စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာက ရွာသူ၊ ရွာသား ၃၃ ဦးကို စစ်ကောင်စီ စစ်ကြောင်းက မေလ ၁၁ ရက်နေ့ မနက်မှာ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
ကျေးရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ဘုန်းကြီးကျောင်း ၂ ကျောင်းမှာ ခိုလှုံနေတဲ့ ရွာသူ၊ ရွာသားတွေကို ပစ်ခတ် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ရွာရဲ့ အရှေ့ပိုင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူ တွေထဲက ၄ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သလို ရွာအနောက်ဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြသူတွေထဲက ၂၈ ဦးကို ပစ်ခတ်သတ်ဖြတ်သွားတာဖြစ်ပါတယ်။ ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးချိန်မှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတဦးလည်း သေဆုံးခဲ့တာဖြစ်ပါတယ်။
ရွာအနောက်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရုပ်အလောင်းတွေအောက်မှာ သေဟန်ဆောင်ပြီး လွတ်မြောက်ခဲ့သူတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။