သမဝါယမဘဏ်လီမိတက် (CB ဘဏ်) ဥက္ကဋ္ဌ ဦးခင်မောင်အေးကို စစ်ကောင်စီ ဖမ်းဆီးသည့်သတင်းများ ပြည်တွင်း/ပြည်ပမီဒီယာတချို့၌ ဖော်ပြခဲ့သော်လည်း CB ဘဏ် ဥက္ကဋ္ဌသည် ဘန်ကောက်တွင် ရှိနေကြောင်း စုံစမ်းသိရသည်။
ထိုသတင်းကို မေလ ၁၀ ရက်တွင် သျှမ်းသံတော်ဆင့်က စတင်ဖော်ပြခဲ့ခြင်းဖြစ်ပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်းနှင့် ပတ်သက်၍ စစ်ဆေးခံနေရခြင်းဖြစ်နိုင်ကြောင်း ရေးသားထားသည်။
ယင်းသတင်းကို အခြေခံ၍ ပြည်ပသတင်းဌာနတခုကလည်း မကြာသေးခင်က ဖမ်းဆီးခံခဲ့ရသော လယ်/ဆည် ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၏ အမှုကိစ္စနှင့်လည်း ပတ်သက်နိုင်ကြောင်း ရေးသားခဲ့သည်။
CB ဘဏ်မှအမည်မဖော်လိုသော ထိပ်ပိုင်းအရာရှိကြီးက CB ဘဏ် ဥက္ကဋ္ဌ အဖမ်းခံရသည့် သတင်းမှာ သတင်း အတုသာဖြစ်ပြီး မဟုတ်မှန်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ထိုသို့ သတင်းများထွက်ပေါ်ခဲ့သည့် မေလ ၁၀ ရက်မှာပင် ဆိုရှယ်မီဒီယာ၌ ဓာတ်ပုံတချို့တက်လာခဲ့သည်ကို တွေ့ရသည်။
အဆိုပါ ဓာတ်ပုံ ၁ ပုံတွင် KBZ ဘဏ်အကြီးအကဲဖြစ်သူ ဦးအောင်ကိုဝင်းနှင့်အတူ တွဲရိုက်ထားသော CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ ဓာတ်ပုံပင် ဖြစ်သည်။ ထိုဓာတ်ပုံထဲတွင် ဦးအောင်ကိုဝင်း၊ ဇနီး ဒေါ်နန်းသန်းထွေး၊ ဦးခင်မောင်အေး၊ သူ၏ ဇနီးနှင့် စီးပွားရေးလုပ်ငန်းရှင်တဦးတို့ ပါဝင်သည်။
ထိုဓာတ်ပုံများနှင့်အတူ ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြချက်အရ CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် မေလ ၁၀ ရက်တွင် ကျရောက်သော ဦးအောင်ကိုဝင်း၏ဇနီး ဒေါ်နန်းသန်းထွေး မွေးနေ့အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုဓာတ်ပုံမှာ ဘန်ကောက်မြို့ရှိ Central Embassy ရှော့ပင်းမော အထပ် ၅ ထပ်၌ ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ပြီး မြန်မာနိုင်ငံသူဌေးများထိုင်တတ်သော ပြင်သစ်အစားအစာရောင်းချသည့် စားသောက်ဆိုင်တဆိုင်၏ ရှေ့တွင် ရိုက်ကူးထားခြင်း ဖြစ်သည်။

အခြား ဓာတ်ပုံများမှာ ထိုဆိုင်၏ အတွင်းထဲမှပုံများ ဖြစ်သည်။
မြန်မာနိုင်ငံမှ သူဌေးကြီးများ၊ ခရိုနီများသည် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်၌ လာရောက် နေထိုင်ကြပြီး ဘန်ကောက်နှင့် ရန်ကုန် လွန်းထိုးသွားလာလျက်ရှိသည်။
ထို့ပြင် ဘန်ကောက်သို့အရင်းအနှီးများ ရွှေ့ပြောင်းလာကြပြီး ရင်းနှီးမြှုပ်နှံမှုများလည်း ပြုလုပ်လာကြသည်။
CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးသည်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပ၌အနေများခဲ့ပြီးနောက် မြန်မာ နိုင်ငံတွင် ပြန်လည်နေထိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ လုပ်ငန်းရှင်ကြီးတဦးက ဝန်ကြီးဟောင်း ဦးမြင့်လှိုင်အမှုနှင့် ပတ်သက်၍ စစ်ဆေးမှုများ ရှိခဲ့ကြောင်း၊ CB ဘဏ် ဥက္ကဋ္ဌကို နေပြည်တော်တွင် ထိုကိစ္စအတွက် ကူညီဖြေရှင်း ပေးနေသူများလည်းရှိကြောင်း ပြောဆိုခဲ့သည်။
သမ္မတ ဦးသိန်းစိန် လက်ထက်တွင် CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် ဦးသိန်းစိန်နှင့် ခြံချင်းကပ် နေထိုင် သော ခရိုနီ သူဌေးကြီးအဖြစ် လူသိများသည်။
၎င်းမှာ စစ်တပ်နှင့် အလွန်ပင် နီးစပ်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်တဦးလည်း ဖြစ်သည်။
ဦးသိန်းစိန်လက်ထက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးမြင့်လှိုင်ကို ယခုနှစ် ဧပြီလ ၁၀ ရက်မနက်ပိုင်းတွင် နေအိမ်၌ စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်။
ဦးမြင့်လှိုင်ကို အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများနှင့် ပတ်သက်၍ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းရှင်များဖမ်းဆီးခံရမှုအနေဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဧဒင် ဦးချစ်ခိုင်၊ ဇေကမာ္ဘ ဦးခင်ရွှေနှင့်သားဖြစ်သူ ဦးဇေသီဟ၊ မြန်မာသူရ ကျောက်စိမ်းကုမ္ပဏီပိုင်ရှင် ဦးကျော်သူရ တို့မှာ ယနေ့ထိ အဖမ်းခံထားရသည်။
You may also like these stories:
ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁
ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၂
ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၃
စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ
နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး