တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီနှင့်ကျယ်ဂေါင်မြို့များတွင် မြန်မာနိုင်ငံသားများအား တင်းကျပ်စွာ စစ်ဆေးနေပြီး တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်ကြောင်း တွေ့ရှိပါက ဖမ်းဆီးထောင်ချကာ ပြန်ပို့ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံသား အများစုမှာ ရွှေနန်းတော်၊ ဆင်ဖြူစသည့် မူဆယ်နယ်ဂိတ်များမှ ရက်သတ္တတပတ် နေထိုင်ခွင့်ကတ် ဖြင့် ၎င်းမြို့များသို့ သွားရောက်ကြပြီး ယခုအခါ အဆိုပါ တပတ်နေထိုင်ခွင့်ကတ်နှင့် အလုပ်လုပ်နေသူ၊ နေထိုင်ခွင့် သက်တမ်းကျော်လွန်နေသူ၊ တရားဝင်အထောက်အထားမရှိဘဲ နေထိုင်သူများကို ဖမ်းဆီးနေခြင်း ဖြစ်သည်။
မူဆယ်ဒေသခံတဦးက “တပတ်ကတ်သမားတွေကို ပြန်လွှတ်နေတာ ဟုတ်တယ်။ စာအုပ်အနီသမားလည်း ရှိတိုင်း သွား မရဘူး။ အခု စမတ်ကတ် (UID) ရှိမှ သွားလို့ရမယ်၊ အရင်လို တပတ်ကတ်နဲ့ အလုပ် သွားလုပ်လို့ မရဘူး။ စမတ်ကတ်ရော၊ တပတ်ကတ်ရောပါမှ သွားလို့ရမယ်။ အဲဒီ UID ကလည်း ဈေးတော်တော်များတယ်။ တရုတ်က အခု ဘယ်သူ့ကိုမှ လက်မခံတာ။ အခု ဖမ်းလို့မိရင် ထောင်က ၅ နှစ်လောက်ထိ ချတယ်ဗျ။ နောက်ပြီးတော့ တရုတ်ထဲဝင်ဖို့ ၁ နှစ် ၂ နှစ်ကနေ ၅ နှစ်အထိ ပိတ်တာတွေလည်း ရှိတယ်” ဟု လက်ရှိအခြေအနေ ကို ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် တရုတ်အာဏာပိုင်များက နေထိုင်ခွင့် သက်တမ်းကုန်နေသည့်သူများကို နေထိုင်ခွင့်ပေးပါက အိမ်ရှင်များ ကိုပါ အရေးယူမည်ဖြစ်ကြောင်း ဖမ်းဆီးစစ်ဆေး၍တွေ့ရှိပါက အိမ်ရှင်၊ အိမ်ငှား တရုတ်ယွမ်ငွေ ၁ သောင်း (ကျပ် သိန်း ၅၀ ကျော်) ပေးဆောင်ရမည့်အပြင် ထောင်ဒဏ်ပါ ချမှတ်မည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လိုက်လံ အသိပေး ကြေညာထားကြောင်း သိရသည်။

ထို့ပြင် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးထောင်ချခံရသူများလည်း ရှိနေသလို နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP) ဖြင့် နေထိုင်သည့်သူများကို မြန်မာဘက်အခြမ်းသို့ ပြန်လွှတ်၍ စမတ်ကတ် (UID) နှင့် ၁ နှစ်သက်တမ်းရှိ တရုတ်- မြန်မာနယ်စပ်သွားလာခွင့်လက်မှတ် (Border Pass- BP) စာအုပ်အနီ ပြန်လည် ပြုလုပ်ခိုင်းနေကြောင်း သိရသည်။
