အိန္ဒိယနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုဖြင့် မဏိပူရ်ပြည်နယ် အင်ဖာထောင်၌ ပြစ်ဒဏ်ကာလထက်ကျော်၍ ချုပ်နှောင်ခံ ထားရသည့် မြန်မာနိုင်ငံသားများထဲမှ အမျိုးသမီးနှင့် ကလေး ၃၈ ဦးအား ပထမအသုတ်အနေဖြင့် အိန္ဒိယအစိုးရက မိုရေး-တမူးနယ်စပ်ဂိတ်မှတဆင့် ယမန်နေ့က လွှဲပြောင်းပေးသည်။
အိန္ဒိယအစိုးရက မြန်မာဒုက္ခသည် ၇၇ ဦးလွှဲပြောင်းပေးမည်ဖြစ်ပြီး အင်ဖာထောင်တွင်း ကျန်ရှိသည့် မြန်မာဒုက္ခသည် ၃၉ ဦးကိုမူ မည်သည့်နေရက်တွင် ထပ်မံလွှဲပြောင်းမည်ကို မသိရသေးပေ။
လက်ရှိ လွှဲပြောင်းပေးသူများ၌ မုံရွာ၊ ဒီပဲယင်း၊ ဘုတလင်၊ ကလေးမြို့နယ်များမှ ပါဝင်ပြီး ၂၀၂၂ ခု ဇွန် ၂၈ ရက် က မဏိပူရ် ပြည်နယ် လန်ကာမြို့၌ တရားမဝင်နေထိုင်မှုဖြင့် အဖမ်းခံရကာ ထောင် ၅ လနှင့် ဒဏ်ငွေ အိန္ဒိယ ရူပီး ၁ ထောင် ချမှတ်ခံရ ပြီးနောက် ၎င်းတို့အား ပြန်လည်လွှဲပြောင်းရာ မြန်မာဘက်က လက်မခံ၍ ယခုအချိန်အထိ အင်ဖာထောင်နှင့် မိုရေးစစ်တပ် အတွင်း နေထိုင်ခဲ့ရသူများဖြစ်သည်။
ထို ၃၈ ဦးသည် ပြီးခဲ့သည့် မတ်လ ၉ ရက်ကတည်းက မြန်မာဘက်သို့ လွှဲပြောင်းရန် အင်ဖာထောင်မှ မြန်မာနယ်စပ် မိုရေး သို့ လေကြောင်းဖြင့် ရောက်နေသူများဖြစ်ပြီး နှစ်လနီးပါးအကြာမှသာ လွှဲပြောင်းပေနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
အင်ဖာထောင်၌ ထိန်းသိမ်းခံရစဉ် ဘာသာစကားအခက်အခဲနှင့် ရိုက်နှက်ဖိနှိပ်မှုများ ခံခဲ့ရကြောင်း၊ ပြစ်ဒဏ်စေ့ပြီး မလွတ် သေးသည့် မြန်မာနိုင်ငံသားများ ရှိနေသေးကြောင်း ယမန်နေ့က လွှဲပြောင်းမှုတွင်ပါဝင်သူ အမျိုးသမီးတဦးက ပြောသည်။
၎င်းက “ထောင်ထဲ ကြုံရတဲ့အခက်အခဲက ပြောဆုံးမှာမဟုတ်ဘူး၊ ကျမတို့အတွက်တော့ ငရဲခန်းလိုပဲ။ ဘာသာစကားလည်း အခက်အခဲရှိတယ်၊ အစားအစာတော့ ပုံမှန်စားရပေမယ့် သူတို့ကျွေးတာ ကျမတို့နဲ့ သဟဇာတ မဖြစ်ဘူး၊ ကလေးတွေ လည်း ပါတယ်။ တော်တော်များများ ဖိနှိပ်ခံရတာတွေလည်းရှိတယ်။ သူတို့ပြောတာကို နားမလည်ဘူးဆိုရင် ပိုအပြောခံရ တယ်။ မြန်မာနိုင်ငံပြန်ရဖို့ ဆန္ဒပြတုန်းကလည်း ရိုက်နှက်ခံရတာတွေရှိတယ်” ဟု ပြောသည်။
ယမန်နှစ် ဒီဇင်ဘာ ၁၆ ရက်က ပြစ်ဒဏ်စေ့သော်လည်း လွှတ်ပေးခြင်းမရှိသဖြင့် မြန်မာအမျိုးသမီး ၃၆ ဦးမှ ဦးဆောင်၍ အစာငတ်ခံဆန္ဒပြခဲ့ရာ ထောင်အာဏာပိုင်များက ရိုက်နှက်ဖြိုခွင်းသဖြင့် ထိခိုက်ဒဏ်ရာ ရခဲ့ကြသေးသည်။
အိန္ဒိယ၌ အဖမ်းခံရသူများနှင့် စစ်ဘေးရှောင်များအား ကူညီနေသည့် India For Myanmar၏ အချက်အလက်များအရ စစ်တပ် အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံအတွင်း ထောင်ချခံရသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော်ရှိနေပြီး အမျိုးသမီး နှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း၊ ထိုသူများထဲတွင် ကိုယ်ဝန်ဆောင်နေစဉ် ဖမ်းဆီးခံရပြီး ထောင်အတွင်း၌ပင် ကလေးမွေးဖွားခဲ့ရသူ ၆ ဦးရှိပြီး ကလေးငယ်များ ကာကွယ်ဆေးထိုးနှံခွင့်၊ ပညာသင်ကြားခွင့် များလည်း ဆုံးရှုံးနေကြောင်း ထိုအဖွဲ့တည်ထောင်သူ ဆလိုင်းဒိုရ်ခါက ပြောသည်။
၎င်းက “ထောင်ထဲမှာ မီးဖွားတဲ့ အမျိုးသမီးစာရင်း အတိအကျ ရထားတာ ၆ ဦး၊ တချို့ဆို ဖမ်းခံထားရတာ ၃ နှစ်လောက် ရှိပြီ ထောင်စည်းကမ်းတွေနဲ့ပဲ တောက်လျှောက် ကျပ်ကျပ်တည်းတည်းနေရတယ်။ ကလေးကာကွယ်ဆေးထိုးဖို့ ကိစ္စတွေ မှာလည်း အခုအချိန်အထိ မထိုးနိုင်တာတွေရှိတယ်။ နောက်ပြီး အသက် ၁၈ နှစ် အောက် ဦးရေက ၃၀ ကျော် ၄၀ နီးပါး လောက်ရှိတော့ ပညာသင်ရမယ့် အရွယ် တော်တော်များများ နှစ်ရှည်ထောင်ထဲမှာ အပိတ်ခံထားရတဲ့ သဘော ဖြစ် နေတာပေါ့”ဟု ပြောသည်။
လက်ရှိအကျဉ်းထောင်အတွင်း လွတ်ရက်စေ့သော်လည်း ဆက်လက်ထိန်းသိမ်းခံထားရသူများအား လွှတ်ပေးရေးနှင့် မီဇိုရမ်ပြည်နယ်တွင် ခိုလှုံခွင့်ပေးရေး၊ အိန္ဒိယနိုင်ငံ UNHCR ရုံး၏ စောင့်ရှောက်မှုအောက်တွင် ခံယူခွင့်ပေးရေးတို့အား အိန္ဒိယဗဟိုအစိုးရနှင့် မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်တို့ထံ India For Myanmar က တင်ပြ တောင်းဆိုထားကြောင်း သိရသည်။
မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် N.Biren Singh ကတော့ “ပြည်နယ်အစိုးရအနေနဲ့ တရားမဝင်ရွေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ခြင်းများ ဆက်လက် လုပ်ဆောင်နေပြီး တချိန်တည်းမှာပင် Biometric (ဇီဝအချက်အလက် ဒေတာ)ကို မှတ်တမ်းတင်လျက် ရှိနေသည်” ဟု ၎င်း၏ တွစ်တာ(X) စာမျက်နှာ၌ ဖော်ပြခဲ့သည်။
You may also like these stories:
မြန်မာ မတည်ငြိမ်မှုနှင့် မဏိပူရပြည်နယ်မှ လူမျိုးရေးပဋိပက္ခ ဆက်စပ်နေ
မြန်မာတချို့မောင်းထုတ်ခံရပြီးနောက် မကူညီဖို့ ညွှန်ကြားချက် မဏိပူရ်အစိုးရ ပြန်ရုတ်သိမ်း
မဏိပူရ်ပြည်နယ်ဘက်သို့ ခိုလှုံသူ မြန်မာများ ပြန်မောင်းထုတ်ခံရ
မြန်မာနယ်စပ် စည်းရိုးခတ်မည့် အစီအစဉ် မဏိပူရ လူမှုအခြေပြုအဖွဲ့များ ဆန့်ကျင်
မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု အိန္ဒိယ မည်သည့်အကျိုးကျေးဇူးမျှ မထွက်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR