မြန်မာနိုင်ငံသည် နေ့စဉ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်၏ ထက်ဝက်ကိုသာ ထုတ်လုပ်နိုင်တော့ကြောင်း စစ်ကောင်စီက ကြေညာပြီး ရေအားလျှပ်စစ် စက်ရုံများအတွက် မိုးရေချိန်နည်းခြင်း၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကျဆင်းခြင်းနှင့် အတိုက်အခံအင်အားစုများက အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ခြင်းတို့ကို အပြစ်တင်သည်။
ဓာတ်အား ဆက်တိုက် ပြတ်တောက်ခြင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် မတည်ငြိမ်မှုများကြောင့် ထိခိုက်နေသည့် စီးပွားရေးကို ထပ်မံထိုးနှက်ကာ အပူလှိုင်းဒဏ်ခံနေရသော နိုင်ငံတဝန်းတွင် ဆိုးရွားသော အခြေအနေများ ဖြစ်စေသည်။
မြန်မာ ဓာတ်အားပေးစနစ်သည် နိုင်ငံတွင် နေ့စဉ်လိုအပ်သည့် ဓာတ်အား ၅,၄၄၃ မဂ္ဂါဝပ်အနက် ၂,၈၀၀ မဂ္ဂါဝပ်ကိုသာ ထုတ်လုပ်နိုင်သည်ဟု မေလ ၁ ရက်နေ့တွင် စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည့် လျှပ်စစ်အာဏာပိုင်များ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
သဘာဝဓာတ်ငွေ့မှ ပြည်တွင်းဓာတ်အား ထုတ်လုပ်မှုသည် နေ့စဉ် စွမ်းရည်အောက် ၄၄၆ မဂ္ဂါဝပ် လျော့နည်းနေပြီး မိုးရေချိန် နိမ့်ခြင်းသည် ရေအားလျှပ်စစ်မှ နေ့စဉ် မလုံလောက်မှု ၃၅၀ မဂ္ဂါဝပ် ဖြစ်စေသည် ဟုဆိုသည်။
တရုတ်နှင့် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ခြင်းသည် ငွေပြတ်လပ်နေသည့် စစ်ကောင်စီအတွက် အဓိက ဝင်ငွေ အရင်းအမြစ်ဖြစ်ပြီး တလလျှင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်ရကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြသည်။
ပြည်တွင်း ဓာတ်အား ထုတ်လုပ်မှု ကျဆင်းခြင်းအတွက် အတိုက်အခံ အင်အားစုများကိုလည်း စစ်ကောင်စီက အပြစ်တင်သည်။
၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီ အာဏာသိမ်းခြင်းသည် ရှိနှင့်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားစေကာ စစ်ကောင်စီကို ဖြုတ်ချရန် တိုက်ပွဲဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဒါဇင်ပေါင်းများစွာကို မွေးဖွားပေးသည်။
ဓာတ်အားလိုင်းများ တိုက်ခိုက်ခံရသောကြောင့် ရေအားလျှပ်စစ် ၃၅၀ မဂ္ဂါဝပ်ဆုံးရှုံးသည်ဟု လျှပ်စစ်စွမ်းအား အာဏာပိုင်များက ပြောသည်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဓာတ်အားပေး တာဝါတိုင် ၈၉ ခု ဖျက်ဆီးခံရပြီး ဓာတ်အားပေး စက်ရုံ ငါးရုံ ဗုံးခွဲခံရကာ ပင်မဓာတ်အားလိုင်းကို တိုက်ခိုက်မှု ၇၁ ခုရှိကြောင်း စစ်ကောင်စီက ပြောသည်။
မြန်မာမှ ဓာတ်အားပေး စက်ရုံများ၏ ၇၇ ရာခိုင်နှုန်းသည် ပဋိပက္ခကြောင့် ထိခိုက်နိုင်သည့် နေရာများမှ ၁၀ ကီလိုမီတာ အတွင်းရှိကြောင်း ကမ္ဘာ့ဘဏ်က လွန်ခဲ့သောနှစ်တွင် ပြောသည်။
လျှပ်စစ်ဓာတ်အားခ မဆောင်သောကြောင့် မီတာအလုံး ၄ သိန်းကို ဓာတ်အား ဖြတ်တောက်ခဲ့ကြောင်း လျှပ်စစ်အာဏာပိုင်များက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချသည့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာနိုင်ငံတဝန်းမှ ပြည်သူအများအပြားသည် ဝန်ဆောင်ခများနှင့် အခြားအခွန်များကို ပေးဆောင်ခြင်း မရှိပေ။
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် ပဋိပက္ခသည် ပြည်သူ ၂ ဒသမ ၅ သန်းကို နေရပ်စွန့်ခွာရစေသည်ဟု ကုလသမဂ္ဂက ပြောသည်။
မေလ ၂ ရက်နေ့ ညနေ သုံးနာရီခွဲတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားကြောင်း စီးပွားရေးမြို့တော် ရန်ကုန်တွင် နေထိုင်သူများက ပြောသည်။
လျှပ်စစ်အာဏာပိုင်အဖွဲ့က လူ ၈ သန်းနေထိုင်သော ရန်ကုန်တွင် ဓာတ်အား ပြန်လည်ရရှိရန် အချိန်မီ လုပ်ဆောင်နေကြောင်း ကြေညာခဲ့သည်။
ကိုးကား ။ ။ AFP သတင်း Myanmar’s Power Grid Meeting Half of Country’s Needs Amid Conflict: Junta
You may also like these stories:
ရန်ကုန်မြို့ခံတွေရဲ့ လျှပ်စစ်မီးဒုက္ခ (ရုပ်/သံ)
ရန်ကုန်မှာ လျှပ်စစ်မီး ဆိုးဝါးစွာပြတ်တောက် (ရုပ်/သံ)
လျှပ်စစ်မီး၊ စက်သုံးဆီ အခက်အခဲကြောင့် မန္တလေးရှိ အိမ်တွင်းလုပ်ငန်းများ ရပ်နား
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော
ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်