ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ၂၈ မိုင်ခန့် ကွာဝေးသည့် ဝမ္မသူးဆေးရုံကို စစ်ကောင်စီမှ ယမန်နေ့ညက လေကြောင်းမှ တိုက်ခိုက်ရာ တက်ရောက်နေသည့် လူနာ ၄ဦး သေဆုံးပြီး ၁၅ဦး ဒဏ်ရာ ပြင်းထန်စွာရပြီး ဆေးရုံအဆောက်အအုံတခုလုံး မီးလောင်ပျက်စီးခဲ့သည်။
ယင်း ဝမ္မသူးဆေးရုံသည် မြို့ပေါင်း ၁၁ မြို့မှ ပြည်သူများ ကျန်းမာရေးအတွက် အားထားနေရသော ကုတင် ၇၀ ဆံ့ ဆေးရုံဖြစ်ပြီး ပေါင် ၅၀၀ ဗုံး အပါအဝင် ဗုံး ၈ လုံးခန့်ဖြင့် ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
အပေါ်ဆေးရုံနှင့် အောက်ဆေးရုံဟူ၍ ၂ ဆောင်ရှိပြီး ပထမအကြိမ် တိုက်ခိုက်ခံရမှု၌ လူနာများထားရှိရာ အပေါ်ဆေးရုံသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆောက်အအုံ ပြိုကျပျက်စီးကာ အသက် ၂၀ မှ ၃၀ နှစ်အတွင်း အမျိုးသား ၄ ဦး သေဆုံး ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က “ပွဲချင်းပြီးသေတာတော့ ၂ ဦး။ အပျက်အစီး တွေ ကြားထဲကနေ အလောင်းကို ညချင်း မနည်းပြန်ဆွဲထုတ်ခဲ့ရတယ်။ ဗိုက်ထဲကို သစ်ချောင်းတွေ ဖောက်ဝင်သွားတာ။ ခြေလက်တွေ ပြတ်သွားတာ ရှိတယ်။ မျက်စိကန်းသွားတာတွေ ရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
အောက်ဆေးရုံမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ နီးပါးက တည်ဆောက်ခဲ့သော တိုက်နယ်ဆေးရုံအဟောင်းဖြစ်ပြီး အပေါ် ဆေးရုံနှင့် ၁၅ မီတာမျှကွာဝေးကာ ယင်းအဆောက်အအုံတွင် ဆေးဝါးများ၊ ဓာတ်ဆီ၊ ဒီဇယ်နှင့် ကုတင်များ ထားရှိပြီး လူနာစောင့်များ ချက်ပြုတ်စားသောက်သည့် အဆောင်အဖြစ် ထားရှိကြောင်း သိရသည်။
ပထမအကြိမ် ဗုံးကြဲအပြီး ၁၀ မိနစ်ခန့်တွင် စစ်ကောင်စီက ဒုတိယအကြိမ် ဗုံး ၄ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သော ကြောင့် အောက်ဆေးရုံတခုလုံး ပျက်စီးသွားကာ ဆေးဝါးများလည်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ ဆေးရုံဝန်ထမ်းများ နေထိုင်ရာ အဆောက်အအုံ၊ အသုံးပြုသည့် ဆိုင်ကယ်များ ပျက်စီးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် CDF မင်းတပ်၏ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ ဌာနမှူး ကိုဇလပ်သွေးက ပြောသည်။
သေဆုံးခဲ့သူ ၄ ဦးအနက် ၂ ဦးမှာ နေရာ၌ပင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျန် ၂ ဦးမှာမူ ကျန်းမာရေးဝန်ထမ်းများ ဘေးလွတ်ရာ ပုန်းအောင်းနေကြရသည့်အပြင် ဆေးဝါးများမှာလည်း မီးလောင်ပျက်စီးခဲ့ သောကြောင့် အချိန်မီ ဆေးကုသမှုမပေးနိုင်ဘဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုယောမန်က “ဆရာဝန်တွေရော၊ သူနာပြုတွေရော ပြေးရတော့ ဆေးကလည်းတခြား၊ ဆရာဝန်တွေတခြား၊ ပြီးတော့ ဒဏ်ရာရတဲ့သူတွေအကုန်လုံးကို ညတွင်းချင်းပဲ ဘေးလွတ်တဲ့အထိကို ကယ်ရပြုရနဲ့ အကုန်လုံး ဖရိုဖရဲဖြစ်နေတော့ ဆရာဝန်တွေကို ညတွင်းချင်း ပြန်ချိတ်ဆက်ရတယ်။ ဆရာမတွေ ပြန်ရှာရတယ်။ ဆေးဝါးတွေ ပြန်ရှာရတယ်ဆိုတော့ ဒဏ်ရာရထားတဲ့ထဲက ၂ယောက်တော့ ဆုံးသွားတယ်” ဟု ပြောသည်။
ဝမ္မသူးဆေးရုံသည် မင်းတပ်မြို့မှ ပြည်သူများသာမက မတူပီ၊ ကန်ပက်လက်၊ လောင်းရှည်၊ ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါ၊ ပုလဲ၊ ယင်းမာပင်၊ ဆိပ်ဖြူ၊ ပေါက် စသည့် ဒေသများမှ ပြည်သူများပါ အားထားရပြီး ဦးနှောက်ခွဲစိတ်မှုမှလွဲ၍ တခြားသော ခွဲစိတ်မှုများ ပြုလုပ်နိုင်သော ဆေးရုံတခုဖြစ်ကြောင်း သိရသည်။
“ကိုယ်ဝန်ဆောင်တွေရော၊ ကလေးတွေရော တခြားဗိုက်ခွဲတာ၊ အူအတက်ပေါက်တာကအစ ရာသီဖျားနာ၊ အရိုးဆက်တာ အကုန်လုံးရတယ်။ ဦးနှောက်ခွဲတာနဲ့ ခြေတုလက်တုတပ်တာတွေလောက်ပဲ အိန္ဒိယကိုလွှဲပေးရတာ” ဟု ကိုယောမန်က ပြောသည်။
စစ်ကောင်စီက ဝမ္မသူးဆေးရုံကိုသာမက မင်းတပ်တိုက်နယ် (၁) ရှိ ကျေးရွာများကိုလည်း ယမန်နေ့ ညနေ ၅ နာရီ ဝန်းကျင်တွင် Y12 ထောက်ပို့လေယာဉ်အသုံးပြုကာ ဗုံးအလုံးပေါင်း ၆၀ နီးပါးဖြင့် တိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတဦးက “တောင်ယာခင်းတွေထဲပဲ ကျတာများတယ်။ ရပ်ထဲရွာထဲ မကျဘူး။ ထိခိုက်ဒဏ်ရာရတာ မရှိဘူး” ဟု ဆိုသည်။
အဆိုပါ ဆေးရုံကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ဖေဖော်ဝါရီလကလည်း စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့သလို ၂၀၂၃ မှ ယခုနှစ်အထိလည်း မင်းတပ်မြို့ပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ ၂၇၄ က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေကြောင်း သိရသည်။
ကိုယောမန်က “မင်းတပ်မြို့နယ်ထဲကို ဗုံးကြဲပြီးရင် သူတို့က ဟောင်ဝစ်ဇာနဲ့ ဝမ္မသူးဆေးရုံထဲကို ပစ်တယ်။ ဘာလို့ဆို လူနာတွေက အဲဒီဆေးရုံကို သွားကြမှာဆိုတော့ မကြာခဏပစ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်း စစ်တပ်က မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ထားပြီး ၆ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် ပြည်သူတဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်း၊ ဘုရားကျောင်းနှင့် ပြည်သူ့နေအိမ်များ ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စာရင်းကောက်ယူပြုစုနေသော ချင်းအရပ်ဘက်အဖွဲ့အစည်းတခုဖြစ်သည့် (Institue of Chin Affairs) ၏ အချက်အလက်များအရ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၄ ဖေဖော်ဝါရီအတွင်း ချင်းပြည်နယ်ရှိ တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ပြည်သူ ၁ သိန်းကျော်ရှိပြီး ၆ သောင်းခန့်မှာ အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းက ကယားပြည်နယ် ဖယ်ခုံအနောက်ဖက်ရှိ လအိကျေးရွာမှ တိုက်နယ်ဆေးရုံနှင့် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်ကြီးထောင့်ဆေးရုံ၊ ဖေဖေါ်ဝါရီလတွင် ရခိုင်ပြည်နယ် မင်းပြားမြို့ မင်းဖူးအရပ်ဖက်ဆေးရုံ၊ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလက စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုကုန်းရွာ ဆေးရုံ၊ မတ်လအတွင်းက ကယားပြည်နယ် ဒေါတမကြီး ဆေးရုံ၊ဧပြီလက ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်းဖွေး ပြည်သူ့ဆေးရုံ၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလက ဗန်းမောက်မြို့နယ် ကြောင်လည်နှင့် မံယူးကြီး ရွာရှိဆေးရုံ ၂ ရုံ စသည်တို့ကို ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ်များ ဖြစ်ခဲ့သည်။
You may also like these stories:
မင်းတပ် CDF အဖွဲ့များကြား သဘောကွဲလွဲမှုများ ဖြေရှင်း၍ စစ်ရေးတိုးချဲ့မည်
မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား
မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီ သုံးရက်ဆက်တိုက် ဗုံးကြဲ