လွန်ခဲ့သော သုံးလအတွင်း စစ်ကောင်စီသည် ပဲခူးတိုင်း၊ သာယာဝတီခရိုင်တွင် လူငယ် ၅၀ ကျော်ကို ဖမ်းဆီးပြီး အများစုကို အတင်းအကျပ် စစ်သားစုဆောင်းကာ ကျန်သူများကို သတ်ဖြတ်လိုက်ကြောင်း ဒေသခံများနှင့် စစ်ကောင်စီဆန့်ကျင်ရေး ဒေသခံအင်အားစုများက ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ပိုင်းတွင် အသက် ၁၈ နှစ်နှင့် ၂၅ နှစ်အကြား ထိုလူငယ်များကို စစ်ကောင်စီ စစ်သားများ စောင့်ကြပ်သည့် စစ်ဆေးရေး စခန်းများတွင် ဖေဖော်ဝါရီလလယ်နှင့် မေလ ၁၁ ရက်နေ့အကြား ဖမ်းဆီးခြင်း ဖြစ်သည်။
အများစုကို ရန်ကုန်-ပြည်လမ်းပေါ်မှ စစ်ဆေးရေးစခန်းများနှင့် လက်ပံတန်းမြို့ပြင် ကွမ်းခြုံကုန်းကျေးရွာ ပြင်ပမှ စစ်ဆေးရေးစခန်းတွင် ဖမ်းဆီးခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင် တဦးက ပြောသည်။
“လူ ၃၀ ကျော်ကို ရန်ကုန်-ပြည်လမ်းပေါ်က မီးနင်းချောင်း စစ်ဆေးရေးစခန်းမှာ ဖမ်းပြီး ကျန်တဲ့ ၂၀ ကျော်က ကွမ်းခြံကုန်း စစ်ဆေးရေးစခန်းမှာ အဖမ်းခံရတာ” ဟု ဧရာဝတီသတင်းဌာနသို့ ၎င်းက ပြောသည်။
ထိုဖမ်းဆီးရသူများသည် အများအားဖြင့် မင်းလှ၊ လက်ပံတန်းနှင့် သာယာဝတီမြို့နယ်များမှ ဖြစ်သည်။ အချို့မှာ ခြိမ်းခြောက် တောင်းငွေပေးပြီး ပြန်လွတ်လာသော်လည်း ကျန်သူများကို အုတ်ဖိုရှိ စစ်ကြောရေးစခန်းသို့ ပို့ဆောင်ပြီးနောက် အတင်းအကျပ် စစ်သားစုဆောင်းလိုက်သည်။
စစ်ကောင်စီ စစ်သားများသည် လက်ပံတန်းမြို့နယ်ရှိ ကျေးရွာအချို့မှ လူငယ်များကို အတင်းအကျပ် စစ်သားစုဆောင်းကြောင်း လက်ပံတန်း PDF အဖွဲ့ဝင်တဦးက ပြောသည်။ ဧရာဝတီသတင်းဌာန အနေဖြင့် သူ၏ ပြောကြားချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
မင်းလှမြို့နယ်၊ ငလှဆန်း ကျေးရွာတွင် နေထိုင်သူ ကိုအောင်မျိုးဝင်းသည် ထိုင်းနိုင်ငံမှ ဧပြီလ ၅ ရက်နေ့တွင် ပြန်လာပြီးနောက် ပျောက်ဆုံးသွားသည်။ သူ့ကို မီးနင်းချောင်း စစ်ဆေးရေးစခန်းတွင် ဖမ်းဆီးပြီး အုတ်ဖို စစ်ကြောရေးစခန်းသို့ ပို့လိုက်ကြောင်း မိသားစုက နောက်ပိုင်းတွင် သိရသည်ဟု ထိုမိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုက ပြောသည်။
ကွမ်းခြံကုန်း စစ်ဆေးရေးစခန်းတွင် ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းသို့ပို့ ဆောင်ခံရသူများအနက် သုံးဦး၏ အလောင်းများကို မြောက်ဘက် ကီလိုမီတာ ၇၀ ခန့်ရှိ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကုန်းသာ အနီးတွင် တွေ့ရသည်။ လက်ပံတန်း မြို့နယ်မှ နှစ်ဦးနှင့် မင်းလှမြို့နယ်မှ တဦး ပါဝင်သည့် သတ်ဖြတ်ခံရသူများ၏ အလောင်းများ၏ လည်ပင်းတွင် အနက်ရောင် သေမင်းတမန်အဖွဲ့၏ တံဆိပ်များ ချိတ်ဆွဲပေးထားသည်။
