ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မုဒိတာအိမ်ရာ (၂) မှာ နေထိုင်နေတဲ့ သူတွေဟာ ကာလရှည်ကြာ လျှပ်စစ်မီးပြတ်တဲ့ဒဏ်ကိုဆိုးဆိုးရွားရွားခံစားနေကြရပါတယ်။
တိုက်ခန်းပေါင်း ၁၇၀၀ ကျော်ရှိတဲ့ မုဒိတာအိမ်ရာ (၂) မှာ အချိန်ကာလ ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် အိမ်ရာမှာနေထိုင်တဲ့သူတွေ အခက်တွေ့နေကြပါတယ်။
နေထိုင်သူတွေက လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် မီးသွေးမိးဖိုတွေနဲ့ချက်နေရတာ ဝယ်စားရတာတွေရှိသလို ဖုန်းအားသွင်းတာမျိုးကိုပဲ အခကြေးငွေပေးပြီးပြုလုပ်နေကြရပါတယ်။ ရန်ကုန်မြို့မှာ မီးမလာလို့ ထမင်းဟင်းဝယ်စားရတဲ့ဒဏ်တွေနဲ့ လျှပ်စစ်မီးလိုအပ်ချက်ပြဿနာကတော့ မုဒိတာအိမ်ရာအပါအဝင်ရန်ကုန်တမြို့လုံးခံစားနေကြရတာဖြစ်ပါတယ်။
စစ်အာဏာမသိမ်းမီက ၂၄ နာရီ နီးပါး လျှပ်စစ်မီးရရှိခဲ့တဲ့ ရန်ကုန်မြို့က အခုတော့ လျှပ်စစ်မီးကိူ အချိန်ပိုင်းနဲ့သာသုံးစွဲနေကြရပါတော့တယ်။ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့က ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု မလုံခြုံမှုစတဲ့ပြဿနာတွေအပြင် လျှပ်စစ်မီးမလုံလောက်တဲ့ပြဿနာကို ဆိုးဆိုးရွားရွားရင်ဆိုင်နေရတာဖြစ်ပါတယ်။