မူဆယ်မြို့တွင် နေထိုင်သူတဦးက “မူဆယ်နယ်စပ်ကနေ တပတ်ကတ်တွေနဲ့ ဝင်တာ သိပ်အဆင်မပြေတော့ဘူး။ အဖမ်းအဆီး များနေတယ်။ နောက်ပြီးတော့ ဝင်မယ်/ ထွက်မယ်ဆိုရင် စမတ်ကတ်တွေ လိုနေတယ်။ အဲဒါလုပ် ဘဖို့ကျတော့ လည်း မူဆယ်မှာကို ကျပ်သိန်းဂဏန်းလောက် ပေါက်နေတယ်။ နောက်ပြီး တခါတန်းစီရင် လူက ထောင်နဲ့ချီ တန်းစီနေ ရတယ်။ တရုတ်ဘက်ကလည်း တပတ်ကတ်တွေကို တအားတင်းကျပ်တယ်၊ အရေအတွက် တော့ အတိကျမသိပေမယ့် တရုတ်ဘက်မှာ နေ့စဉ် အဖမ်းခံနေရတာ၊ ပြန်ပို့ခံနေရတာတွေ ရှိနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အများအခေါ် စာအုပ်အနီ (Boder pass) မှာ မူဆယ်ခရိုင်အတွင်း အိမ်ထောင်စုဇယားရှိသူများသာ ပြုလုပ်ခွင့်ရှိပြီး အခြား မြို့နယ်များတွင် နေထိုင်သူများမှာ လုပ်ခွင့်မရှိ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP) သာ ပြုလုပ်နိုင် မည် ဖြစ်၍ အခက်တွေ့နေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် UID စမတ်ကတ်ပြုလုပ်ရန်အတွက် ကျပ် ၃ သိန်းမှ ကျပ် ၄ သိန်းအထိ ပေါက်ဈေးရှိပြီး စာအုပ်အနီပြုလုပ် ရန် ကျပ်သိန်း ၇၀ ခန့် ကုန်ကျစရိတ်ရှိသောကြောင့် တရုတ်ဘက်သို့ အလုပ် သွားရောက်လုပ်ကိုင်မည့် မြန်မာ လုပ်သား များနှင့် မိသားစုများ အခက်အကြုံနေခြင်းဖြစ်ကြောင်း အထက်ပါဒေသခံက ပြောသည်။
“တရုတ်ဘက်က တအားတင်းကျပ်နေတော့ အဆင်မပြေကြတော့ဘူး။ တပတ်ကတ်နဲ့ဆိုရင် အိမ်ရှင်ရော မိရင် နှစ်ဦး စလုံး အရေးယူမယ်ဆိုတာ တခန်းဝင် တခန်းထွက် လိုက်ပြောနေတာ ရှိတယ်။ အဖမ်းအဆီး ကြမ်းနေတာတော့ နှစ်လသုံးလလောက်ရှိပြီ” ဟု ၎င်းက ရှင်းပြသည်။
ယခုကဲ့သို့ တရုတ်အာဏာပိုင်များက ဖမ်းဆီးစစ်ဆေးမှု တင်းကျပ်ခြင်းမှာ တရုတ်ပြည်တွင် အလုပ်သမား ရှားပါးမှု ပြဿနာမှာ အတော်အသင့် ပြေလည်သည့်အခြေအနေသို့ ရောက်ရှိလာသလို၊ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်းမှ လူငယ်လူရွယစုပြုံ ဝင်ရောက်လာသဖြင့် လူဦးရေများပြားလာသောကြောင့် တင်းကျပ်လာခြင်း ဖြစ် ကြောင်း မူဆယ်ဒေသခံများထံက သိရသည်။

ရွှေလီတွင် မိသားစုလိုက် သွားရောက်နေထိုင်နေသည့်သူတဦးက “အရင်ဆို တပတ်ကတ်နဲ့ဝင်လို့ရတယ်။ အခုက လုံးဝ မရတော့တာ။ မြန်မာတွေကို လိုက်ဖမ်းနေတယ်။ မပြန်ရင် ထောင် ၂ နှစ်လို့လဲပြောတယ်။ အကုန်ပြန်ရမှာ။ စာအုပ်အနီ က လုပ်ရင် ကျပ်သိန်း ၇၀ လောက် အခုပေါက်ကြေးရှိတယ်။ ပြီးတော့ QR code လည်း လုပ်ရမယ်။ ဈေးကလည်း မတတ်နိုင် တော်တော်ခက်ခဲနေတာ။ အခုက အဖမ်းအဆီးကြမ်းနေတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
