စစ်ကောင်စီတပ်နှင့် ကရင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေသည့် မြဝတီမြို့အဝင်ရှိ ခလရ ၂၇၅ တပ်တွင်းသို့ စစ်ကောင်စီတပ်က ပြန်လည်နေရာယူလိုက်သည်။
အဆိုပါ တပ်စခန်းနေရာ၌ နေရာယူထားသည့် ကရင် တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ခွာပေးလိုက်ပြီးနောက် ကရင်နယ်ခြားစောင့်တပ် BGF တဖြစ်လဲ ကရင်အမျိုးသားတပ် KNA ၏ အကူအညီဖြင့် စစ်ကောင်စီဘက်က ပြန်လည်နေရာယူလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင်လည်း ခလရ ၂၇၅ တပ်၌ လွှင့်တင်ထားသည့် KNU အလံကိုဖြုတ်ချပြီး ခေါင်းတွင် ပတ်တီးစည်းထားသော စစ်သားတဦးက မြန်မာနိုင်ငံအလံ ပြန်လွှင့်တင်သည့် ဗီဒီယိုဖိုင်ကို ယနေ့ နေ့လည်ပိုင်းက တင်ထားသည်။
ထိုအဖြစ်အပျက်မတိုင်မီ ယနေ့နံနက် အစောပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြဝတီမြို့တွင်းရောက်ရှိနေရာယူထားကြောင်းနှင့် BGF/KNA များနှင့် ပူးပေါင်း၍ ကင်းလှည့်မှုများ ရှိနေသည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ခလရ ၂၇၅ တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ဧပြီလ ၈ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ဧပြီလ ၁၁ ရက် မနက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများအားသိမ်းဆည်းရမိခဲ့သည်။
ထို့နောက် ခလရ ၂၇၅ ရှိ စစ်သားများသည် ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတားအနီး ဆုတ်ခွာထွက်ပြေးသွားပြီး တပ်စွဲကာ ဆက်လက်ခုခံကြသည်။ ထွက်ပြေးသွားသော တပ်မ ၄၄ တပ်မှူးအပါအဝင် စစ်ကောင်စီတပ်များနှင့် ကရင်တော်လှန်ရေး ပူးပေါင်းတပ်များ ဧပြီ ၂၀ ရက်၌ တနေကုန်ပြင်းတိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုင်းဘက်သို့ စစ်ရှောင်ဒုက္ခသည် ရာပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ကြရပြီး အချို့မှာ ၂ ဘက် ပစ်ခတ်မှုကြား ပစ်ခတ်ခံရပြီး သေဆုံးမှု ရှိသည်။ မြန်မာလေတပ်ကလည်း အမှတ် ၂ တံတားအနီးခုခံနေသူများကို ပစ်ကူပေးရာ အနီးရှိ အရပ်သားနေအိမ်များ ထိခိုက်ပျက်ဆီးမှုများ ရှိခဲ့သည်။
ထိုင်းဘက်သို့ စစ်ရှောင်ဒုက္ခသည် ရာပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ကြရပြီး အချို့မှာ ၂ ဘက် ပစ်ခတ်မှုကြား ပစ်ခတ်ခံရပြီး သေဆုံးမှု ရှိသည်။ မြန်မာလေတပ်ကလည်း အမှတ် ၂ တံတားအနီး ခုခံနေသူများကို ပစ်ကူပေးရာ အရပ်သားနေအိမ်များ ထိခိုက်ပျက်ဆီးမှုများ ရှိခဲ့သည်။
ယင်းနောက် ကရင်တော်လှန်ရေး ပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ KNLA သတင်းရင်းမြစ်များအဆို စစ်ရေးအရ ဒေါနတောင်တန်းပေါ် ဖြန့်ကျက်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုးလာနေမှုကို ဟန့်တားရန် ပိုမိုအရေးကြီးနေသောကြောင့် ခလရ ၂၇၅ စခန်းအား လက်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ပူးပေါင်းတပ်များ ဆုတ်ခွာပေးလိုက်သော်လည်း တိုက်ပွဲများလည်း အချိန်မရွေးဖြစ်လာနိုင်သေးသည်။
ကရင်တော်လှန်ရေး ပူးပေါင်း စစ်ကြောင်းများကို ထောက်ပို့နေသူတဦးက “စစ်ကြောင်းတွေဘက်က ဘာမှမပြောကြဘူး။ သူတို့ကလည်း အမိန့်တိုင်းပဲ သွားနေရတာကိုး။ တိုက်ပွဲကတော့ သူတို့လူကြီးပိုင်းတွေ ညှိနေကြလို့ ရပ်ထားတာပဲ။ အချိန်မရွေးပြန်ဖြစ်နိုင်တယ် “ဟု ပြောသည်။
စစ်ကောင်စီတပ်များ ခလရ ၂၇၅ တပ်တွင်း၌ ပြန်လည်နေရာယူလိုက်သည့်အခြေအနေနှင့်ပတ်သက်ပြီး BGF ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်ကို ဆက်သွယ်မေးမြန်းထားသော်လည်း လတ်တလော ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
You may also like these stories:
မြဝတီ အမှတ် ၂ တံတားအနီးမှ ကရင်ပူးပေါင်းတပ်များ ပြန်ဆုတ်ခွာ
ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်
မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော
အားလုံးက BGF ကို စောင့်ကြည့်နေကြသည်
မြဝတီတိုက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း