စစ်ကိုင်းတိုင်းမှ တမူး၊ ကလေးမြောက်ပိုင်းနှင့် ချင်းပြည်နယ်ရှိ ရွာများကို စစ်တပ်စစ်ကြောင်းတို့က အိမ်များ မီးရှို့ဖျက်ဆီး နေသလို လေကြောင်းမှ ဗုံးကြဲသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိကြောင်း တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံများ ထံက သိရသည်။
တမူးမြို့နယ်မှ တော်လှန်ရေးတပ်များ သိမ်းထားသော ခါမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်နှင့် စော်ဘွားရေရှင်ရွာပေါ်သို့ တိုက်ပွဲ မဖြစ်ဘဲ တိုက်လေယာဉ်က ပေါင် ၅၀၀ဗုံးဖြင့် ယမန်နေ့ နံနက် ၂နာရီကျော်က ကြဲချရာ ကလေးတဦးနှင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ရသလို အိမ်များပျက်စီးသဖြင့် ဒေသခံများ စိုးရိမ်ထိပ်လန့်နေကြရာ တော်လှန်ရေး အင်အားစုများက အရေးပေါ်အခြေအနေအဖြစ် ကြေညာထားကြောင်း သိရသည်။
ကူညီကယ်ဆယ်နေသူတဦးက “ကလေးလေးက အမေ မုဆိုးမနဲ့အတူနေတာ၊ သူတို့တဲပေါ်ကို ဗုံးကျပြီးကွဲ တာမှာ သား အမိနှစ်ယောက်လုံးထိတာ၊ ကလေးက ဆေးခန်းပို့တဲ့အချိန် လမ်းမှာပဲ ဆုံးတယ်၊ အမေဖြစ်သူကတော့ ခြေထောက်ကျိုး သွားတယ်၊ အမျိုးသားတဦး သေဆုံးတာက အလောင်းက အကောင်းအတိုင်း မရှိဘဲ ပြတ်ထွက်သွားတယ်၊ အင်္ဂါမစုံတော့ ဘဲ တစစီလိုက်ကောက်ခဲ့ရတာ၊ ပြီးတော့ စော်ဘွားရေရှင်ဘက်မှာ တယောက် သေတယ်”ဟု ပြောသည်။
ခါမ်းပတ်မြို့သည် မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသလို ကလေး-တမူးလမ်း အာရှလမ်းမကြီး ပေါ်ရှိ ပြီး တမူးမြို့နယ် တော်လှန်ရေး အင်အားစုများက ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်က အပြီးသတ် သိမ်းပိုက်ထားသည်။
တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ခါမ်းပတ်မြို့က နယ်စပ်ကုန်သွယ်လမ်းကြောင်းမှာ မဟာဗျူဟာ ကျ နေတော့လည်း ပြန်လိုချင်တာပေါ့လေ၊ အဲဒါကြောင့်လည်း ပြန်ပြီးတော့ စစ်ကြောင်းထိုးတာတွေ၊ လေကြောင်းက အဆက် မပြတ် တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ယူဆတယ်၊ အဲဒီလိုတွေ လုပ်နေပေမယ့်လည်း အခုထိတော့ အကျအဆုံးတွေ နဲ့ပဲ ပြန်ဆုတ်နေရတာပါပဲ” ဟု ပြောသည်။
ယခုအခါ ခါမ်းပတ်မြို့အား အမျိုးသား ညီညွတ်ရေးအစိုး(NUG) က အရပ်ဘက်အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နိုင်ရန် ပြင်ဆင်နေကြောင်း၊ ဇန်နဝါရီ ၇ ရက်ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့နှင့်အနီး ကနန်ရွာရှိ ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသလို ကလေးငယ်များအပါအဝင် ပြည်သူ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကလေးမြို့ မြောက်ပိုင်းဒေသများအပြင် ထိစပ်နေသည့် ချင်းပြည်နယ်ဘက်မှ ရွာများကိုလည်း စစ်တပ်နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ အိမ်များ မီးရှို့နေရာ ဧပြီ ၅ ရက်မှ ဧပြီ ၂၁ ရက်အထိ ကျေးရွာ ၇ ရွာခန့်မှ နေအိမ်ပေါင်း ၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရသည်။
ကလေးမြို့နယ် မြောက်ပိုင်း ပျဉ်းခုံကြီးရွာမှ စစ်တပ်ကို တော်လှန်ရေးအဖွဲ့များက တိုက်သဖြင့် ဧပြီ ၁၉ နှင့် ၂၀ ရက်များတွင် ကလေးမြောက်ပိုင်းတကြော တိုက်ပွဲ ပြင်းထန်လာရာ ဧပြီလ ၂၁ ရက်တွင် ကလေးမြို့နယ် အနောက်မြောက်သို့ ဝင်လာ သည့် စစ်ကြောင်းက မိုင်နွဲကျေးရွာရှိ နေအိမ် အချို့ကို မီးရှို့ဖျက်ဆီးပြီးနောက် ယောက်ချိုကွင်းကျေးရွာသို့ ဒရုန်းဖြင့် ဗုံးသီး ချ တိုက်ခိုက်ခဲ့ကြောင်း၊ ယောက်ချိုကွင်းကျေးရွာ၌ တပ်စွဲထားကြောင်း သိရသည်။
စစ်ကောင်စီတပ်က ယမန်နေ့တွင် ကလေးမြို့နယ် ယောက်ချိုကွင်းကျေးရွာနှင့် ပြည်တော်သာကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး ချ တိုက်ခိုက်ခဲ့ရာ ယောက်ချိုကွင်းမှ အသက် ၆၇ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတဦး သေဆုံးခဲ့ရသလို ပြည်တော်သာ ရွာမှ အမျိုးသားတဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ဆည်ကြီး တံတား စစ်တပ်နဲ့ ပျူတွေ လက်ထဲ ပါသွားပြီးကတည်းက မီးတင်ရှို့နေတာ တရွာပြီး တရွာ ဆက်တိုက်ပါပဲ၊ နောက်ဆုံး ယောက်ချိုကွင်းကနေ မိုင်နွဲကို မီးတင်ရှို့ခဲ့တာထိ သိထားပါတယ်။ အသေးစိတ် အချက်အလက် မသိရသေး ပါဘူး၊ ဒေသခံတွေလည်း ဘေးလွတ်ရာကို ပြေးကြရတာပေါ့”ဟု စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောသည်။
ယင်းသို့ စစ်ကြောင်းထိုး မီးရှို့မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ဘေးရှောင်အရေအတွက်မှာ လက်ရှိ အချိန်ထိ ၃ သောင်းနီးပါးရှိနေပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကလေးမြို့စစ်ရှောင်များ ရေရှားပါးမှုနှင့် အပူဒဏ် ခံစားနေရ
ကလေး၌ တလအတွင်း အရပ်သား ၃၀ ကျော် သတ်ဖြတ်ခံရ
ကလေးတက္ကသိုလ်အနီး စစ်တပ်နှင့် PDF တို့ တိုက်ပွဲ ပြင်းထန်
ကလေး- တမူးလမ်းပေါ်ရှိ ခါမ်းပါတ်မြို့ကို PDF သိမ်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR