မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) သိမ်းထားသည့် ပြင်ဦးလွင်နှင့် ၁၀မိုင်ခန့်သာဝေးသည့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ် သရက်ကုန်းရွာ တပ်စခန်းပြန်ရရေး စစ်ကောင်စီက ကြိုးပမ်းနေရာ တိုက်ပွဲများ ပြင်းထန် နေကြောင်း သိရသည်။
ထိုစခန်းကို ဧပြီ ၁၅ ရက်က မန္တလေး PDF များမှ သိမ်းပိုက်ပြီးနောက် ပြင်ဦးလွင် တပ်မတော်နည်း ပညာတက္ကသိုလ် (DSTA)နှင့် ညောင်ကုန်းရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်က နေ့စဉ် လက်နက်ကြီးများနှင့် ပစ်နေရာ သရက်ကုန်းရွာနှင့် ဝန်းကျင်မှ အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။
ပြင်ဦးလွင်မြို့ခံတဦးက “မနေ့ညပိုင်း ၂ နာရီလောက်ကစပြီးတော့ လက်နက်ကြီးနဲ့ ပစ်တဲ့အသံတွေ ကြားရတာ၊ သရက် ကုန်းဘက်ကို ပစ်နေတာ၊ သရက်ကုန်းဆိုတာက နောင်ချိုမြို့အပိုင်ဆိုပေမယ့် သူက ပြင်ဦးလွင်နယ်အစပ်မှာ ရှိတာ။ သရက်ကုန်းရဲ့ ဒီဘက် ရွာတွေက ပြင်ဦးလွင်အပိုင်၊ ချောင်းသေးသေးလေးနဲ့ ခြားထားတာ၊ ပြောရမယ်ဆိုရင် BE Fall (ပွဲကောက်) ရေတံခွန်နဲ့ကပ်နေပြီ၊ လက်နက်ကြီးတွေနဲ့ ပစ်နေတော့ သရက်ကုန်းပတ်ချာလည်က နောင်ချို အပိုင် ရွာတွေ ရော၊ ပြင်ဦးလွင်အပိုင်ရွာတွေရော အကုန်ပြေးနေကြရတယ်” ဟု ပြောသည်။
ထို့အတူ ယနေ့တွင်လည်း သရက်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
MDY-PDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “စစ်ကောင်စီဘက်ကနေ သရက်ကုန်းကို ပြန်ရဖို့ ကြိုးစားနေ တာ လတ်တလော တိုက်ပွဲဖြစ်နေတယ်။ ပြီးခဲ့တဲ့ရက်တွေကလည်း လက်နက်ကြီးနဲ့ အဝေးကလှမ်းပစ်တာ ရွာတွေထဲ ကျ ပြီး အိမ်တွေ ပျက်စီးတာ ရှိပါတယ်။ ပြီးတော့ ဇာလီရွာမှာရှိတဲ့ ပြည်သူတဦးလည်း လက်နက်ကြီးမှန် သေဆုံးခဲ့တာ လည်း ရှိပါတယ်” ဟု ပြောသည်။
လက်နက်ကြီးကြောင့် နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သရက်ကုန်း၊ ခိုအံ့၊ ဆီဆုံ၊ သံဘို၊ အနောက်ကြူအင်း၊ သိမ်အင်း၊ နောင်သခေါ၊ ညောင်ကုန်း၊ ပင်လိန်သပြေရေ၊ စေတလုံး၊ ဆေးပလို့၊ ဇာလီ စသည့် ကျေးရွာ ၃၀ ကျော်မှာ ဘေးလွတ်ရာကျေးရွာများနှင့် ပြင်ဦးလွင်၊ နောင်ချိုမြို့များသို့ တိမ်းရှောင်နေရကြောင်း သိရ သည်။
ပင်လိန်သပြေရေရွာမှ စစ်ရှောင်တဦးက “ပြင်ဦးလွင်ဘက်နေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတော့ ရွာ မှာ ဆက်မနေရဲလို့ ပြင်ဦးလွင်ကို ရှောင်လာတာ တပတ်ရှိသွားပြီ။ အခုထိ ပစ်နေတုန်း ပြန်ဖို့ မစဉ်းစားရဲသေးဘူး၊ အရင်လို အေးအေးချမ်းချမ်းဖြစ်မှပဲ ပြန်တော့မယ်” ဟု ပြောသည်။
သရက်ကုန်းသည် နောင်ချိုမြို့နယ်၏ အစွန်ဆုံးရွာဖြစ်ပြီး ပြင်ဦးလွင်မြို့နှင့် ၁၀ မိုင်ခန့်သာဝေးကြောင်း၊ အင်အား ၆၀ နီးပါရှိ သရက်ကုန်းရွာ တပ်စခန်းကို ဧပြီ ၁၅ ရက် နံနက် ၅ နာရီ ဝန်းကျင်က စတင်တိုက်ခိုက်ရာ ညနေ ၄ နာရီကျော်၌ အပြီးသတ် သိမ်းပိုက်ခဲ့သည်ဟု ပြည်သူ့ ကာကွယ် ရေးတပ်မတော်-မန္တလေး (MDY-PDF) က သတင်းထုတ်ပြန်ထား သည်။
