ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နှင့် အွန်လိုင်းလောင်း ကစားလုပ်ငန်း လုပ်နေသည့် နိုင်ငံခြားသားများအားလုံး အောက်တိုဘာလ နောက်ဆုံးထားထွက်ခွာရန် ကရင်နယ်ခြား စောင့်တပ် (BGF) က ယမန်နေ့က သတိပေးစာ ထုတ်ပြန်လိုက်သည်။
အဆိုပါ စာတွင် မြန်မာ၊ တရုတ်၊ အင်္ဂလိပ် သုံးဘာသာဖြင့် ရေးထားပြီး ဒေသတွင်းရှိ နိုင်ငံခြားသားများ အနေဖြင့် မေလ ၁ရက်မှ အောက်တိုဘာ ၃၁ရက်အတွင်း ထွက်ခွာရန်၊ တရားမဝင် နယ်စပ် ဖြတ်ကျော် လာသူများ အနေဖြင့်လည်း မိမိတို့ လာရာလမ်းအတိုင်း ပြန်ရန် ပါရှိပြီး ယင်းစာကို နိုင်ငံခြားသားများရှိရာ အလုပ်နေရာများတွင် ယနေ့မှစ၍ ကပ်သွား မည်ဟု သိရသည်။
ထိုသို့ စာထုတ်ရခြင်းမှာ မြို့သစ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်ခဲ့သည့် ရွှေကုက္ကိုလ်အပါအဝင် မြဝတီမြို့နယ်ဒေသ တချို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် လောင်းကစားလုပ်ငန်းများ ကြီးထွားလာနေသဖြင့် ထိထိရောက်ရောက် အရေးယူ ရန် နောက်ဆုံးအဆင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း BGF ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်က ဧရာဝတီ သို့ပြောသည်။
“ဒီအလုပ်နဲ့ပတ်သက်ပြီး ကျနော်တို့ လက်မခံဘူး။ ပြန်လည်ထွက်ခွာဖို့ အကြိမ်ကြိမ်ပြောထားတာ ရှိတယ်။ အခု နောက်ပိုင်း မှာ ဒီဟာကြားသိနေရတဲ့အခါကျတော့ တရားဝင်စာထုတ်ပြန်ပြီးတော့ သတိပေးတာ ဖြစ်တယ်။ သတ်မှတ်ကာလအတွင်း ပြန်ထွက်ခွာဖို့၊ မထွက်ခွာဘူးဆိုရင်တော့ ဖမ်းပြီးပြန်ပို့မယ်။ အဲဒါကလည်း ထိထိရောက်ရောက် ကိုင်တွယ်မယ်” ဟု ဆို သည်။
ထို့အပြင် ယခုနှစ်အတွင်း မြဝတီမြို့နယ်အတွင်းမှ အွန်လိုင်းလုပ်ငန်းလုပ်နေသော သက်ဆိုင်ရာအစုအဖွဲ့များကို အစည်းဝေး ခေါ်၍ အမြန်ဆုံး ပြန်လည်ထွက်ခွာရန် ပြောထားသော်လည်း ထိရောက်မှု အားနည်းနေသည့်အတွက် နောက်ဆုံးအဆင့် ထိုသို့ သတိပေးစာထုတ်ရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ကျနော်တို့ သက်ဆိုင်ရာသံရုံးတွေကနေ ပြန်ပို့ပေးခဲ့တာလည်း အကြိမ်မနည်းတော့ဘူး။ ဒါက အထောက်အထား တွေ လည်း အကုန်ရှိတယ်။ နောက်ပြီး အိန္ဒိယသံရုံးတို့ဆိုလည်း သူတိုလူတွေ ပြန်ပို့တာကို ကျေးဇူးတင်ကြောင်း ပြောလာ တာရှိတယ်။ ဒါကတပိုင်းပေါ့နော်။ အခုနောက်ပိုင်းလည်း ဒါတွေပပျောက်ဖို့ ဆက်တိုက်လုပ်ဆောင်တာတွေ ရှိခဲ့ပါတယ်” ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။
မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် လောင်ကစားလုပ်ငန်းများ၌ လုပ်ကိုင်နေသည့် နိုင်ငံခြားသား သောင်းချီ ရှိနိုင်ကြောင်း လေ့လာစောင့်ကြည့်နေသည့် အဖွဲ့အစည်းများက ခန့်မှန်းပြောဆိုထားသည်။
BGF စည်းကမ်းထိန်းသိမ်းရေး ရုံးအုပ် ဗိုလ်ဖြိုးဝေခန့်ကလည်း “ဆိုက်တွေ၊ အလုပ်ဆိုက်တွေရှိတဲ့နေရာတိုင်း လိုက်ကပ် ပါမယ်။ ဆိုက်တိုင်းအကုန်လုံးကို လိုက်ကပ်ရမယ်လို့ လူကြီးတွေက ညွှန်ကြားထားတာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြဝတီမြို့မြောက်ဘက်ရှိ ရွှေက္ကိုလ်မြို့သစ်နှင့် မြဝတီမြို့တောင်ဘက် မယ်ထော်သလေးဒေသရှိ KK Park စီမံကိန်းများသည် အွန်လိုင်းငွေလိမ်လောင်းကစားများအပြင် လူမှောင်ခိုကူးမှုနှင့် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာနေရာအဖြစ် ကျော်ကြားနေပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။
ဧပြီ ၂၂ ရက်က ဖော်ထုတ်ကြေညာလိုက်သည့် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) ၏ အစီရင်ခံ စာ၌ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူသည် တရုတ်နိုင်ငံသားများ လည်ပတ်သော ကျားဖြန့် ဂိုဏ်းများကို အဓိကပံ့ပိုးနေသူဖြစ်ပြီး ဗိုလ်မှူးကြီး စောချစ်သူ လက်အောက်ခံ ဗိုလ်မိုလ်သိုလ်နှင့် ဗိုလ်မှူး တင်ဝင်း လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။
ဗိုလ်မှူးကြီး စောချစ်သူနှင့် ဗိုလ်မှူး တင်ဝင်းတို့သည် ယခင်ဖူလီလိုက်ဖ်လုပ်ငန်းက ထိန်းချုပ်ခဲ့သည့် ရွှေကုက္ကိုလ် အပါအဝင် မြဝတီမြို့အနီးရှိ အမေရိကန်လူမျိုးများအား ပစ်မှတ်ထားသော အွန်လိုင်းကျားဖြန့်လုပ်ငန်းများမှ အကျိုးအမြတ်ရယူပြီး အပြန်အလှန်ဖေးမကူညီနေခြင်း ဖြစ်ကြောင်းလည်း ဆိုထားသည်။
You may also like these stories:
ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ
ရွှေကုက္ကိုလ်နှင့် တရုတ်မြို့သစ်စီမံကိန်းများ ထိုင်းက လျှပ်စစ်မီးဖြတ်မည်
ကရင်ပြည်နယ်ပုံရိပ် ထိခိုက်သဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော
တရုတ်ကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း
ကျားဖြန့်တိုက်ဖျက်ရေး ဒုတိယပစ်မှတ်ဖြစ်လာတဲ့ မြဝတီ