ဆေးခြောက်သုံးစွဲမှုကို ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်သည့် ယခင် ထိုင်း အစိုးရ၏ မူဝါဒကို ဖွေထိုင်းပါတီ ဦးဆောင်သော လက်ရှိ အစိုးရက နောက်ပြန်လှည့်ခြင်းသည် ဝေဖန်မှုများဖြစ်စေပြီး ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် ပြန်လည်သတ်မှတ်မည့် အစီအစဉ်ကို ဆန့်ကျင်မည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများပြောသည်။
ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် ပြန်လည်သတ်မှတ်လိုကြောင်းနှင့် ထိုသို့လုပ်ခြင်းကြောင့် ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင် ဘွန်ဂျိုင်ထိုင်း ပါတီကို စိတ်မပျက်စေလိုကြောင်း ဝန်ကြီးချုပ် ဆက်ထာ ထာဝီဆင် ကြာသပတေးနေ့တွင် ပြောသည်။
၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် ဘွန်ဂျိုင်ထိုင်းပါတီသည် ဆေးခြောက်မူဝါဒဖြင့် အဓိက မဲဆွယ်ပြီးနောက် ဆေးခြောက်ပင်ကို ၂၀၂၂ ခုနှစ်တွင် ရာဇဝတ်မှုစာရင်းမှ ပယ်ဖျက်ခဲ့သည်။
ထိုကိစ္စကို ပြည်ထဲရေးဝန်ကြီးနှင့် ဘွန်ဂျိုင်ထိုင်းပါတီ ခေါင်းဆောင် အနုတင်ချန်ဝီရာကူနှင့် ဆွေးနွေးခဲ့ပါသလား ဟုမေးသောအခါ ဆက်ထာက သက်ဆိုင်သည့် အာဏာပိုင်များသည် ထိုကိစ္စကို ဆွေးနွေးပြီးဖြစ်သည်ဟု ယူဆကြောင်းပြောသည်။
နိုင်ငံမှ မူးယစ်ဆေးဝါးပြဿနာကို ဆွေးနွေးရန် ဆက်ထာသည် သက်ဆိုင်ရာအရာရှိများနှင့် ဗုဒ္ဓဟူးနေ့တွင် အစည်းအဝေးကျင်းပသည်။ တက်ရောက်သူများတွင် မစ္စတာ အနုတင်၊ ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွမ်ဆက်သက် ဆုတင်၊ တရားရေးဝန်ကြီး တာဝီ ဆော့ဆောင်နှင့် လုံခြုံရေးအရာရှိများပါဝင်သည်။
ထိုင်းအစိုးရပြောခွင့်ရသူ ချိုင် ဝါချာရွန်ကီက ထိုအစည်းအဝေးနှင့်ပတ်သက်ပြီး အကျဉ်းချုပ်ပြောသည်။ ဝန်ကြီးချုပ်က အစိုးရဌာနများအနေဖြင့် မူးယစ်မှောင်ခိုသူများကို အပြင်းအထန် နှိမ်နင်းရန်၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်နှင့် မူးယစ်ဆေးစွဲသူများကို ပြန်လည်ထူထောင်ရေးလုပ်ရန် ညွှန်ကြားပြီး မူးယစ်ဆေးပြဿနာ၏ လူမှုရိုက်ခတ်မှုများကို စိုးရိမ်ကြောင်းပြောသည်ဟု ချိုင် ပြောသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသည် အမျိုးသား ဦးစားပေးဖြစ်သည်ဟု ဝန်ကြီးချုပ်ပြောသည်ဟု သူပြောသည်။
ဆေးခြောက်ကို အပိုင်းကဏ္ဍ ၅ မူးယစ်ဆေးဝါးစာရင်းတွင် ပြန်လည်ထည့်သွင်းရန် ဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းကိုပြင်ရန်နှင့် ယခုနှစ်ကုန်တွင် ဆေးခြောက်ပင်ကို ဆေးဝါးအဖြစ်သာသုံးခွင့်ပေးသည့် လုပ်ထုံးလုပ်နည်းသစ် ထုတ်ပြန်ရန် ဆက်ထာက ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနကို ညွှန်ကြားသည်ဟု ပြောခွင့်ရသူပြောသည်။
“မူးယစ်ဆေးဝါးပြဿနာက နိုင်ငံအတွက် အရေးပါတဲ့ စိုးရိမ်မှုဖြစ်တယ်။ တိုင်းပြည်ရဲ့အနာဂတ်ကို ထိခိုက်စေတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ အားထုတ်မှုလုပ်ရမယ်။ အစိုးရဌာန အားလုံးဟာ မူးယစ်မှောင်ခိုတွေကို ဖြိုခွဲဖို့နဲ့ မူးယစ်ဆေးစွဲသူတွေကို ပြန်လည်ထူထောင်ဖို့ အပြင်းအထန်ကြိုးစားရမယ်။ ရက် ၉၀ အတွင်း တိုးတက်မှုရအောင် လုပ်ရမယ်” ဟု ဝန်ကြီးချုပ်ပြောသည်ဟု ချိုင်ပြောသည်။
ဆေးခြောက်ကို မူးယစ်ဆေးစာရင်းမှ ပယ်ဖျက်ခြင်းအား အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ကြောင်း အနုတင်က ပြောသည်။ အစိုးရအနေဖြင့် ဆေးခြောက်ကို မူးယစ်ဆေးစာရင်းတွင် ပြန်လည်ထည့်သွင်းလိုပါက ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ထိုသို့လုပ်ရန်အတွက် လုံလောက်သော သတင်းအချက်အလက် စုဆောင်းကာ ထိုကိစ္စကို ကျန်းမာရေး ကော်မတီတွင် မဲခွဲရမည်ဖြစ်ကြောင်းလည်း သူပြောသည်။
ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် ပြန်လည်သတ်မှတ်မည့် အစီအစဉ်ကို အာဏာပိုင်များဆက်လုပ်မည်ဆိုပါက အစိုးရအိမ်တော်ရှေ့တွင် အရေးပါသည့် လူထုအစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း Cannabis Future Network အတွင်းရေးမှူးချုပ် ပရာဆစ်ချိုင် နူနူရယ်က ယမန်နေ့တွင်ပြောသည်။
ဆေးခြောက်ကင်းလွတ်ခွင့်ပေးရေးသည် ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲမတိုင်မီက ဘွန်ဂျန်ထိုင်းပါတီ၏ အဓိက ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်သည်။
ထိုနောက် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုဖြစ်စေသည့် ဒြပ်ပေါင်း တက်ထရာဟိုက်ဒရို ကန်နာဘီနော ဝ.၂ ရာခိုင်နှုန်းထက် ပိုမိုပါဝင်သည့် ထုတ်ကုန်မှအပ ဆေးခြောက်ကို မူးယစ်ဆေးဥပဒေ၏ အပိုင်းကဏ္ဍ ၅ မူးယစ်ဆေးစာရင်းမှ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့ တော်ဝင်ပြန်တမ်းဖြင့် ပယ်ဖျက်ခဲ့သည်။
ထိုပြန်တမ်းတွင် ပြည်သူများကို တရားဝင် ဆေးခြောက်စိုက်ပျိုးပြီး ဆေးကုသမှုအတွက် အိမ်သုံးဆေးအဖြစ် သုံးစွဲခွင့်ပြုသည်။
ရည်ရွယ်ချက်မှာ ဆေးခြောက်၏ ဆေးဘက်ဆိုင်ရာ အကျိုးပြုမှု မြှင့်တင်ရန်၊ ငွေရှာပေးသည့် သီးနှံအဖြစ် ဆေးခြောက်ကို အားပေးကာ စီးပွားရေး မြှင့်တင်ရန်နှင့် အစားအစာ၊ ဖက်ရှင်နှင့် အလှကုန်တွင် အသုံးပြုခွင့်ပေးရန်ဖြစ်သည်။
လက်ရှိလုပ်ထုံးလုပ်နည်းတွင် အများပြည်သူရှေ့တွင် ဆေးခြောက်ကို ဆေးလိပ်အဖြစ် မသုံးစွဲရေး၊ အသက် ၂၀ အောက်အရွယ်များနှင့် ကိုယ်ဝန်ဆောင်များသို့ မရောင်းချရေးတို့ပါဝင်သည်။ ဆေးခြောက်ဆိုင်များသည် လိုင်စင်လျှောက်ထားရမည်ဖြစ်ပြီး လုပ်ငန်းသုံးစိုက်ပျိုးသူများသည်လည်း လိုင်စင်လျှောက်ထားရမည်ဖြစ်သည်။
သို့သော် ရာဇဝတ်မှုမှ ပယ်ဖျက်ခြင်းအား ဆေးခြောက်ကို ထိန်းချုပ်ရန် လိုအပ်သည့် ဥပဒေမတိုင်မီ ပြုလုပ်ခဲ့သောကြောင့် ထိုလုပ်ငန်းသည် နိုင်ငံခြားသား အများအပြားက ပိုင်ဆိုင်သော လွတ်လပ်သည့် စီးပွားရေးလုပ်ငန်းဖြစ်လာပြီး ရင်းနှီးမြှုပ်နှံကြကာ အသုံးပြုသူများသည် ဆေးဘက်ဆိုင်ရာ သို့မဟုတ် စားသုံးသူ လမ်းညွန်မရှိဘဲ ဝယ်ယူကြသည်။
ပါလီမန်တွင် ဆေးခြောက်ဥပဒေ ပြဋ္ဌာန်းရခြင်း မရှိသေးသောကြောင့် ဆေးခြောက်လွတ်လပ်ခွင့်မည်မျှရှိသည်ကို မေးခွန်းထုတ်စရာဖြစ်စေသည်။
ဘွန်ဂျိုင်ထိုင်း ပါတီက တင်သွင်းသည့် ဆေးခြောက်ဥပဒေကြမ်းကို လွန်ခဲ့သောနှစ်အစောပိုင်းက ပါလီမန်တွင် ဒုတိယအကြိမ် ဆွေးနွေးစဉ်က ပယ်ချခဲ့သည်။ ထိုဥပဒေကြမ်းတွင် ဇုန်ခွဲခြားသတ်မှတ်ခြင်းအပါအဝင် လုံခြုံရေး အစီအမံအများအပြား ပါဝင်သည်။
ထိုစဉ်က ဖွေထိုင်းနှင့် ဒီမိုကရက်တစ်ပါတီများက ထိုဥပဒေကြမ်းကိုဆန့်ကျင်ပြီး ထိုဥပဒေကြမ်းပါ လုပ်ထုံးလုပ်နည်းများသည် လျော့ရဲလွန်းသည်ဟုပြောသည်။
ကိုးကား။ ။ Bangkok Post သတင်း Weed policy U-turn draws flak
You may also like these stories:
နယ်စပ်ကုန်သွယ်ရေး လက်လွှတ်ရခြင်းက စစ်ကောင်စီ ဒေါ်လာသန်းချီ ဆုံးရှုံး
မြဝတီနယ်စပ်ကုန်သွယ်ရေးရပ်၊ လမ်းကြောင်းပြောင်းတင်ပို့နေရ
Chevron က ရှယ်ယာများကို စစ်ကောင်စီနှင့် ထိုင်း PTTEP သို့ လွှဲပေး
ဆေးဝါးရှားပါး ဈေးတက်သဖြင့် နာတာရှည် ဝေဒနာရှင်များ အခက်တွေ့