မကွေးတိုင်း၊ ချောက်မြို့သည် ယခုလအတွင်း El Dorado Weather က ပြုစုသည့် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ထိပ်ဆုံး သို့မဟုတ် ထိပ်ဆုံးနီးပါးတွင် ရှိနေသည်။
ယခုလအစောပိုင်းက ထိပ်ဆုံးတွင် ရှိနေသော ချောက်မြို့သည် ဧပြီလ ၂၇ ရက်နေ့တွင် ကမ္ဘာ့ဒုတိယ အပူဆုံးမြို့ဖြစ်ကာ အပူချိန် ၄၇ ဒသမ ၁ ဒီဂရီ ဆဲလ်စီးယပ် ရှိသည်။ ယင်းနေ့တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့သည် အပူချိန် ၄၄ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်ဖြင့် El Dorado ၏ စာရင်းတွင် အဋ္ဌမမြောက် အပူဆုံးမြို့ ဖြစ်သည်။
ထိုမျှ ပူအိုက်ခြင်းကို မခံစားဖူးကြောင်း ချောက်ဒေသခံများက ဧရာဝတီသို့ ပြောသည်။ “ဒီရက်တွေက ကျနော့်ဘဝမှာ အပူဆုံးနေ့တွေပဲ” ဟု အသက် ၅၉ နှစ်အရွယ် ဦးသန့်က ပြောသည်။
ချောက်မြို့၏ အပူချိန်သည် ဧပြီလ ၇ ရက်နေ့တွင် ၄၇ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်ရှိပြီး ဆယ်စုနှစ် ငါးခုနီးပါးအတွင်း စံချိန်ချိုးသည်ဟု မြန်မာ့မိုးလေဝသနှင့် ဇလဗေဒဌာနက ပြောသည်။
မကွေး၊ မင်းဘူး၊ တောင်ငူနှင့် ပြည်မြို့များသည် El Dorado Weather ၏ ယခုလအတွင်း အပူဆုံးမြို့ ၁၅ မြို့ စာရင်းတွင် ပါဝင်သည်။ အပူချိန် ပြင်းထန်သောကြောင့် ရေမလုံမလောက်ဖြစ်စေကာ မြန်မာနိုင်ငံတဝန်းမှ အထူးသဖြင့် အလယ်ပိုင်းဒေသမှ သက်ကြီးရွယ်အိုများနှင့် ကလေးများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည်။
ပြင်းထန်သောအပူချိန်ကြောင့် သက်ကြီးရွယ်အိုများ မူးဝေကာ ခေါင်းကိုက်ခဲစေသည်ဟု ချောက်မှ ဦးသန့်က ပြောသည်။ ထိုမြို့တွင် နေထိုင်သူအများစုသည် နေ့ဘက်တွင် အပြင်မထွက်ရဲကြောင်းလည်း ပြောသည်။
ရေကန်များ ခန်းကုန်သောကြောင့် သောက်သုံးစရာ ရေမရှိသည့် ရွာများသို့ သောက်ရေဖြန့်ချိနေကြောင်း ချောက်မြို့ ပရဟိတအသင်းတခုမှ ဦးဆောင်သူတဦးက ပြောသည်။
သူ၏မိသားစုသည် လုပ်စရာရှိသည်များကို ညနေ ၆ နာရီနှင့် နံနက် ၁၀ နာရီအကြားတွင် လုပ်ကာ နေ့စဉ် အစီအစဉ်များကို ပြောင်းလဲထားကြောင်း ချောက်မြို့မှ အခြားဒေသခံတဦးက ပြောသည်။ နေ့ဘက်တွင် မိသားစုဝင်များသည် အိမ်မှ အအေးဆုံးအခန်းတွင် အနားယူကြောင်းပြောပြီး သူ့ကဲ့သို့ ရွေးချယ်ခွင့်မရဘဲ မြင့်မားသည့် အပူချိန်အောက်တွင် အလုပ်လုပ်နေရမည့် ဆောက်လုပ်ရေးနှင့် နေ့စားလုပ်သားများအတွက် စိုးရိမ်ကြောင်း ပြောသည်။
ချောက်မြို့ အပူချိန်မြင့်နေစဉ် မြို့မှကလေးများ ရေကျောက်ရောဂါနှင့် ပြင်းထန်သော အပူကို ခံစားရကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံမှ တိုင်း ခုနစ်တိုင်းအနက် ခြောက်တိုင်းဖြစ်သော မကွေး၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းတို့သည် မိုးရာသီမတိုင်မီ ပြင်းထန်သော အပူချိန်ကို ခံစားနေရသည်။ စစ်ကိုင်းတိုင်းမှ နေရပ်စွန့်ခွာများသည် အထိခိုက်ဆုံး ဖြစ်သည်။ စစ်ကောင်စီ စစ်သားများက ၎င်းတို့နေအိမ်များကို မတ်လ ၂၈ ရက်နေ့တွင် မီးရှို့လိုက်သောကြောင့် ၎င်းတို့သည် ကျန်းမာရေးမကောင်း၊ ရေမရရှိဘဲ ဖြစ်နေကြောင်း ခင်ဦးမြို့နယ်၊ မုန်းလှကျေးရွာမှ ဒေသခံများက ပြောသည်။
“ကျနော်တို့တွေ ယာယီတဲတွေနဲ့ သစ်ပင်အောက်တွေမှာ နေကြတယ်။ မခံနိုင်လောက်အောင် ပူတယ်။ ရေရဖို့ အရမ်းခက်ခဲတယ်။ သက်ကြီးရွယ်အိုတွေ သတိလစ်ကုန်ပြီး ကျန်းမာရေး စောင့်ရှောက်မှုလိုတယ်” ဟု ထိုရွာမှ ဒေသခံတဦးက ပြောသည်။
ဧပြီလအတွင်း မြို့နယ်ပေါင်း ၁၃ ခုတွင် အပူချိန် စံချိန်တင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ပြောသည်။
မေလလယ်အထိ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် အပူချိန်များ ထပ်မံ တက်လာဖွယ်ရှိသည်။
အာရှတိုက် အစိတ်အပိုင်း အများအပြားတွင် ဖြစ်ပေါ်နေပြီး နေ့စဉ်လုပ်ငန်းများကို ရပ်ဆိုင်းစေသည့် ပြင်းထန်သော အပူချိန်သည် ဆိုးရွားသော ကျန်းမာရေး အန္တရာယ်ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ပြောသည်။
ထိုင်းအစိုးရက ယခုနှစ် အပူဒဏ်ကြောင့် လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသား ၃၀ သေဆုံးသည်ဟု ကြေညာသည်။ မြန်မာမှ အလားတူ အချက်အလက်ကို မသိရပေ။
အပူချိန် မြင့်မားနေစဉ် ပြင်ပသို့ မသွားရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဌာနက နိုင်ငံသားများကို အကြံပြုသည်။ အပူဒဏ်အတွက် ရှေးဦးသူနာပြုစုခြင်းကိုလည်း လူထုထံ အသိပေးထားသည်။
“အပူကြောင့် အရေပြားခြောက်တာ၊ ချွေးထွက်လွန်တာနဲ့ ခန္ဓာကိုယ် အပူချိန် မြင့်မားတာတွေ ဖြစ်နိုင်တယ်။ အသက်အန္တရာယ်လည်း ရှိတယ်” ဟု NUG ၏ ကျန်းမာရေးဌာနအတွက် အခမဲ့ အွန်လိုင်းဆေးကုခန်း ဖွင့်ထားသည့် ဒေါက်တာ ဆုတောင်းပြည့်က ပြောသည်။ ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါရှိသော ပြည်သူများအတွက် အန္တရာယ် ပိုမိုများပြာသည်ဟုလည်း ဆရာဝန်များက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ In Myanmar, a Record-Shattering Heatwave Takes a Toll on Elderly, Children, Poor https://www.irrawaddy.com/news/burma/in-myanmar-a-record-shattering-heatwave-takes-a-toll-on-elderly-children-poor.html ကို ဘာသာပြန်သည်။)
You may also like these stories:
အရှေ့တောင်အာရှတွင် အပူလှိုင်းမြင့်၊ ထိုင်းတွင် သေဆုံးသူ ၃၀ ဦးရှိလာ
အပူလှိုင်း အာရှတွင် ကျရောက်နေပြီး အခြေအနေ ဆိုးရွားနိုင်
အပူလှိုင်းဖြတ်တာတွေ ရပ်တန့်ဖို့ ဖား နှစ်ကောင်ကို လက်ထပ်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံ
အပူလှိုင်း အာရှတွင် ကျရောက်နေပြီး အခြေအနေ ဆိုးရွားနိုင်