ကချင်လွတ်လပ်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်များက ဆင်ဘိုမြို့ရှိ အမှတ် ၁၄၁ ခြေလျင်တပ်ရင်းကို ယနေ့နံနက် ၁၁ နာရီခွဲခန့်က အပြီးသိမ်းပိုက်လိုက်ရာ KIA သည် မန္တလေး-မြစ်ကြီးနားရထားလမ်းနှင့် ဧရာဝတီမြစ်အကြား စိုးမိုးလှုပ်ရှား နိုင်သည့် အနေအထားရောက်လာသည်။
ဆင်ဘိုမြို့သည် ဧရာဝတီမြစ် အနောက်ဘက်ကမ်း ဗန်းမော်နှင့် မြစ်ကြီးနားကြားရှိပြီး အရှေ့ဘက်၌ ဗန်းမော်-မြစ်ကြီးနား ကားလမ်း၊ လိုင်ဇာဒေသ၊ အနောက်ဘက်၌ မန္တလေး- မြစ်ကြီးနားရထားလမ်း ဖြတ်သန်းရာ မိုးညှင်း- နမ်မား- ဟိုပင် ဒေသတို့နှင့် ဆက်စပ်နေပြီး မြစ်ကြီးနား – ဗန်းမော် ရေလမ်းခရီးတွင် တထောက်နားရာ အရေးပါသောနေရာဖြစ်သကဲ့သို့ KIA နှင့်ပူးပေါင်းတပ်များ၏ စစ်ရေး လှုပ်ရှားမှုများအတွက် အနှောက်အယှက်ပေးနေသည့် နေရာတခုလည်းဖြစ်သည်။
KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက “ ဒီနေ့ ၁၁ နာရီခွဲအချိန်မှာ အပြီးအစီး သိမ်းနိုင်ပြီဆိုတဲ့ အတည်ပြုချက်ရပါပြီ။ စစ်တပ် က တပ်ရင်းမှူးတချို့ကျတယ်၊ တချို့ဖမ်းမိတယ်လို့ ကြားပေမယ့် မြေပြင်တရားဝင် အတည်ပြုချက် မရသေးဘူး၊ ဆင်ဘို တပ်တည်တဲ့နေရာကလည်း ကျယ်တာပေါ့၊ ဒါကြောင့် သိမ်းတဲ့နေရာမှာ အခက်အခဲ တော်တော်ရှိခဲ့တယ်၊ လေကြောင်း နဲ့လာပြီးပစ်ကူတဲ့ကြားကနေမှ အခုလို သိမ်းလို့ရတဲ့အနေအထားဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ဆင်ဘိုမြို့အနောက်ဘက် သုံးမိုင်ခန့်အကွာရှိ ခလရ-၁၄၁ တပ်ရင်းကို KIA တပ်များက ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် ကတည်းက စတင်ထိုးစစ်ဆင်ခဲ့ရာ မြို့အား ထိန်းချုပ်နိုင်ခဲ့သော်လည်း တပ်ရင်းဌာနချုပ်ဘက်မှ လေကြောင်းပစ်ကူ နှင့်အတူ အပြင်းအထန် ခုခံနေသည့်အတွက် အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။
ထိုတိုက်ပွဲတွင် KIA အတူ ဟိုပင်-မိုးညှင်း၊ နမ်မားဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)များလည်း ပါဝင်ခဲ့ပြီး ကျယ်ပြန့် သည့် လွင်ပြင်တွင် တပ်စခန်းတည်ထားသဖြင့် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရသည့်အပြင် စစ်ကောင်စီတပ်စခန်းမှ Jammer ကြောင့် ဒရုန်းများပျက်ကျခဲ့ရကြောင်း KPDF နှင့်နီးစပ်သူတဦးက ပြောသည်။
