တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှစပြီး အင်အား ၃၀၀ ခန့်ဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲကြောင်း သိရသည်။
ကော့ဘိန်းကျေးရွာ တိုက်ပွဲများအတွင်း ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကော့ဘိန်းကို ပေးလိုက်ရပါပြီ။ ခုလက်ရှိတော့ စစ်ကောင်စီက ကော့ဘိန်းထဲ နေရာဝင်ယူနေတယ်” ဟု ဧရာဝတီကို အတည်ပြုသည်။
ဧပြီ ၂၄ ရက် ညနေပိုင်းက ကော့ဘိန်းကျေးရွာမှ ၄ မိုင်သာဝေးသည့် ကော့ပေါက်ကျေးရွာနှင့်အနီးနားရှိ ချောင်းဝကျေးရွာ သို့ စစ်ကောင်စီတပ် အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်လာသောကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဂျိုင်းမြစ် အတွင်းရှိ စစ်သင်္ဘောများနှင့် လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရ ကြောင်း သိရသည်။
မွန်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကလည်း “အဓိကကတော့ ခုခံနိုင်ဖို့က လက်နက်ခဲယမ်း ကွာခြားမှုကလည်း ကြီးတယ်။ အင်အားကလည်းများတယ်။ ကျနော်တို့ မတောင့်ခံနိုင်ဘူး။ ကျနော်တို့ အဲဒီလောက်ထိပဲ ပြောလို့ရပါတယ်” ဟု ပြောသည်။
တော်လှန်ရေးတပ်များ ဆုတ်ခွာသွားပြီးနောက် ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်သင်္ဘာ နှစ်စင်းဖြင့် ကော့ဘိန်းကျေးရွာ အနောက်ဘက်ရှိ ချောင်းဝဘုရားလှေဆိပ်မှတဆင့် ကော့ဘိန်းကျေးရွာသို့ ဝင်ရောက် တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချောင်းဝလှေဆိပ်အနီး နေထိုင်သည့် ဒေသခံတဦးကလည်း “မနက်အစောပိုင်းက ဝင်လာတာ။ ပစ်သံကြားမှပဲ ဝင်လာပြီ မှန်း ကျနော်တို့လည်းသိတယ်။ သိသိချင်းပဲ ဆိုင်ကယ်နဲ့ မိသားစုတွေ အသက်လုပြေးတာ။ အင်္ကျီတထည်တောင် ဝတ်ထားလို့ ပါလာတာ။ အိမ်တံခါးတောင် မပိတ်ခဲ့နိုင်ဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကော့ဘိန်းကျေးရွာရှိ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတဦး ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတဦးက “ရင်ဘတ်ကနေထိပြီး ကျောကို ဖောက်ထွက်သွားတာ။ ပွဲချင်းပြီးသေတာတော့ မဟုတ်ဘူး။ သူက လမ်းသွားရင်းနဲ့ထိတာ။ အိမ်ကို ပြန်ခေါ်လာသေးတယ်။ အိမ်ရောက်မှ ဆုံးသွားတာ” ဟု ဆိုသည်။
လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်နေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကော့ဘိန်းကျေးရွာထဲ နေရာယူထားပြီး ပြည်သူများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကာ အရေအတွက်ကိုမူ မသိရသေးကြောင်း၊ ကော့ဘိန်းမှ ၉ မိုင်ခန့် ကွာသည့် ပိုင်ရပ်ကျေးရွာသို့ တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားသည်ဟု ယူဆသောကြောင့် စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်း ကော့ဘိန်းဒေသခံတဦးက ပြောသည်။
ကော့ဘိန်းကျေးရွာသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ရှိရာ မော်လမြိုင်နှင့် မိုင် ၂၀ ကျော်သာ ကွာဝေးပြီး ကျိုက်မရော-မော်လမြိုင်-ကော့ကရိတ်မြို့များသို့ သွားလာရာလမ်းကြောင်းများရှိကာ ဂျိုင်းမြစ်ကမ်းဘေး တည်ရှိသော ကြောင့် စစ်ကောင်စီအတွက် လမ်းပမ်းဆက်သွယ်ရေး အချက်အချာကျသော နေရာတခုဖြစ်သည်။
