ထိုင်း-မြန်မာနယ်စပ် သင်္ဃန်းညီနောင်နှင့် မြဝတီကို ပြန်ထိန်းချုပ်ရန် အင်အားအများအပြားဖြင့် တက်လာနေသည့် စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းမှာ ဒေါနတောင်ပေါ်သို့ ရောက်လာသော်လည်း ဟန့်တားနိုင်ဆဲဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ကော့ကရိတ်မြို့အလွန် အာရှလမ်းမကြီးဘေး ကော့နွဲ၊ တတံကူး၊ ရွာသစ်ကုန်းရွာများအနီး ၃ ပတ်ကျော်ကြာ တိုက်ပွဲများ ဖြစ်ခဲ့ပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းက ဒေါနတောင်ပေါ် သို့ စတင်တက်လာနိုင်ခဲ့သည်ဟု သိရ သည်။
ပဒိုစောကလယ်စေးက “ကျနော်တို့ ခံစစ်ကြောင်းရဲ့ ၁၀ ပုံ ၁ ပုံလောက်ကို နည်းနည်းကျော်လာတဲ့အဆင့်ပဲ ရှိသေးတယ် လို့ပဲ သိထားပါတယ်” ဟု ပြောသည်။
သံချပ်ကာ၊ တင့်ကား၊ တံတားထိုးယာဉ်၊ လက်နက်ကြီးများ အပြည့်အစုံပါ အင်အား ၅၀၀ ခန့်ရှိ ယင်းစစ်ကြောင်းသည် လေကြောင်းပစ်ကူဖြင့် တက်လာနေသော်လည်း ဧပြီ ၁၂ မှ ၂၉ ရက်ထိ ဒေါနတောင်ခြေအစပ်တွင်သာ ရှိနေခဲ့သည်။
အောင်ဇေယျစစ်ကြောင်းကို ကရင်တော်လှန်ရေး ပူးပေါင်းတပ်များက ဟန့်တားတိုက်ခိုက်နေရာ ၃ ပတ်အတွင်း တိုက်ပွဲ များ ပြင်းထန်ခဲ့ပြီးနောက် ဒေါနတောင်ပေါ် တောနော်ရေတံခွန်အနီး နေရာယူထားသည့် ပူးပေါင်းစစ်ကြောင်းများက ဆုတ်ခွာပေးခဲ့သဖြင့် တောင်ပေါ်သို့ တက်လာနိုင်ခြင်းဖြစ်ကြောင်း လက်ရှိ တောနော်ရေတံခွန် အလွန်တွင်သာ ရှိနေ သေးကြောင်း ပူးပေါင်းစစ်ကြောင်းတပ်ခွဲတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “ဗျူဟာအရ ဆုတ်ပေးလိုက်ပေမယ့် သူတို့ သင်္ဃန်းညီနောင်ထိ ရောက်ဖို့က မလွယ်သေးဘူး ။ ညီနောင်မှာက EROs တပ်တွေ( KNLA၊ KNDO) ရှိနေတယ်” ဟုပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် အာရှလမ်းမကြီးအပြင် ဒေါနတောင်ပေါ်လမ်းဟောင်း၊ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင် လမ်းနှင့် အခြားလမ်းကြောင်းများမှလည်း တက်ရန် ကြိုးစားနေကြောင်း ပူးပေါင်းစစ်ကြောင်းများထံက သိရသည်။

ထို့အတွက် စစ်ကောင်စီ တက်ရောက်လာနိုင်သောလမ်းကြောင်းမှန်သမျှတွင် ခံစစ်များအားလုံး ပြင်ဆင်ထားသည်ဟု လည်း ပဒိုစောကလယ်စေးက ပြောသည်။
၎င်းက “အာရှလမ်းက ဦးစားပေးပြီးလာတာကို ကျွန်တော်တို့ သိရတယ်။ နောက် အခြား ဘယ်ညာလမ်းကြောင်း တွေ ကနေ လာနေတယ်လို့လည်း သိတယ်။ ဒါပေမယ့် ကျနော်တို့ အားလုံးကို ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF) ပူးပေါင်းတပ်များက ဧပြီ ၅ ရက်တွင် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အောင်ဇေယျစစ်ဆင်ရေးလှုပ်ရှားမှုများကို ဧပြီ ဒုတိယအပတ်အတွင်း အကောင် အထည်ဖော်ခဲ့သည်။
စစ်ဆင်ရေးအတွက် စစ်ကောင်စီ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ ကွပ်ကဲနေပြီး ရှမ်းမြောက်ဒေသမှ ပြန်ခေါ်ထားသည့် တပ်မ ၅၅ တပ်များကို မွန်ပြည်နယ်မှ တဆင့် ကရင်ပြည်နယ်သို့ ပို့ဆောင်ခဲ့သည်။
နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ တန်ပြန်ထိုးစစ်များကို စစ်အင်အား အများအပြား အသုံးပြု ဖော်ဆောင်နေသလို စိတ်ဓာတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးများကိုလည်း ပြုလုပ်နေသည်။
မွန်ပြည်ကာကွယ်ရေးတပ်(MSDF)ဥက္ကဋ္ဌဒေါက်တာ သီရိမွန်ချမ်းက “ကရင်ပြည်နယ်ကို စစ်ကူတွေထပ်ပို့ဖို့ အရှေ့တောင် တိုင်း စစ်ဌာနချုပ်အခြေချထားတဲ့ မွန်ပြည်နယ်ကနေ ကြိုးစားနေသလို မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့ မြို့နယ် ၁၀ခုမှာလည်း ရှမ်းမြောက်ဒေသက တပ်တွေကိုအသုံးပြုပြီးတော့ တပ်အင်အား ထပ်မံ ဖြည့်ဆည်းနေတာတွေလည်း တွေ့နေရတယ်” ဟု ပြောသည်။
အောင်ဇေယျစစ်ဆင်ရေးနှင့်အတူ စစ်ကောင်စီက ဂျိုင်းမြစ်ဝှမ်းဒေသတလျောက် ကော့ကရိတ်မြို့နှင့် ကော့ဘိန်းတို့ကို ထိုးစစ်ဆင်၍ နယ်မြေ စိုးမိုးထိန်းချုပ်မှုများ ပြန်လုပ်ခဲ့သည့်အပြင် ဒေသခံများကို ပြန်ခေါ်ခြင်း၊ ထောက်ပံ့မှုများပေးခြင်းဖြင့် နယ်မြေအေးချမ်းသွားသယောင် ဝါဒဖြန့်မှုများလည်း လုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့သော မြဝတီမြို့ရှိ ခြေလျင်တပ်ရင်း ခလရ ၂၇၅ တပ်ကိုလည်း ကရင် နယ်ခြားစောင့်တပ် (BGF )၏အကူအညီဖြင့် ပြန်လည်နေရာယူကာ တော်လှန်ရေးတပ်များအပေါ် ပြည်သူများ အထင်လွဲ မှားစေကာ စိတ်ပျက်သွားရန် စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။
စိတ်ဓာတ်စစ်ဆင်ရေးများနှင့်အတူ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသည့်စစ်ကောင်စီတပ်များကို အကောင်းဆုံး ဟန့်တားနိုင်ရန် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လှည့်ကွက်ထဲမဝင်သွားဘဲ တော်လှန်ရေးတပ်များကို ဆက်လက်ပံ့ပိုး ရန် အရေးကြီးကြောင်း CDM ဗိုလ်မှူးတင်လင်းအောင်က ပြောသည်။
၎င်းက “ဆက်လက်ခုခံနိုင်စွမ်းက ဘယ်လောက်ထိရှိမလဲဆိုတာက ကိုယ့်ဘက်က ပြည့်စုံခြင်း၊ မပြည့်စုံခြင်းပေါ်မှာ မူတည်တာပေါ့နော်။ လက်နက်၊ခဲယမ်း၊ရိက္ခာ ဒီဟာမပြည့်စုံရင် ဟန့်တားနိုင်လည်း ခဏပဲပေါ့နော်” ဟုပြောသည်။
KNU တပ်မဟာ ၆ နယ်မြေအတွင်း၌ စစ်ကောင်စီ၏ အရေးပါသည့် ဗျူဟာတပ်စခန်းများအနေဖြင့် လေးကေ့ကော် စွယ်တော်ကုန်း၊ ဝေါလေစခန်းနှင့် သေ့ဘောဘိုး ဗျူဟာစခန်းများ ကျန်ရှိနေသေးသည်။
သို့သော်လည်း ထိုစခန်းများအား တော်လှန်းရေးပူးပေါင်းတပ်များက လမ်းကြောင်းများ ဖြတ်တောက်၍ နယ်မြေအများစုကို စိုးမိုးထိန်းချုပ်ထားသောကြောင့် စစ်ကောင်စီစစ်ကူစစ်ကြောင်းများ တက်ရောက်လာနိုင်မည့် အခြေအနေမရှိဘဲ စစ်ကူများ တက်လာရန် မျှော်လင့်နေရသည့်အနေအထားဖြစ်သည်ဟု ဗိုလ်မှူးတင်လင်းအောင်ကပြောသည်။
ထို့ကြောင့် KNU တပ်မဟာ ၆ နယ်မြေအတွင်း တော်လှန်ရေးပူးပေါင်းတပ်များ၏ လက်ရှိစိုးမိုးနယ်မြေများ မဆုံးရှုံးစေရန်နှင့် စစ်ကောင်စီတပ်စစ်ကြောင်းများ ဆက်၍ မတက်လာနိုင်ရန်သာ အရေးကြီးဆုံးဖြစ်ကြောင်း CDM အရာရှိများနှင့် စစ်ရေးအကဲခတ်များက ပြောဆိုကြသည်။
You may also like these stories:
အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ
မြဝတီတိုက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း
ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်
မြဝတီ ခလရ ၂၇၅ တွင် စစ်ကောင်စီပြန်ထိုင်
အားလုံးက BGF ကို စောင့်ကြည့်နေကြသည်