၎င်းက “သူတို့ဆီမှာ နောက်ဆုံးကျန်တဲ့ကုန်းရဲ့ ပတ်ပတ်လည်မှာ အကုန်လွင်ပြင်တွေကြီးပဲ၊ အဲဒီလိုဆိုတော့ တော်တော်ကို တိုးရခက်တာပေါ့နော်၊ နောက်ဆုံး ဘယ်လောက်အထိတောင် မြေပြင်ကသိရလဲဆိုတော့ လက်ပစ်ဗုံးနဲ့ ပစ်လိုက်ရင်တောင် ရောက်နိုင်တဲ့အနေအထားမျိုးအထိမှာကို ဒီကောင်တွေက လက်နက်မချတာ၊ အဲဒီလောက်အနေအထားမျိုးကို နှစ်ပတ် သုံးပတ်လောက်အထိ ရင်ဆိုင်ပြီးလုပ်ခဲ့ရတယ်၊ နောက်ဆုံးကြားရတာတော့ ဒရုန်းတွေဖမ်းတဲ့ Jammer ထားတဲ့နေရာကို ဒရုန်းချမိလိုက်တာ ၊ အဲဒီမှာကျနော်တို့ဘက်က သာသွားတာပဲ။ ပထမတော့ ကျနော်တို့တိုးလို့ မရဘူး၊ ဒရုန်းလည်းတိုးလို့ မရဘူး” ဟု ပြောသည်။
ဆင်ဘိုတပ်စခန်းအား သိမ်းပိုက်လိုက်သည့်အတွက် ဧရာဝတီမြစ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းဒေသ ချိတ်ဆက် လှုပ်ရှား နိုင်ပြီ ဖြစ်သကဲ့သို့ ဆင်ဘိုဒေသအတွင်း လှုပ်ရှားနေသည့် KIA တပ်မဟာ-၈ နှင့် ဗန်းမော်ဒေသရှိ KIA တပ်မဟာ-၃ တို့မှာ လည်း နယ်မြေ ချိတ်ဆက်နိုင်သွားပြီဖြစ်ကြောင်း စစ်ရေးလေ့လာသူတဦးကပြောသည်။

၎င်းက “ဧရာဝတီမြစ်ကြောင်းမှာ တာလောကြီးလည်း ထိန်းထားပြီးပြီ၊ ဆင်ဘိုလည်းသိမ်းလိုက်ပြီဆိုရင်တော့ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းကို အတားအဆီးမရှိ ကူးလို့ရသွားပြီ။ အရင်က ဆင်ဘိုတို့ တာလောကြီးတို့မှာ စစ်တပ်က ထိုင်နေတဲ့အခါကျတော့ KIA တွေအဖို့ အသွားအလာ အကန့်အသတ်ရှိတာပေါ့၊ အခုကတော့ လုံးဝ အကန့်အသတ် မရှိတော့ဘူး။ စစ်ဆင်ရေးက မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ နန့်မား အဲဒီတကြောလုံးကို ခြိမ်းခြောက်နိုင်တဲ့ အနေအထား ဖြစ်သွားတယ်” ဟု ပြောသည်။
ဆင်ဘိုမြို့အထက်ဘက်ရှိ တာလောကြီးဒေသကို လတ်တလော KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး ယန္တရားများ ဆောင်ရွက်လျက်ရှိသည့်အပြင် မန္တလေး-မြစ်ကြီးနားရထားလမ်းနှင့် ဧရာဝတီမြစ်အကြား စိုးမိုးလှုပ်ရှားနိုင် သည့် အနေအထားရှိကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “တာလောကြီးက ခုလောလောဆယ် ငြိမ်ပါတယ်၊ ကျနော်တို့ လိုအပ်တဲ့ဟာတွေကို ထိန်းချုပ်ပြီး အုပ်ချုပ်မှုယန္တရား တွေချပြီးမှ ပြည်သူလူထုနဲ့လိုအပ်တာတွေ လုပ်ဆောင်နေတဲ့အနေအထားဖြစ်ပါတယ်။ လောလောဆယ် သံလမ်းနဲ့ ဧရာဝတီမြစ်ကြားက အဲဒီဘက်မှာလည်း စစ်ကောင်စီတပ်စခန်းတွေက မရှိသလောက်ဖြစ်နေပါပြီ။ အဲဒီဘက်မှာ အခု လောလောဆယ် ကျနော်တို့လိုအပ်တာတွေ သွားလာလှုပ်ရှားလို့ရပါပြီ။ မိုးညှင်းအထိပေါ့” ဟု ပြောသည်။
ကချင်ဒေသတွင် မတ်လ ၇ ရက်နေ့ကစ၍ KIA ပူးပေါင်းတပ်က ထိုးစစ်အရှိန်မြှင့်ခဲ့ရာ လက်ရှိအချိန်အထိ စစ်တပ်စခန်း အကြီးအသေး ၇၀ ကျော်အား သိမ်းပိုက်နိုင်ခဲ့ပြီး လိုင်ဇာမှ မိုးမောက်အထိ ဧရာဝတီအရှေ့ခြမ်း နယ်မြေအများစုအား ထိန်းချုပ်နိုင်ပြီဖြစ်သကဲ့သို့ မြစ်အနောက်ခြမ်း မိုးညှင်း-ဟိုပင်-မိုးကောင်းဒေသအထိ စိုးမိုး ထိန်းချုပ်နိုင်ရေး လုပ်ဆောင် လျက်ရှိသည်။
စစ်ရေးလေ့လာသူတဦးက “ပြောရမယ်ဆိုင်ရင် လိုင်ဇာကနေပြီးတော့ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်းကို လွတ်လွတ်လပ်လပ် သွားလို့ရတဲ့အနေအထားရောက်သွားပြီ၊ စစ်ရေးအရလည်း တပ်တွေကြိုက်သလောက်ပို့လို့ ရတယ်၊ စစ်ဆင်ရေးတွေ ကြိုက်သလောက်လုပ်လို့ရတဲ့ အနေအထားရောက်သွားပြီ” ဟု သုံးသပ်သည်။
KIA အနေဖြင့် ဧရာဝတီမြစ်အရှေ့ခြမ်း တရုတ်နယ်စပ်အထိ နယ်မြေအများအပြား ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း ၂၀၁၆ ခုနှစ်က စစ်တပ်၏ထိုးစစ်ဆင်သိမ်းပိုက်ခြင်းခံခဲ့ရသည့် နာမည်ကျော် ဂီဒုန်နှင့် ဆမားဒေသတို့အား ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
ဗိုလ်မှူးကြီးနော်ဘူက “ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းဘက်မှာတော့ တော်တော်များများ ကျနော်တို့လှုပ်ရှားလို့ရပါပြီ၊ အခုလောလောဆယ်ပေါ့နော်၊ ဒါပေမယ့် နယ်စပ်ဒေသဘက်မှာ ကျန်တော့ ကျန်ပါသေးတယ်၊ ဆမား တို့၊ ဂီဒုန်တို့ဘက်မှာ အများကြီး ကျန်ပါသေးတယ်၊ အဲဒီဘက်ကတော့ တော်တော်များများ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေ အများကြီး ရှိပါသေးတယ်။ ဆက်ပြီးမှ အဲဒီဘက်ကတော့ ရှင်းလင်းဖို့လိုပါတယ်။အောက်ပိုင်း ကန်ထောင်ယန်၊ နန်ဆန်ယန် တကြောလုံး ဗန်းမော်အထက်အထိကတော့ ကျနော်တို့လှုပ်ရှားလို့ရပါပြီ” ဟု ပြောသည်။
KIA ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း မြစ်ကြီးနား၊ ဗန်းမော် မြေပြင်လမ်းကြောင်းမှာဖြတ်တောက် ပိတ်ဆို့ခံနေရသည့် အပြင် လတ်တလော ဆင်ဘိုအခြေစိုက် ခလရ-၁၄၁ တပ်ရင်းအား ထပ်မံ သိမ်းပိုက်လိုက်သည့်အတွက် ဧရာဝတီမြစ် အနောက်ခြမ်းတွင် KIA စိုးမိုးထိန်းချုပ်နယ်မြေများ ပိုမိုကျယ်ပြန့်လာပြီဖြစ်သည်။
You may also like these stories:
၉နှစ်ကြာ လက်လွှတ်ခဲ့ရသည့် တနိုင်း ပယင်းမှော်ဒေသ KIA စစ်ဆင်
စစ်ကောင်စီ တပ်ရင်းအပါအဝင် စခန်း ၅ခု KIA ထပ်မံ သိမ်းပိုက်
ကချင်စစ်မျက်နှာ အလှည့်အပြောင်း
ကချင်ပြည်နယ်ရှိ စစ်ကောင်စီ စခန်းများ KIA နှင့် PDF တိုက်ခိုက်
မိုးမောက်မြို့တွင်း တိုက်ပွဲ အရပ်သားများ သေဆုံးဒဏ်ရာရ
နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်