒါလား။ အဲဒါက ပြောဖို့ ဆိုဖို့က တာဝန်ရှိသူနဲ့ မေးမြန်းမှ အဆင်ပြေမယ်။ စစ်သုံ့ပန်းလို့လည်း ပြောလို့မရဘူးလေနော်။ ကျနော်တို့က အသက်ကို ကယ်ထုတ်တဲ့သဘောပဲ မှတ်ထားတာပေါ့နော်” ဟု ဧရာဝတီကို ပြန်ဖြေသည်။
မြဝတီမြို့အနီးရှိ သင်္ဃန်းညီနောင်ဗျူဟာနှင့် မြဝတီမြို့တပ်တို့ကို KNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း မြဝတီမြို့တွင်းသို့ ဝင်မလာပေ။
ခလရ ၂၇၅ တပ်မှ အမှတ် ၂ တံတားဘက် ထွက်ပြေးသွားသည့် တပ်မ ၄၄ တပ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ ခန့်အတွက် KNA က ထမင်းများပို့ပေးနေသည်ဟု ဒေသခံများကပြောဆိုနေပြီး ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ ။
မြဝတီ လုံခြုံရေးကို KNA က တာဝန်ယူထားသလို မြို့အုပ်ချုပ်ရေး ယန္တရားတချို့မှာလည်း ယူနီဖောင်း မဝတ်ထားတော့သည့် စစ်ကောင်စီလက်အောက်ခံများဖြင့် လည်ပတ်နေဆဲဟု မြို့ခံများက ပြောသည်။
“မြို့ပေါ်မှာတော့ အုပ်ချုပ်ရေး ယန္တရားကတော့ အရင်တိုင်းပဲ စကစ တုန်းကလိုပဲ ။ လဝက ကလည်း လဝက အလုပ်ကို ဆက်လုပ်နေတယ်။ စည်ပင်ကလည်း စည်ပင်အလုပ်ကို ဆက်လုပ်နေတယ်။ ပြည်ထဲရေးပေါ့ ရဲတွေလည်း သူ့အလုပ်သူလုပ်နေတယ်။ ထွေအုပ်လည်း အရင်တိုင်းလည်ပတ်နေတယ်။ ထူးခြားတာတစ်ခုပဲရှိတယ်။ ဘာထူးခြားလဲဆိုတော့ ဝန်ထမ်းတွေအကုန်လုံးက ယူနီဖောင်းလုံးဝမဝတ်တော့ဘူး။ အကုန်လုံး အရပ်ဝတ်တွေနဲ့ “ဟု မြဝတီမြို့ခံအမျိုးသားတဦးကပြောသည်။
You may also like these stories:
မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း
မြဝတီကို စစ်တပ်ပြန်လာနိုင်မလား
မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်
မြဝတီ တက်လာသည့် စစ်ကူယာဉ်တန်း KNLA ပူးပေါင်းတပ်များ တိုက်ခိုက်