မန္တလေးမြို့ အနောက်တောင်ဘက် ၂၃ မိုင်အကွာတွင်ရှိသော တံတားဦးလေတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။
ဧပြီ ၁၇ ရက် နံနက် ၂ နာရီခန့်က တံတားဦးလေတပ်စခန်းကို Freedom Revolution Force (FRF) အထူးတာဝန်တပ်ဖွဲ့ – ၁၊ Kyaukse Revolution Army (KRA) နှင့် စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းအဖွဲ့များက ၁၀၇ မမ ၁၀ လုံး၊ ၉၀ မမ ၅ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
FRF သတင်းပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ အဲဒီနားအထိရောက်အောင် အနီးကပ်ဝင်ပစ်ခဲ့တာမျိုးပေါ့။ ကျနော်တို့ရဲ့ အတွင်းသတင်းပေးတွေ ပြောတာကတော့ ဂိုထောင်ရယ်၊ လေယာဉ်ပြေးလမ်း ပျက်စီးမှုရှိတယ်လို့ သိရတယ်။ ပြီးတော့ ဂိုထောင်ထဲမှာရှိတဲ့ ဂျက်ဖိုက်တာ ၆ စီးလည်း ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ သိရတယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုအား ဧရာဝတီအနေဖြင့် အတည်ပြုနိုင်သော်လည်း ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်၍မူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဧပြီ ၁၇ ရက် နံနက်အစောပိုင်းတွင် တံတားဦးလေတပ်စခန်းအတွင်းမှ ပေါက်ကွဲသံများကြားရကြောင်း၊ ပစ်ခတ်တိုက်ခိုက် ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက တံတားဦးလေဆိပ်အနီးဝန်းကျင်သို့ လာရောက်ကာ ရှင်းလင်း ရေး လုပ်ဆောင်ခဲ့ကြောင်း အနီးဝန်းကျင်ရှိ နေထိုင်သူများက ဆိုသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ တံတားဦးလေဆိပ်ဘက်သို့ ပစ်ခတ်ရန် ချိန်ထားသော ရှော့တိုက် ဒုံး များကို ကျောက်ဆည်မြို့နယ် ရွာတော်ကျေးရွာတောင်ဘက်၊ ကျီးအိပ်ကျေးရွာအနောက်ဘက်တွင် ဧပြီ ၁၈ ရက် နံနက် ၈ နာရီခွဲအချိန်ခန့်က သိမ်းဆည်းရမိကြောင်း ရေးသားပြောဆိုထားသည်။
အဆိုပါ ပြောဆိုချက်နှင့် ပတ်သက်၍ FRF သတင်းပြန်ကြားရေးတာဝန်ခံက “သူတို့ သိမ်းဆည်းရမိတယ်ဆိုတဲ့ သတင်းက လည်း မှန်ပါတယ်။ ၆ လုံးက ထွက်မသွားတာ။ အဲဒီလို ထွက်မသွားတော့ နောက်နေ့မနက် သူတို့ ရှင်းလင်းရေးဝင်တဲ့အချိန် ၁၀၇ မမ ၆ လုံး ပါသွားတယ်။ ရှော့တိုက်ဖို့အတွက်ဆင်ပြီးမှ အဝေးထိန်းနဲ့ ပစ်တာမျိုးဆိုတော့ error ဖြစ်ပြီး ကျန်ခဲ့တာလို့ သုံးသပ်ရတာပေါ့။ သူတို့အပိုင်ထဲထိ ဝင်လုပ်ရတာမျိုးဆိုတော့ နောက်တခေါက်ပြန်ဝင်ဖို့ အဆင်မပြေတော့ ကျန်တာတွေ ပြန်မယူနိုင်ဘဲ ထားခဲ့ရတာမျိုးပါ။ လုံခြုံရေးအခြေအနေအရ ကျနော်တို့ရဲဘော်တွေ ထိခိုက်မှုမရှိအောင် ဦးစားပေးပြီးတော့ အလွတ်ပြန်ဆုတ်ခဲ့ကြတာ” ဟု ပြောသည်။
အဆိုပါဖြစ်စဉ်တွင် အတွင်းပိုင်းမှ ထိခိုက်ပျက်စီးမှုများကို အသေးစိတ် မသိရှိရသော်လည်း Run Way အပြင်သို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ A-5 နှင့် Yak-130 ကပ်လျက်ထားသော Hanger နှင့် အိမ်ထောင်သည်လိုင်းခန်းများကို ကျော်ကာ ကန္တာရတောအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းမျိုးရှိကြောင်း လေတပ် CDM အသိုင်းအဝိုင်းက ဆိုသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် လေတပ်စစ်သည်တဦးက “တိုက်ခိုက်ခံရတယ်ဆိုတာ မှန်တယ်။ အပျက်အစီးကိစ္စကို အသေးစိတ်တော့ မပြောဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ လက်ရှိအခြေအနေမှာတော့ အတွင်းထဲမှာ တော်တော်လေး တုန်လှုပ်နေကြတယ်ဆိုတာ အမှန်ပဲဗျ” ဟု ပြောသည်။
တံတားဦးလေတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်ကလည်း Brave Warriors for Myanmar (BWM) က ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
တံတားဦးလေတပ်စခန်းသည် မကွေးလေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်တွင်ရှိသော လေတပ်ဆွယ်တခုဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ စတင်ဝယ်ယူဖြည့်တင်းခဲ့သော ရုရှားလုပ် Yak-130 အမျိုးအစား တိုက်လေယာဉ်များ၏ အဓိကအခြေစိုက် စခန်း (Mother Unit ) ဖြစ်သလို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွက် အလွန်အရေးပါသော လေတပ်စခန်း တခုလည်း ဖြစ်သည်။
စစ်ကောင်စီ၏ လေတပ်တွင် Yak-130 တိုက်လေယာဉ်အမျိုးအစား ၁၈ စီးထိရှိပြီး ၁ စီး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ သန်းခန့်ရှိကြောင်း၊ Yak-130 တိုက်လေယာဉ်များကို နေပြည်တော်၊ မှော်ဘီ၊ တံတားဦးလေတပ်စခန်းများတွင် ထားရှိပြီး တံတားဦးလေတပ်စခန်း၌ Yak-130 ၆ စီး အပါအဝင် A-5 ဗုံးကြဲလေယာဉ်၊ JF-17 တိုက်လေယာဉ် စုစုပေါင်း ၁၂ စီးခန့် ရှိနိုင်ကြောင်း သိရသည်။
တံတားဦးလေဆိပ်သည် မြန်မာနိုင်ငံအထက်ပိုင်းတွင် အကြီးဆုံးသော အပြည်ပြည်ဆိုင်ရာလေဆိပ်တခုဖြစ်သော်လည်း မကွေးတိုင်းအတွင်းရှိ စစ်လက်နက်ပစ္စည်ထုတ်လုပ်ရေးတပ်များမှ လက်နက်ခဲယမ်းများ အလွယ်တကူပို့ဆောင်နိုင်ခြင်း၊ လေယာဉ်ဆီ အလွယ်တကူရရှိပြီး စိတ်ကြိုက်အသုံးပြုနိုင်ခြင်း၊ မန္တလေးတိုင်း၏ ရာသီဥတုအနေအထားအရ လေယာဉ် အတက်အဆင်း ပြုလုပ်ရန် ကောင်းမွန်သဖြင့် တံတားဦးလေတပ်စခန်းအား အခြေပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နိုင်ခြင်းတို့ကြောင့် စစ်တပ်က လေတပ်ဆွယ်အဖြစ်ပါ တွဲဖက်အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် တံတားဦးလေတပ်စခန်းသို့ ရှရှားမှ လေယာဉ်များ ဆင်းသက်ပြီး ပို့ဆောင်လာသော Yak-130၊ MiG-29 ကဲ့သို့သော လေယာဉ်များကို တံတားဦးလေတပ်စခန်း၌ပင် တပ်ဆင်ခြင်းများ ပြုလုပ်ကြောင်း၊ စစ်တပ်မှ ပြည်ပနိုင်ငံများသို့ ပညာတော် သင်စေလွှတ်မည့် ဗိုလ်ကြီးအဆင့်ရှိသူများကို ရှရှားနိုင်ငံ လေယာဉ်များဖြင့် ညနက်ပိုင်းအချိန်များတွင် လာရောက်ခေါ်ယူမှု များလည်းရှိကြောင်း CDM အသိုင်းအဝိုင်း၏ ပြောဆိုချက်များအရ သိရသည်။
လေတပ် CDM တပ်ကြပ်ကြီး နေဝင်းအောင်က “၂၀၀၂ က MiG-29 စဝယ်တယ်။ အဲဒီမှာ MiG-29 တွေကို မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာပဲ လာပို့တာ။ အခုနောက်ပိုင်းကျတော့ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်က ခရီးသည် လေယာဉ်တွေ အတက်အဆင်းများတော့ လေတပ်ရဲ့ စစ်ရေးလျှို့ဝှက်ချက်တွေအရ တံတားဦးကို ညနက်ပိုင်းအချိန်တွေမှာ ဆင်လာတာမျိုးတွေ ရှိတယ်။ အဲဒါကြောင့် တံတားဦးကို ထိထိရောက်ရောက်နဲ့ Run Way တွေကို ကောင်းကောင်းမွန်မွန် ပစ်ခတ်နိုင်တယ်၊ နှိမ်နင်းနိုင်တယ်ဆိုရင် တော်တော်များများ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ကို လက်လွှတ်ဆုံးရှုံးရမှာပဲ။ အခုတံတားဦးကို ပစ်ခတ်တိုက်ခိုက်နိုင်တယ်ဆိုတာ အရမ်းအားရဝမ်းသာစရာကောင်းပါတယ်” ဟု မှတ်ချက်ပြုထားသည်။
You may also like these stories:
နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
“ဒရုန်းတွေက ကျနော်တို့ လေတပ်ပဲ”
မင်္ဂလာဒုံလေဆိပ်ဝင်း တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တင်းကျပ်ထား