တော်လှန်ရေးအင်အားစုများ ကြီးထွားလာသောကြောင့် ယခင် မကြုံဖူးသည့် ဖိအားနှင့် ရင်ဆိုင်နေရသော်လည်း စစ်ကောင်စီခေါင်းဆောင်သည် ယခုအပတ်အတွင်း ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်းနှင့် ဆွေးနွေးစဉ် မြန်မာတွင် ရွေးကောက်ပွဲလုပ်မည့် အစီအစဉ်များကို ဆွေးနွေးသည်ဟု အဆင့်မြင့်အရာရှိတဦးက ပြောသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန် အကြိမ်ကြိမ် ကတိပြုသော်လည်း ရွေးကောက်ပွဲ ကျင်းပမည့်အချိန်ကို ထုတ်ပြန်ကြေညာခြင်း မရှိပေ။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတွင် ဖြုတ်ချခံခဲ့ရသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခွင့်ပြုရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တောင်းဆိုခဲ့ကြောင်း ဆယ်စုနှစ် လေးခုနီးပါး တာဝန်ယူပြီးနောက် လွန်ခဲ့သောနှစ်တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သော ဟွန်ဆန်က အင်္ဂါနေ့တွင် ပြောသည်။
သူ၏ တောင်းဆိုမှုကို မင်းအောင်လှိုင်က အလေးအနက်ထားလိမ့်မည်ဟု မစ္စတာ ဟွန်ဆန်က ပြောသည်။
ဟွန်ဆန်သည် မြန်မာ့အရေးစိတ်ဝင်စားသည့် ဝါရင့်ခေါင်းဆောင်ဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုမှုကို ၎င်းက တိုက်ရိုက်ပြောကြားခြင်း မရှိပေ။
“ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပဖို့ ကျနော်တို့ ကတိပြုထားတယ်။ အခု အဲဒီအတွက် ပြင်ဆင်မှုတွေ အကောင်အထည်ဖော်တာတွေ လုပ်နေတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ဗုဒ္ဓဟူးနေ့တွင် ပြောကြောင်း စစ်ကောင်စီထိန်းချုပ် မီဒီယာအရ သိရသည်။
“အဲဒီလုပ်ငန်းကို နှောင့်နှေးထိခိုက်စေမယ့် လုပ်ဆောင်မှုတွေ၊ ကိစ္စတွေကို ကျနော်တို့ ရှောင်ရှားမယ်” ဟု ၎င်းက ဆက်ပြောသည်။
၂၀၂၁ အာဏာသိမ်းမှုတွင် ဖမ်းဆီးခံရသူ ရာပေါင်းများစွာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပြီး ဆန္ဒပြပွဲများဖြစ်စေကာ ထိုဆန္ဒပြပွဲများကို စစ်ကောင်စီက အကြမ်းဖက် နှိမ်နင်းသောကြောင့် မြန်မာနိုင်ငံ ဖရိုဖရဲ ဖြစ်နေသည်။
ထိုဆန္ဒပြဆန့်ကျင်မှုသည် အခြေခံလူတန်းစား၏ လက်နက်ကိုင်တော်လှန်မှုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပြီး ထိုလက်နက်ကိုင်တော်လှန်ရေးသည် မြန်မာနယ်စပ်များမှ တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် ပေါင်းစည်းပြီး စစ်ကောင်စီအတွက် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်စေသည်။
မည်သည့်နေရာတွင် ထားသည်ကို အတိအကျ မသိရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်အမျိုးမျိုးဖြင့် ထောင် ၂၇ နှစ်ချထားသည်။ ထိုပြစ်မှုများကို ဒေါ်အောင်ဆန်းစုကြည် မကျူးလွန်ကြောင်း သူ၏မဟာမိတ်များက ပြောသည်။
ငြိမ်းချမ်းတည်ငြိမ်မှုရလျှင် ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီ စီစဉ်ထားသော်လည်း တနိုင်ငံလုံးတွင် ကျင်းပနိုင်မည် မဟုတ်ဘဲ စစ်ကောင်စီသည် ယာယီ အာဏာရယူထားခြင်းသာဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လတွင် ပြောသည်။
ကိုးကား ။ ။ Reuters သတင်း Myanmar junta reiterates election plan after ex-Cambodia PM seeks Suu Kyi access
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ပေးမတွေ့ရဲသလဲ (ရုပ်/သံ)
သက်ဆင်နဲ့ ဟွန်ဆန်ရဲ့ မြန်မာ့အရေးကြားဝင်မှု အလုပ်ဖြစ်မှာမဟုတ် (ရုပ်/သံ)
ကြားဝင်ဖြန်ဖြေပေးရန် စစ်ကောင်စီကို ဆက်ထာနှင့် ဟွန်ဆန် ကမ်းလှမ်း
မြန်မာ့အရေး သက်ဆင် ကြားဝင်ရန် ကြိုးစားမှု ကျရှုံး
ဒေါ်အောင်ဆန်းစုကြည်ကို ဟွန်ဆန်နှင့် တွေ့ခွင့်မပေးနိုင်ဟု စစ်ကောင်စီ ပြော