ကရင်အမျိုးသားတပ် (KNA) အဖြစ် ပြောင်းလဲရန် ဗိုလ်မှူးကြီး စောချစ်သူက လုပ်ခဲ့သော်လည်း ယခုအခါ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ်သာ ရှိတော့မည်ဆိုသည်အတွက် ကရင်အချင်းချင်းကြား တိုက်ပွဲများ ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ် နေသည်။
BGF အဖြစ် ဆက်ရှိနေမည့် အကြောင်းကို ဗိုလ်မှူးကြီး စောချစ်သူမှ နေ၍ မြဝတီ၊ ရွှေကုက္ကိုလ်နှင့် သစ်ကသေတို့တွင် သက်ဆိုင်ရာတပ်မှူးတပ်သားများနှင့် တွေ့ဆုံစဉ် ပြောကြားသည့် အကြောင်းများလည်း သတင်းများကဆိုသည်။
လက်ရှိတွင်လည်း စောချစ်သူ၏ ကရင် BGF တို့သည် မြဝတီမြို့တွင် စစ်ကောင်စီတပ်နှင့် အတူ ပူးတွဲကင်းလှည့်ကာ အုပ်ချုပ်ရေး ယန္တရားလည်ပတ်ရန် လုပ်ဆောင်နေကြောင်း မြို့ခံများက ပြောသည်။
ဒေသခံ ကရင်အမျိုးသမီးတဦးက ” မြို့ထဲ အထပ်မြင့်နေရာတွေနဲ့ အဓိကနေရာတွေမှာ စစ်ကောင်စီက စနိုက်ပါတွေနဲ့ နေရာယူထားတယ်ပြောတယ်။ အခု ၂၈ ရက် မြို့ထဲကနေ ရှောင်ကြဖို့ သတိပေးတာတွေလည်းပြန့်နေတယ် ။ အခု BGF ကိစ္စကပါ ထပ်ပေါ်လာတော့ ကရင်အချင်းချင်း တိုက်ပွဲကြီးလာမှာကို စိုးရတယ် “ဟု ပြောသည်။
ဧပြီ ၂၃ ရက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် PDF ပူးပေါင်းတပ်များ သိမ်းပိုက်သည့် မြဝတီ မြို့စောင့်တပ် ခလရ ၂၇၅ ကို စစ်ကောင်စီ ပြန်လည်ရရှိအောင် BGF အသွင်ပြောင်းထားသည့် KNA က ကူညီလုပ်ဆောင် ပေးခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ KNU ပြောခွင့်ရ ပဒိုစောတောနီးက ” BGF နယ်ခြားစောင့်တပ်က စစ်ကောင်စီတွေကို ခေါ်လာ ပြီးတော့ ခလရ ၂၇၅ မှာပဲ စစ်ကောင်စီအလံကို လာတင်ပေးတာ ဖြစ်ပါတယ် ” ပြောသည်။
ထို့ကြောင့် ရန်သူဆင်ထားသည့်အကွက်ထဲ မကျရောက်စေရန်အတွက် KNLA ပူးပေါင်းတပ်များက မြဝတီမြို့မှ ယာယီ ဆုတ်ခွာပေးလိုက်ရသော်လည်း KNLA နှင့် ပူးပေါင်းတပ်များသည် မြဝတီအတွက် အချက်အချာကျသည့် သင်္ဃန်းညီနောင် ဗျူဟာနှင့် ခြေမြန်တပ်ရင်း ခမရ ၃၅၅ ၊ ၃၅၆ ၊ ၃၅၇ တပ်များ အကုန်လုံးကို ထိန်းထားသည်ဟု ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် BGF သည် သင်္ဃန်းညီနောင် ဗျူဟာကုန်း တိုက်ပွဲတွင် ကရင်တော်လှန်ရေးတပ်များ ဘက်မှ အကူအညီပေးသဖြင့် ထိုပွဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)က အနိုင်ရလိုက်သော်လည်း မြဝတီ တိုက်ပွဲတွင်မူ စစ်ကောင်စီဘက်သို့ ယိမ်းသွားသဖြင့် ကရင်တော်လှန်ရေးတပ်များ မြဝတီမှ ဆုတ်ပေးခဲ့ရကြောင်း လေ့လာသူများဆိုသည်။
မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်သို့ ရှောင်တိမ်းနေရသူ အမျိုးသားတဦးက” BGF နဲ့ တိုက်ပွဲဖြစ်မှာကို အရမ်းစိုးရိမ်တယ် ။ ဖြစ်ကြရင် ကျွန်တော်တို့ ကရင်တွေက အခုထက်ပိုပြီး ဒုက္ခရောက်ကြမှာ ။ အစကတော့ BGF ပါလာရင် မြန်မြန်ပွဲပြတ်ပြီး အိမ်ပြန်ဖို့ မျှော်လင့်နေတာ ။ အခုကတော့ ထပ်ကြာဦးမှာပဲ “ဟု ပြောသည်။
လက်ရှိတွင် ကရင်ပြည်နယ်၏အခြေအနေသည်ရှုပ်ထွေးနေပြီး KNU အနေဖြင့် ကရင်ပြည်နယ်အစိုးရ မဖွဲ့နိုင်သေးသလို ကရင်အဖွဲ့အစည်းအချင်းချင်းကြား ပြန်လည်စုစည်းရန်ကြိုးစားသောကိစ္စများမှာ မပြီးမြောက်သေးကြောင်း၊ ထို့ပြင် စစ်ကောင်စီကလည်း BGF ကို ဖိအားပေးမှုအချို့ရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
စစ်ကောင်စီက မြဝတီကို ပြန်မသိမ်းနိုင်သည့်အခြေအနေနှင့် တဖက်တွင် KNU အနေဖြင့်လည်း ကရင်အချင်းချင်း စစ်ရေး ပဋိပက္ခဖြစ်မည်ကို လက်ရှောင်ထားသည့် အခြေအနေတို့၌ အမျိုးသားရေးထက် စီးပွားရေးကိုသာကြည့်သည့် ဗိုလ်မှူးကြီး စောချစ်သူအနေဖြင့် စီးပွားလုပ်ကိုင်ခွင့်များ ပိုမိုရရှိမည့် BGF အဖြစ်သာ ဆက်သွားနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။
၎င်းက ” မြဝတီက ဝင်ငွေတွေ ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်းတွေ ၊ မှောင်ခိုစီးပွားရေးတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေ ပေါင်းလိုက်ရင် စောချစ်သူရဲ့ ဝင်ငွေလမ်းကြောင်းက အလွန်ကြီးကျယ်တာကိုး။ အဲဒီတော့ KNU အနေနဲ့ စောချစ်သူနဲ့ မတိုက်ချင်ဘူး ။ ဖြစ်နိုင်ရင် ကရင်အချင်းချင်း ပူးပေါင်းချင်တယ်နော်။ ဒါပေမယ့် စောချစ်သူတို့က အမျိုးသားရေး လုပ်ချင်တာ မဟုတ်ဘူး။ စီးပွားရေးလုပ်ချင်တာကိုး ။ အဲဒါကြောင့် မြဝတီကိစ္စကရှုပ်ထွေးနေတာ။ ရှုပ်ထွေးအောင် လုပ်နေတာပေါ့ဗျာ ။ ဘာဖြစ်လာမလဲဆိုတာက ပြောဖို့ခက်ပါတယ် “ဟု ပြောသည်။
BGF အကြီးအကဲ ဗိုလ်မှူးကြီးစောချစ်သူက ဧပြီ ၂၄ ရက်တွင် မြဝတီမြို့၌ ၎င်း၏တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မူလ BGF အဖြစ်သာ ဆက်တာဝန်ယူသွားမည်ဟု ပြောဆိုခဲ့သလို ၎င်းတို့ တပ်တွင်း၌ပင် BGF မှ KNA ပြောင်းရန်ကိစ္စ ဆွေးနွေးမှုများ တွင် သဘောထားကွဲလွဲမှုများ ရှိနေသည့်အပြင် တဖက်၌လည်း စစ်ကောင်စီ၏ ဖိအားများလည်းရှိနေကြောင်း BGFနှင့်နီးစပ်သည့်တဦးက ပြောသည်။
၎င်းက ” BGF အတိုင်းပဲပြန်ရပ်တည်မယ်ဆိုတာ သေချာပြီ။ KNA ပြောင်းဖို့က သူတို့အဖွဲ့ထဲက တော်တော်များများ သဘောမတူလို့ “ဟု ဧရာဝတီသို့ ပြောသည်။
ဧပြီ ၂၅ ရက်က BGF တပ်မှူးများအစည်းအဝေးကို ရွှေကုက္ကိုလ်၌ ပြုလုပ်ခဲ့ပြီး မြို့အဝင်၊ အထွက်လမ်းများကို ကန့်သတ် ကာ အထွက်သာ ခွင့်ပြုခဲ့ကြောင်း ဒေသခံအမျိုးသားတဦးကပြောသည်။
ရွှေကုက္ကိုလ်အပါအဝင် ကရင်ပြည်နယ်မှ ငွေကြေးလိမ်လည်ဂိုဏ်းအများစုသည် ဗိုလ်မှူးကြီး စောချစ်သူ၏ BGF ထိန်းချုပ် ဇုန်များတွင် လှုပ်ရှားနေသလို သူနှင့် သူ့နောက်လိုက်များသည် KNU/KNLA က အကောင်အထည်ဖော်နေသည့် ကရင်ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ဒီမိုကရေစီကို အလေးမထားဘဲ ရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်အများဆုံး ရရှိရေးကိုသာ အာရုံစိုက်နေကြောင်း USIP Burma Program Country Director ဖြစ်သူ Jason Tower ၏ ဆောင်းပါးတပုဒ်တွင် ဖော်ပြထားသည်။
အင်အားကြီးမားပြီး ဘဏ္ဍာငွေထောက်ပံ့မှု ကောင်းစွာရသည့်စစ်သား အင်အား ၈,၀၀၀ ကျော် ရှိသောကြောင့် BGFကို စစ်တပ်ကဖြစ်စေ၊ KNU/KNLA ကဖြစ်စေ ထိုအဖွဲ့နှင့် တိုက်ရိုက် ပဋိပက္ခ မဖြစ်လိုကြသလို BGF သည် ရွှေကုက္ကိုလ် စီမံကိန်းမှ နှစ်စဉ်ရနေသည့် ဒေါ်လာ ၁၉၂ သန်း၏ ၅၀ ရာခိုင်နှုန်းခန့်ဖြင့် မြန်မာစစ်တပ်ကို ချမ်းသာအောင် လုပ်ပေးနေသည်ဟု ဆောင်းပါးတွင် ဆိုထားသည်။
ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းကပင် အဆိုပါ အမေရိကန်အခြေစိုက် USIP အင်စတီကျူ့က ကရင်နယ်ခြေားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်(မောသိုလ်)နှင့် ဗိုလ်မှူးတင်ဝင်းတို့သည် တရုတ်တို့ ကြီးစိုးထားသည့် ကျားဖြန့်ဂိုဏ်းကို ပံ့ပိုးနေကြောင်း အစီရင်ခံစာထုတ်၍ ဖော်ပြထားသည်။
ရှမ်းမြောက်ပဋိပက္ခနှင့်အတူ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်နှိမ်နင်းရေး၌ စစ်ကောင်စီက ကျားဖြန့် ခေါင်းဆောင်များကို တရုတ်ထံ အပ်ပေးခဲ့ရာ ထိုင်း-မြန်မာနယ်စပ် တလျှောက် ကျားဖြန့်နှိမ်နင်းရေး ဖိအားရှိလာချိန်တွင် ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် BGF ခေါင်းဆောင်များသည် စစ်ကောင်စီ၏အထောက်အပံ့ကိုမယူတော့ဘဲ သီးသန့်ရပ်တည်မည်ဟု ပြီးခဲ့သော ဇန်နဝါရီလအတွင်း၌ မီဒီယာများတွင် တရားဝင်ပြောကြားခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီလအတွင်း၌ ကရင်အမျိုးသားတပ် KNA အဖြစ် တပ်ရင်းတချို့ကိုပြောင်းလဲဖွဲ့စည်းပြီး KNA တပ်သားစုဆောင်းခြင်းများကိုလည်း တရားဝင်ကြေညာခေါ်ယူခဲ့သော်လည်း မြဝတီ၊ ကော့ကရိတ် ၊လှိုင်းဘွဲ့ ၊ ကြာအင်းဆိပ်ကြီး စသည့်ဒေသများအပါအဝင် တပ်နယ် ၄ ခုမှ တပ်ဖွဲ့ တချို့သာ KNA အဖြစ် ဘတ်တံဆိပ်များ ကနဦး ပြောင်းလဲထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ ဧပြီ ၂၄ ရက်မှ ယနေ့ ဧပြီ ၂၆ ရက်ထိ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် BGF ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်တို့အား ဧရာဝတီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
You may also like these stories:
မြဝတီ ခလရ ၂၇၅ တွင် စစ်ကောင်စီပြန်ထိုင်
အားလုံးက BGF ကို စောင့်ကြည့်နေကြသည်
အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ
တရုတ်ကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း
နေအိမ်များ ဖောက်ထွင်းခံရမည့်အရေး မြဝတီမြို့ခံများ ပို စိုးရိမ်