အမျိုးသားများ ပြည်ပတရားဝင် သွားရောက် အလုပ်လုပ်ခွင့်ကို ယာယီရပ်ဆိုင်းထားရာ ယမန်နေ့က အလုပ်သမား ဝန်ကြီးဌာနမှ အလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီများထံ ဖုန်းဖြင့် ဆက်သွယ်၍ အလုပ်ခေါ် စာများ ပြန်လည်တင်ခွင့် ပေးကာ ဖြေလျော့ပေးခဲ့ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူတဦးက “Demand တွေ ပြန်တင် ခွင့်ပေးပါပြီ။ မနေ့က ဖြေလျှော့မှု စတယ်လို့ ပြောရမယ်။ တချို့စာတွေက တရားဝင်ထုတ်ပြန်တယ်ဆိုတာထက် ပိတ် တုန်းကလည်း တရားဝင်ပိတ်တာ ဘာမှမရှိဘူး။ ဖွင့်တော့ လည်း အေဂျင်စီတွေကို ဖုန်းဆက်ပြီး အကြောင်းကြား ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အမျိုးသားများ ပြည်ပထွက် အလုပ် လုပ်ခွင့်ကို စစ်ကောင်စီ လက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာနက မေလ ၁ ရက်ကစ၍ ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး တပတ်ခန့်အကြာ၌ ပြန်လည် ဖြေလျှော့ပေးလိုက်ခြင်း ဖြစ်သည်။
ထိုသို့ ကန့်သတ်ချက် ပြန်လည်ဖြေလျှော့သည်ဆိုသော်လည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်း အမျိုးသားများ၏ အလုပ်ခေါ်စာ (Demand Letter) များကို လက်ခံခြင်းမရှိသေးကြောင်း အလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီများထံက သိရသည်။
ပြည်ပအလုပ်အကိုင် အေဂျင်စီတခုမှ “တပတ်လောက်အတွင်းမှာ ပိတ်တာ ဖွင့်တာဖြစ်သွားတာဆိုတော့ ကျနော်တို့ အတွက်တော့ အပြောင်းအလဲတော့ သိပ်မရှိပါဘူး” ဟု ပြောသည်။
ပြည်သူ့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် စစ်ကောင်စီက လစဉ် လူသစ်စုဆောင်းမှုများပြုလုပ်နေချိန်တွင် လူငယ် လူ ရွယ်အများစုမှာ ပြည်ပသို့ထွက်၍ အလုပ် လုပ်ကိုင်သူနှင့် ထွက်ရန်ပြင်ဆင်နေသူဦးရေ များပြားလာချိန်၌ ထိုသို့ ပိတ် လိုက်သဖြင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။
ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် လူငယ်အများစုမှာ ဘာသာစကားသင်တန်း၊ သက်မွေးဝမ်းကျောင်းသင်တန်းများ နှင့် နိုင်ငံကူးလက်မှတ်ကြေး၊ ဗီဇာကြေးများအတွက် ငွေကြေးများစွာကုန်ကျခံရပြီး အများစုမှာ ယင်းငွေများကို ချေးငှား ရှာဖွေထားရသဖြင့် ယင်းသို့ စိုးရိမ်ပူပန်မှုများမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
သထုံမြို့မှနေ ဂျပန်သို့ အလုပ်သွားလုပ်ရန် ပြင်ဆင်နေသူတဦးက “ရန်ကုန်လာ သင်တန်းတက်ဖို့အတွက် သိန်း ၆၀ လောက်ကို အတိုး ၁၀ ရာခိုင်နှုန်းနဲ့ ချေးပြီးလာရတာ။ ခုတောင် အတိုးပေးရတာ ၂ လ ရှိပြီ။ ကြာလာရင် အတိုးက ထပ်ပြီးတက်လာတော့မှာဆိုတော့ ထိုင်းကို အောက်လမ်းကနေပဲ သွားတော့မို့ စဉ်းစားထားတယ်။ အဲဒီအတွက်လည်း ပိုက်ဆံထပ်ချေးရဦးမှာ။ စုံစမ်းကြည့်တာတော့ သိန်း ၃၀လောက်ကုန်မယ်လို့ ပြောတယ်။ ဟိုရောက်ရင်လည်း ဘတ် ရိုက်ဖို့လုပ်ရဦးမှာနဲ့ အကြွေးတွေ ပြန်ဆပ်ရဦးမှာနဲ့ဆိုတော့ အကြွေးက ၂ နှစ်လောက်ဆပ်လို့ ကျေရင် ကံကောင်းပဲ” ဟု ပြောသည်။
လူငယ်များအနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၊ မလေးရှား၊ လာအို၊ စင်္ကာပူနှင့် ဂျပန်၊ ကိုးရီးယား၊ ဒူဘိုင်း စသော နိုင်ငံများသို့ အများဆုံး ထွက်ခွာကြကြောင်း အလုပ်သမားအေဂျင်စီများထံမှ သိရသည်။
ထိုသို့ ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့်အား ကန့်သတ်မှုများကြောင့် ပြည်ပသို့ နယ်စပ်များမှတဆင့် တရားမဝင် ထွက်၍ လုပ်ကိုင်ကြမည့် လူငယ်များ ပိုမိုများလာနိုင်ကြောင်း အလုပ်သမား အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။
၎င်းက “ရတဲ့နည်းနဲ့ထွက်ကြမှာ။ အောက်လမ်းက ထွက်တဲ့သူ ပိုများလာမှာပေါ့။ ကိုယ့်နိုင်ငံသားတွေ လမ်းမှာဖမ်းမိ ဒုက္ခမျိုးစုံ ထပ်ရောက်ကြရဦးမှာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းအတွင်းကလည်း ပြည်ပသို့ အလုပ်သမားစေလွှတ်ရန် နိုင်ငံတကာရှိ အလုပ်ခေါ်စာ အသစ် တင်ခြင်းများကို ရပ်နားခဲ့ပြီး နောက်တရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။
You may also like these stories:
အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ယာယီရပ်ဆိုင်း
သေရေးရှင်ရေး စစ်မှုထမ်းဥပဒေကြောင့် မြန်မာမှ ထွက်မပြေးချင်ဘဲ ပြေးရ
လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