ထိုင်းနိုင်ငံ တက်ခ်ခရိုင် မဲဆောက်တဘက်ကမ်း အဓိက ကုန်သွယ်ရေးမြို့ မြဝတီတွင် လွန်ခဲ့သော ရက်သတ္တပတ်ကုန်က တိုက်ပွဲများ ပြင်းထန်လာစဉ် မြန်မာစစ်ကောင်စီနှင့် တော်လှန်တိုက်ခိုက်ရေးသမားများအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကြားဝင်ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံက အသင့်ရှိနေသည်။
မြန်မာပဋိပက္ခနှင့်ပတ်သက်သည့် ထိုင်းအစိုးရ၏ ရပ်တည်ချက်မှာ ငြိမ်းချမ်းစွာဖြေရှင်းရေးနှင့် လူသားချင်း စာနာမှု အကူအညီပေးရေးဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ်၏ အတွင်းရေးမှူးချုပ် ဒေါက်တာ ပရွန်မင် လတ်ဆူရီဒက် ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းက ဆိုသည်။
“ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍက အိမ်နီးချင်းနိုင်ငံမှာ ပဋိပက္ခပြေလည်ဖို့ တတ်နိုင်တာ အကုန်လုပ်ပေးဖို့ဖြစ်ပြီး အဲဒီလို အခန်းကဏ္ဍမျိုးကိုလည်း နိုင်ငံတကာ အသိုက်အဝန်းက မျှော်လင့်နေတယ်” ဟု ထိုင်းဝန်ကြီးချုပ် ဆရီထာ ထာဝီဆင် ကြားဝင်စေ့စပ်ပေးသူ အခန်းမှ ပါဝင်မည်လားဟု မေးသောအခါ သူပြောသည်။
မြန်မာစစ်ကောင်စီ သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဆွေးနွေးပွဲများတွင် ပါဝင်မည့် လက္ခဏာပြ မပြ မေးသောအခါ တိုက်ရိုက်တောင်းဆိုမှု မရှိသေးကြောင်း ဒေါက်တာ ပရွန်မင် ပြောသော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ငြိမ်းချမ်းစွာ ဖြေရှင်းရေး လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း သူပြောသည်။
ပရွန်မင်၏အဆိုအရ နယ်စပ်အခြေအနေကို အထူးလေ့လာသည့် ကော်မတီတခု ဖွဲ့စည်းပြီးနောက် ထိုင်း ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘဟစ်ဒါ နုကာရာသည် နယ်စပ်ကို ဝန်ကြီးချုပ်ကိုယ်စား စစ်ဆေးမည်ဟု သူပြောသည်။ ပန်ပရီသည် ထိုကော်မတီ ဥက္ကဌဖြစ်သည်။ ကော်မတီဝင်များတွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝင်များအပါအဝင် အဆင့်မြင့်အရာရှိများ ပါဝင်သည်။
ထိုင်းအစိုးရသည် မြန်မာမှ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များ ဝင်ရောက်လာခြင်းကို ကိုင်တွယ်ရန် ပြင်ဆင်ထားကြောင်း ဒေါက်တာ ပရွန်မင် ပြောပြီး လုပ်ငန်းစဉ်များ အသင့်ရှိက အခြေအနေက တောင်းဆိုသည့်အတိုင်း ပြင်ဆင်တိုးချဲ့ ဆောင်ရွက်မည်ဟုလည်း ဆက်လက်ပြောကြားသည်။ ထိုင်းအစိုးရ၏ သတိပေးချက်ဖြစ်သော ပဋိပက္ခများ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခြင်းကို လက်မခံကြောင်း သူ ထပ်လောင်းပြောသည်။
ထိုကော်မတီသည် အစိုးရအဖွဲ့ အပတ်စဉ်အစည်းအဝေး မကျင်းပမီ ယနေ့ အင်္ဂါနေ့တွင် အစည်းအဝေး ကျင်းပပြီး မွန်းလွဲပိုင်းတွင် တက်ခ်ခရိုင် မဲဆောက်ကို သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ပန်ပရီ ပြောသည်။
လက်ရှိ အစီအစဉ်သည် အခြေအနေကို ကောင်းစွာ ကိုင်တွယ်နိုင်သောကြောင့် ဒုက္ခသည်များအတွက် နောက်ထပ် ယာယီစခန်းဖွင့်ရန် မလိုအပ်သေးကြောင်း သူပြောသည်။
လွန်ခဲ့သော ရက်သတ္တပတ်ကုန်တွင် တိုက်ပွဲပြင်းထန်လာသောကြောင့် မြဝတီမှ မဲဆောက်သို့ ထွက်ပြေးလာသူ ၃၀၀၀ ခန့်ရှိကြောင်းနှင့် ၎င်းတို့အနက် ၂၀၀၀ ခန့် မြဝတီသို့ ပြန်သွားပြီးဖြစ်ကြောင်း သူပြောသည်။
မဲဆောက်တွင် ယာယီစခန်း ၂ ခုနှင့် အုန်းဖန်တွင် တခုဖွင့်ထားကြောင်း တက်ခ်မှ ကွပ်ကဲရေးဌာနပြောသည်။ တနင်္လာနေ့မွန်းတည့်ချိန်အထိ မဲဆောက်မှ ဒုက္ခသည်အရေအတွက် ၁၁၄၂ ဦးရှိကာ အန်ဖန်းတွင် ၇၇ ဦး ရှိသည်။
ပဋိပက္ခမြင့်မားလာပြီးနောက် အရေးပေါ်အခြေအနေကို ကိုင်တွယ်ရန် တက်ခ်ခရိုင်မှ ဆေးရုံ ၆ ခုတွင် ပြင်ဆင်ထားကြောင်း တနင်္လာနေ့တွင် မဲဆောက်သို့သွားရောက်ခဲ့သည့် ပြည်သူ့ကျန်းမာရေးဝန်ကြီး ချိုလနန် ဆရီကော ပြောသည်။
စနေနေ့ညတွင် လူ ၂၂ ဦးကို လက်ခံရပြီးနောက် မဲဆောက်ဆေးရုံတွင် အရေးပေါ်တုံ့ပြန်မှုစနစ် စတင်ခဲ့သည်ဟု သူပြောသည်။
ဒဏ်ရာရသူများအနက် ၄၁ ဦးကို ခွဲစိတ်ရန် လိုအပ်ပြီး ၎င်းတို့ဆေးရုံမှ ဆင်းသောအခါ လုံခြုံရေးဌာနများ၏ စောင့်ရှောက်မှုအောက်တွင် ထားမည်ဖြစ်ကြောင်း သူပြောသည်။
တချိန်တည်းတွင် အောက်လွှတ်တော် ကာကွယ်ရေးရာ ကော်မတီကလည်း တိုက်ပွဲကြောင့် ထိခိုက်သည့် ထိုင်း နိုင်ငံသားများကို ကူညီရန် ဆောင်ရွက်နေသည့် အစီအမံများကို ရှင်းလင်းတင်ပြရန် သက်ဆိုင်ရာအေဂျင်စီများကို ဖိတ်မည်ဟု ပြောသည်။
လွန်ခဲ့သော အပတ်က ထိုင်းနှင့်ပတ်သက်သည့် နိုင်ငံတကာပြဿနာများ အပတ်စဉ် ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများကို လူသားချင်းစာနာမှုအကူအညီ ထပ်မံပေးမပေး စဉ်းစားနေသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနပြောသည်။
တိုက်ပွဲကြောင့် ထိခိုက်သော မြန်မာနိုင်ငံသားများကို လူသားချင်းစာနာမှုပေးရေးကို ထိုင်းနိုင်ငံက အလေးထားကြောင်း ဝန်ကြီးဌာနပြောခွင့်ရသူ နီကွန်ဒက်ဘာလန်ကူရာပြောသည်။ လက်ရှိအကျပ်အတည်းအတွင်း နယ်စပ်တလျှောက်တွင် လုပ်ကိုင်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး လူသားချင်းစာနာမှု အကူအညီ တိုးမြှင့်ပေးရန် နည်းလမ်းများကို ထိုင်းအစိုးရက ရှာဖွေနေကြောင်းလည်း သူပြောသည်။
ကိုးကား။ ။ Bangkok Post သတင်း Thais make peace broker offer to Myanmar junta, rebels in Myawaddy
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို အပြည့်အဝ လွှတ်ပေးရန် ထိုင်းတိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ထောင်မှာပဲ ဆက်ရှိနေဟု ဆို
ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် နေအိမ်အကျယ်ချုပ်သို့ ပြောင်းသနည်း
မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်
အားလုံးက BGF ကို စောင့်ကြည့်နေကြသည်