“ပြင်ဦးလွင်မြို့ပေါ်ကတော့ အေးအေးဆေးဆေးပါပဲ၊ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပါတယ်၊ အခုဖြစ်နေတာက မြို့နဲ့ အရမ်းကပ်နေပြီဆိုတော့ မြို့ပတ်ပတ်လည်မှာတော့ လုံခြုံရေးအပြည့်နဲ့ ကာရံထားတယ်၊ မိုးကြိုးပစ်ရွာဘက်မှာဆို အခိုင်အမာ ပြင်ဆင်ထားသလို မြို့ပတ်လမ်းနဲ့ နောင်ချိုဘက်လမ်းကြောတလျှောက်မှာလည်း စခန်းတွေ ရှိတယ်” ဟု မြို့ခံတဦးက ပြောသည်။
သရက်ကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးခဲ့ပြီး လက်နက်ငယ် ၄၀ ကျော်၊ ၆၀ မမ ၂ လက်၊ Drone Jammer ၁ ခု၊ လက်နက်ခဲယမ်းအမြောက်မြား သိမ်းဆည်းရမိခဲ့ကြောင်း MDY-PDF က ဓာတ်ပုံများ နှင့်တကွ ထုတ်ပြန်ထားသလို MDY-PDF ဘက်မှ ကျဆုံးမှုရှိခဲ့သည်ဟု ဆိုထားသော်လည်း အသေးစိတ်ကို ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။
သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းများတွင် တပ်စွဲလေ့ရှိသော စစ်တပ်သည် သရက်ကုန်းရွာ စေတီနှင့် စာသင်ကျောင်းပေါ်၌ အခိုင်အမာတပ်စွဲကာ ခံစစ်ပြင်ဆင်ထားသည်ဟုလည်း ဓာတ်ပုံများနှင့် တကွ ထုတ်ပြန်သည်။
MDY-PDF သည် ပြီးခဲ့သည့် ဧပြီ ၁၄ ရက်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်တချို့ ပြင်ဦးလွင် စစ်တက္ကသိုလ် ရောက်နေသည်ဆိုသော သတင်းကြောင့် ရှော့တိုက်ဒုံး အလုံး ၂၀ ဖြင့် စစ်တက္ကသိုလ် (DSA)ကို တိုက်ခိုက်ရာ စစ်တပ်က လက်နက်ကြီးများဖြင့် တုံ့ပြန်တိုက်ခိုက်သဖြင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ရှော့တိုက်ဒုံးများ တပ်ဆင်ပစ်ခတ်ခဲ့သည်ဟု ယူဆချက်ဖြင့် အနီးစခန်းကျေးရွာအနီးရှိ လယ်ပြောင်ပြန်၊ ရွာသစ်၊ နံကပ်ကျေးရွာများကို စီးနင်းကာ ဒေသခံများအား ကျေးရွာ အဝင်အထွက်များကို ပိတ်ဆို့ စစ်ဆေးခြင်းများ ယနေ့အချိန်ထိ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
ထို့အတူ ဧပြီလ ၈ ရက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေးတိုင်း ပကဖက ဦး ဆောင်ပြီး မန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်တက္ကသိုလ် (DSA) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။
လက်ရှိတွင် ပြင်ဦးလွင်မြို့၌ စစ်ကောင်စီက လူအင်အား၊ လက်နက်ခဲယမ်း ဖြည့်တင်းမှုများအပြင် ပြင်ဦးလွင်-နောင်ချို လမ်း၊ ပြင်ဦးလွင်-မိုးကုတ် လမ်းကြောပေါ် စစ်တပ်ကစခန်းငယ်များ ဖွင့်လှစ်၍ မြို့ပတ်လည်တွင်လည်း စစ်တပ်လုံခြုံ ရေးများ ရယူထားကြောင်း သိရ သည်။
You may also like these stories:
မြဝတီ အမှတ် ၂ တံတားမှာ တိုက်ပွဲပြင်းထန်နေ
တံတားဦးလေတပ် ရှော့တိုက်ဒုံးပစ်ခံရမှု ပျက်စီးမှု ရှိဟုဆို
နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