အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်နေသည့် နွေရာသီတွင် မြန်မာနိုင်ငံ အကျဉ်းထောင်တချို့တွင် သောက်သုံးရေ မလုံလောက်မှုသာမက ချိုးရေ အခက်အခဲကြောင့် အကျဉ်းသားများတွင် အပူကန်ခြင်း၊ အရေပြားယားနာများနှင့် အပူနာများဖြစ်ပွားနေကြောင်း ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။
ထိုသို့သော ရေအခက်အခဲကို အပူချိန်မြင့်မားသည့် အထက်မြန်မာပြည်ရှိ မုံရွာထောင်၊ မြင်းခြံထောင်၊ နေပြည်တော် ထောင်၊ မိတ္ထီလာထောင်၊ ရမည်းသင်းထောင်၊ သရက်ထောင် အပါအဝင် မွန်ပြည်နယ် ကျိုက်မရောထောင်များတွင် ဆိုးရွားစွာ ကြုံနေရသည်ဟု ဆိုသည်။
“ကျိုက်မရောထောင်မှာဆို သောက်ရေဆိုရင် အပြင်ကမှာလို့ ပြောတယ်။ သူတို့ပေးတဲ့ ရေကလည်း ကျန်းမာရေးနဲ့ မလျော်ညီတဲ့ရေတွေ၊ အဲဒါမှမသောက်နိုင်ရင် အပြင်က မှာခိုင်းတယ်။ ချိုးရေကလည်း ဘဲမွေးထားတဲ့ ဘဲကန်ကနေ ရေတွေ ပေးတယ်။ ညစ်ပတ်နေတာပဲ။ အဲဒါကို ဘယ်လိုသွားချိုးရမလဲ။ ကျိုက်မရောထောင်မှာက ရေပြဿနာ တော်တော်တက်တယ်” ဟု ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
ယခုကဲ့သို့ အပူချိန်မြင့်မားပြင်းထန်နေချိန်တွင် ထောင်အာဏာပိုင်များအနေဖြင့် ချိုးရေအပါအဝင် သောက်သုံးရေများကို အပြည့်အဝမပေးဘဲ အကြောင်းအမျိုးမျိုးပြကာ လျှော့ချနေသည်ဟု ဆိုသည်
“ထောင်အသီးသီးမှာက ယားနာ ၊ ဝဲနဲ့ပတ်သက်လို့ လိမ်းဆေးလည်းမရှိဘူး။ ဂျပိုးကိုက်တာတို့ သန်းကြီးမကိုက်တာတို့က ရှိသေးတယ်။ လေဝင်လေထွက်ကလည်း ကောင်းတာမဟုတ်ဘူး။ အကျဉ်းသားတော်တော်များများကတော့ မရှုမလှပဲ” ဟု ၎င်းက ဆက်ပြောသည်။
ကျိုက်မရောဗဟိုထောင်၌ နိုင်ငံရေးအကျဉ်းသားများအပါအဝင် ပုဒ်မအမျိုးမျိုးဖြင့် ကျခံနေသည့်သူ ၁၅၀၀ခန့်ရှိပြီး အကျဉ်း သားများက သန့်ရှင်းသည့်ရေ အပြည်အ၀ပေးရန် တောင်းဆိုသော် လည်း ထောင်အာဏာပိုင်များက ဆောင်ရွက်ပေး ခြင်း မရှိ ငွေကြေးတတ်နိုင်သူများက ထောင်တွင်း သက်သာဆိုင်များမှ ရေသန့်ဝယ်ယူသောက်သုံးခြင်းများရှိကြောင်း သိရ သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက “အကျဉ်းထောင်တွေထဲမှာ အဝီစိတွင်း တွေ၊ သောက်သုံးရေ သောက်ရတဲ့နေရာတွေ လုပ်ထားတယ်။ နွေရာသီမှာဆိုရင်တော့ တခြားရာသီတွေကလို မချိုးရတော့ ဘူး။ ရေချိုးတဲ့နေရာတွေမှာ စောင့်ကြပ်နေတဲ့လူတွေအပေါ်လည်း မူတည်တယ်။ တနေ့ ၂ကြိမ်ပဲ ချိုးဖို့၊ ချိုးတဲ့အခါမှာလည်း ရေတွေအများကြီး ဝုန်းဒိုင်းကြဲပြီး ချိုးတာထက် နည်းနည်းပဲသုံးဖို့နဲ့ သတ်မှတ်ထားတဲ့ မိနစ်အတွင်းမှာ အပြီးလုပ်ရတာမျိုးရှိ တယ်”ဟု ပြောသည်။
အလားတူပင် ရာသီဥတုပူပြင်းသော အထက်မြန်မာပြည်ဒေသရှိ ထောင်များတွင်လည်း ရှိသင့်သော လူဦးရေ ထက် ပိုထားသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိသလို အပူဒဏ်နှင့် ရေရှားပါးမှုကို ပို၍ ကြုံတွေ့နေရကြောင်း သိရသည်။
မြင်းခြံထောင်တွင် အကျဉ်းကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က “အခုလိုမျိုး ရာသီဥတုပူပြီးတော့ ပြင်းထန်တဲ့အချိန်မှာ ထောင်တွေမှာက နေရထိုင်ရတဲ့ လူဦးရေက ဝင်ဆံ့တာထက် ပိုတိုးပြီး ထားထားတာဖြစ်တဲ့အတွက် လေဝင်လေထွက်ကလည်း မကောင်းဘူး။ ကျန်းမာရေးနဲ့လည်း မညီညွတ်ဘူး။ ကျန်းမာရေး အရေးပေါ်စောင့်ရှောက်မှု ကလည်း မရှိဘူး။ သောက်ရေနဲ့ ချိုးရေဆိုလည်း ပုံစံနဲ့ သောက်ရတယ်။ တနေ့လုံးနေမှ ရေတခွက်လာပေးပြီး ၂၄ နာရီ သောက်ပါဆိုပြီး လူ့အခွင့်အရေးကို အဆိုးရွားဆုံး ချိုးဖောက်ခဲ့တယ်” ဟု ပြောသည်။
ဧပြီ ၂၃ရက် အပူချိန်အရ မြန်မာနိုင်ငံမှ ချောက်မြို့သည် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ၄၅ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေပြီး မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့များလည်း ပါဝင်ကြောင်း၊ မိုးလေဝသသတင်းများ ဖော်ပြသော El dorado Weather ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားပြီး လာမည့် ဧပြီ ၂၈၊ ၂၉ ရက်များတွင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက် နေ့အပူချိန် ပိုနိုင်ကြောင်း စစ်ကောင်စီ၏ မိုး/ဇလက ထုတ်ပြန်ခဲ့သည်။
မကြာသေးမီက မုံရွာထောင်မှ လွတ်လာသောနိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “ပူလောင်မှုကတော့ အဆိုးဆုံး အခြေအနေ ပေါ့။ အခန်းထဲမှာ နေရတဲ့အချိန်များတော့ ပူလောင်မှုဒဏ် ပိုခံရတာပေါ့လေ “ ဟု ပြောသည်။
ယင်းကဲ့သို့ အပူချိန်မြင့်မားလာမှုကြောင့် ဧပြီလ ၁၆ ရက် ညပိုင်း စစ်ကောင်စီလိုလားသည့် မီဒီယာတခုက အကျဉ်းကျခံ နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အား အခြားတနေရာသို့ ပြောင်း ရွှေ့ကြောင်း စတင်ရေးသား ဖြန့်ချိခဲ့သော်လည်း အကျဉ်းထောင်မှ ပြောင်းရွှေ့ခြင်းမရှိဘဲ အပူဒဏ်သက်သာစေ ရန်သာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်ရှိ ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရသည်။
“ရန်သူလို့သတ်မှတ်ပြီးတော့ အာဃာတအကြီးကြီးနဲ့ နေ့စဉ်နှင့်အမျှ ရာသီဥတုကလည်း တမျိုး ဖိနှိပ်ညှဉ်းပန်းနှိပ်စက်မှု တွေကလည်း တဖုံဆက်လုပ်နေမယ်ဆိုရင် ထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရှိတဲ့ ကျန်းမာရေးကိုတော့ အလွန်အမင်း စိုးရိမ်မကင်းဖြစ်မိတယ်။ တခုခုဖြစ်ခဲ့ရင် အပြည့်အဝတာဝန်ယူ တာဝန်ခံရမှာသည် စစ်အုပ်စုဖြစ်တယ်ဆိုတာ သတိပေးထားချင်ပါတယ်” ဟု ဦးထွန်းကြည်က ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်အထိ ဖမ်းဆီးခံထားရသူ ၂၆၅၆၅ ဦး အနက် ယခုနှစ် ဧပြီ ၂၅ ရက်ထိ ၂၀၃၆၀ ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ၈၉၃၈ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
You may also like these stories:
မြစ်ကြီးနားထောင် ပစ်ခတ်မှု အကျဉ်းသား ၄ ဦး ထက်မနည်း သေဆုံးနိုင်
နှစ်ဆန်းတရက်နေ့ လွတ်ငြိမ်း နိုင်/ကျဉ်းပါဝင်မှု အလွန်နည်း
ကျိုက်မရောထောင်မှ နိုင်/ကျဉ်း ၁ ဦး ဆေးကုသခွင့်မရ၍ သေဆုံး
အိုးဘိုထောင်တွင် နိုင်ငံရေး အကျဉ်းသူများ ရိုက်နှက်ခံရ၊ ဒဏ်ရာပြင်းထန်သူများရှိ
ထောင်တွင်း ဆေးကုသခွင့်မရ၍ သေဆုံးသည့် နိုင်ကျဉ်း ၁၆ ဦးခန့် ရှိလာ