မတ် ၂၅ ရက်တွင် ကော့ဘိန်းရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် မတ် ၂၆ ရက်မှစတင်ကာ စစ်ကောင်စီသည် ကော့ဘိန်းကျေးရွာကို ပြန်လည်ရရှိရန် ကော့ဘိန်းနှင့် အနီးတဝိုက်ရှိ ကျေးရွာများ၌ အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ကော့ဘိန်းကျေးရွာမှ ၂ မိုင်ခန့်သာ ကွာဝေးသော ကော့သပ်ကျေးရွာတွင် အင်အား ၁၀၀ ခန့်၊ ၇ မိုင်ကွာဝေးသော တရာနာ အပါအဝင် သံကလောင် ကျေးရွာများတွင် အင်အားရာချီ ဖြည့်တင်းထားပြီး ကော့စွယ်၊ ခရုံဂူ၊ ကော့မိကျေးရွာများ၌လည်း အင်အားဖြည့်တင်းမှုများရှိကာ စစ်ရေးတင်းမာနေခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
“အဓိက ဖြည့်တာကတော့ တရနာ၊ ကော့သပ်၊ ဓမ္မသ၊ သံကလောင်ပဲ၊ ကျန်တဲ့ရွာတွေကတော့ အင်အား ၃၀ လောက်နဲ့ စစ်ကြောင်း လိုက်ဝင်တာလောက်ပဲရှိတယ်။ အထိုင်မချဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
စစ်ကောင်စီ၏ ရေကြောင်းမှ တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၃၀၀ ကျော် ပျက်စီးခဲ့သော ဓမ္မသကျေးရွာသို့ ဧပြီ ၂၁ ရက်တွင် တရနာနှင့် သံကလောင်ကျေးရွာ၌ အင်အားဖြည့်တင်းထားသော စစ်ကောင်စီ အင်အား ၁၀၀ နီးပါးအပြင် သံချပ်ကာကား ၂ စီးနှင့် စစ်ကြောင်းထိုးခဲ့သောကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး သံချပ်ကာကား ၁ စီး ပျက်စီးခဲ့ကာ ပူးပေါင်းတပ်များ ဘက်မှလည်း ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓမ္မသကျေးရွာတွင် တပ်စွဲခဲ့ကြပြီး ကော့ဘိန်းကျေးရွာအနီးသို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သောကြောင့် ပြည်သူထိခိုက်၊ သေဆုံးမှုများ ရှိခဲ့ကြောင်း၊ သံကလောင်ကျေးရွာတွင်လည်း ဧပြီ ၁၉ ရက်၌ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းရော၊ ရေကြောင်းများမှပါ တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ကော့ဘိန်း၊ ကော့သပ်၊ ကော့ပေါက်၊ တရနာ၊ ဓမ္မသ၊ ကော့စွယ်၊ သံကလောင်နှင့် ကော့ပလိုင်ကျေးရွာများမှ ပြည်သူ ၁ သောင်းကျော် တိမ်းရှောင်နေရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကော့ပလိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်းပျက်စီးကာ အသက် ၇၀ နှစ်အရွယ် စစ်ရှောင် ၁ ဦး၊ ကော့မိကျေးရွာမှ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ရှောင်များသည် မော်လမြိုင်၊ ကျိုက်မရောမြို့ပေါ်၊ ဘားအံ၊ ချောင်းဆုံ စသည့် နေရာများတွင် တိမ်းရှောင်နေသလို လိုဏ်ဂူများ၌လည်း သွားရောက်တိမ်းရှောင်နေကြရသူများရှိကြောင်း၊ စစ်ရှောင်အရေအတွက် များပြားသောကြောင့် အခက်အခဲများရှိကြောင်း နိုင်မွန်စိုင်းက ဆိုသည်။
၎င်းက “တချို့ ဘုန်းကြီးကျောင်းတွေမှာဆို လူတော်တော်များနေတယ်။ နွေဘက်ရောက်ပြီဆိုတော့ ရေတွေခမ်းလာတယ်။ ရေအခက်အခဲရှိတယ်။ အိမ်သာအခက်အခဲတွေရှိတယ်” ဟု ပြောသည်။
ကော့ဘိန်းရဲစခန်းသိမ်းတိုက်ပွဲတွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၃ ပျံလွှားတပ်ဖွဲ့၊ Lion Battalion Commando-ဗျူဟာစစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ အာဏာရှင်ဆန့်ကျင်ရေး (NMSP-AD) နှင့် ဒရုန်းတပ်ဖွဲ့များဖြစ်ကြသော ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း၆ ဒရုန်းတပ်ဖွဲ့၊ ဂဠုန်စစ်ကြောင်း လက်အောက်ခံ G-2 နှင့် G3တပ်ဖွဲ့၊ Fix Wings၊ Saw Dragon Drone Force (SDDF)၊၊ Alphabet Fix Wings တို့ ပါဝင်ခဲ့ပြီး တလခန့်အကြာ၌ စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက် တပ်စွဲနေခြင်း ဖြစ်သည်။
You may also like these stories:
ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို
အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတိုက်ခံရပြီးနောက် မော်လမြိုင်၌ ပိုမိုစစ်ဆေးလာ
စစ်တပ် တပ်စွဲထားသော ကျိုက်မရော ကော့သပ်ရွာ၌ အိမ်များ ဖောက်ထွင်းခံနေရ