ယင်းအခြေအနေများကြောင့် မြန်မာအလုပ်သမားအများစုမှာ တရုတ်နိုင်ငံထဲသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အခက်အခဲများ ကြုံတွေ့ရသည့်အခြေအနေများရှိကြောင်း ယခင်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ အလုပ် သွားရောက် လုပ်ကိုင်သည့် မြန်မာများကို ၎င်းတို့ အလုပ်ရှင်သူဌေးမှ အာမခံပေးပါက ဖမ်းဆီးခြင်းမရှိသော်လည်း လက်ရှိတွင် အဆိုပါ အထောက်အထားများ မပြည့်စုံပါက သူဌေးမှ အာမခံပေး၍လည်း မရတော့ကြောင်း သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းရှိ လူငယ်လူရွယ်အများစုမှာ တရုတ်၊ ထိုင်း၊ လာအို အစရှိသည့် နိုင်ငံ များသို့ တရားဝင် သို့မဟုတ် တရားမဝင် ရသည့်နည်းလမ်းဖြင့် သွားရောက် အလုပ် လုပ်ကိုင်ကြပြီး လက်ရှိတွင်လည်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်း၍ စစ်သားအဓမ္မစုဆောင်းနေသောကြောင့် အများစုမှာ နေရပ်မပြန်ချင်ကြ ကြောင်း သိရသည်။
“ကျမတို့က ရန်ကုန်ကနေ လာတာပါ။ ဒီမှာနေတာလည်း ၁၀ နှစ် လောက်ရှိနေပြီ။ ရန်ကုန်ပြန်ရင် ကလေး တွေက အသက် ၂၀ ကျော်တွေဆိုတော့ စစ်မှုထမ်းဥပဒေလည်း ကြောက်ရတော့ မပြန်ချင်ဘူး။ ဒီမှာလည်း နေလို့က မရတော့ဘူး။ UID လုပ်ဖို့ကလည်း ဈေးက အရမ်းများတော့ မတတ်နိုင်ဘူးဖြစ်နေတာ။ ဖမ်းတာကလည်း အိမ်ရှင်ပါ ဖမ်းမယ်ဆိုတော့ နေလို့က ဘယ်လိုမှ မရတော့ဘူး” ဟု ရွှေလီတွင်နေထိုင်သူ တဦးက ဆိုသည်။
တရုတ်နိုင်ငံတွင် မြန်မာလုပ်သား သိန်းနှင့်ချီရှိနေပြီး လက်ရှိ၌လည်း ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများမှာ များပြားနေသောကြောင့် ယခင်က နေ့စားအလုပ်သမားတယောက် တရက်လျှင် တရုတ်ငွေယွမ် ၃၀၀၊ ၄၀၀ ခန့်ရရှိ သော်လည်း ယခုအခါ ယွမ် ၅၀ မှ ယွမ် ၈၀ ခန့်သာရရှိသည့် အခြေအနေများရှိကြောင်း သိရသည်။
ရွှေလီနှင့် ကျယ်ဂေါင်တို့၌ စက်ရုံအများအပြားရှိပြီး မြန်မာအလုပ်သားအများစုမှာ ပန်းကန်စက်ရုံ၊ အထည်စက်ရုံ၊ ဆား ကစ်ပြားစက်ရုံ၊ အားသွင်းကြိုးစက်ရုံ၊ ဆိုင်ကယ်ထုတ်လုပ်ရေးစက်ရုံ၊ နားကြပ်စက်ရုံ၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော စက်ရုံများနှင့် ကြံပင်ခုတ်ခြင်းကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် အလုပ် လုပ်ကိုင်နေကြကြောင်း သိရသည်။
You may also like these stories:
အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့
နမ့်ခမ်း-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် TNLA ပြန်ဖွင့်
အတင်းအကျပ် စစ်သားစုမှုကြောင့် မန္တလေး၌ လုပ်သားရှားပါးလာ