ထိုအဖွဲ့သည် စစ်ကောင်စီနှင့်ဆက်စပ်နေပြီး မန္တလေးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူများကို သတ်ဖြတ်သည့် လက်နက်ကိုင် သွေးသောက်ကဲ့သို့သော အဖွဲ့ဖြစ်သည်ဟု ယူဆရသည်။ အလားတူ စစ်ကောင်စီနှင့် ပတ်သက်သည့် လူသတ်အဖွဲ့များသည် နိုင်ငံ၏ အခြားနေရာများတွင်လည်း လှုပ်ရှားနေသည်။
စစ်ကောင်စီ လိုလားသည့် တယ်လီဂရမ်များက ထိုသတ်ဖြတ်ခံရသူများသည် တော်လှန်ရေးအင်အားစုများ ဖြစ်သည်ဟု စွပ်စွဲပြီး မေလ ၅ ရက်နေ့က ပေါင်းတည်မြို့နယ်၊ ကုန်းသာကျေးရွာ အုပ်ချုပ်ရေးမှူးကို ပေါင်းတည် PDF က လုပ်ကြံသတ်ဖြတ်သောကြောင့် လက်စားချေသည့် အနေဖြင့် သတ်လိုက်ကြောင်း ဖော်ပြသည်။ ထို တယ်လီဂရမ်တွင် သေဆုံးသူများ၏ အလောင်းများကို ရိုက်ကူးထားသည့် ဓာတ်ပုံများကိုလည်း ပြသထားသည်။
“ပေါင်းတည်ဘက်က လာတဲ့ ကားတစီးက အလောင်းတွေကို ကုန်းသာကျေးရွာအနီးမှာ မေလ ၅ ရက်နေ့ညက လာပစ်သွားတယ်။ အလောင်းတွေကို မနက်မှ တွေ့ရတာ။ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီ စစ်သားတွေက အဲဒီအလောင်းတွေကို လူနာတင်ယာဉ်နဲ့ သယ်သွားတယ်။ အလောင်းတွေရဲ့ လည်ပင်းမှာ အနက်ရောင် သေမင်းတမန်အဖွဲ့ တံဆိပ်တွေ ချိတ်ဆွဲထားတာတွေ့ရတယ်” ဟု ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီလိုလားသည့် တယ်လီဂရမ်မှ အချက်အလက်များကို စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများက ပယ်ချပြီး ထိုသုံးဦးသည် စစ်ကောင်စီ စစ်ကြောရေးစခန်းတွင် သတ်ဖြတ်ခံရသည့် အရပ်သားများသာ ဖြစ်ကြောင်း ပြောသည်။
ဧပြီလ ၂၂ ရက်နေ့တွင် အသက် ၂၀ အရွယ် အလောင်းတခုကို အနက်ရောင် သေမင်းတမန်အဖွဲ့တံဆိပ် ချိတ်ဆွဲပြီး လက်ပံတန်းမြို့နယ်၊ အုပ်ဖိုစုရပ်ကွက်အနီး လမ်းတွင် ပစ်ထားသည်ကို တွေ့ရသည်။ သူ့ကို မသတ်ဖြတ်မီ စစ်ဆေးရေးစခန်းတွင် ဖမ်းဆီးခြင်း ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရပေ။
ထိုသို့ အရပ်သားများကို အငြင်းပွားဖွယ် ဖမ်းဆီးမှု သတင်းများသည် ပြည်သူလူထု ထိတ်လန့်စေရန် ပြုလုပ်သည့် သတင်းတုများအဖြစ် စစ်ကောင်စီက မကြာခဏ ပြောသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် ပဲခူးတိုင်းအတွင်း လမ်းဘေးတွင် သတ်ဖြတ်စွန့်ပစ်ခံရသူ ၄၀ ကျော် ရှိသည်။ အမည်ဆိုးကျော်ကြားသော ပျူစောထီးအဖွဲ့ အပါအဝင် ထိုသတ်ဖြတ်ရေး အုပ်စုများနှင့် အဆက်အသွယ်မရှိကြောင်း စစ်ကောင်စီက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Grim Reaper or Myanmar Army: Bago Checkpoints Exact Heavy Toll ကို ဘာသာပြန်သည်။)
You may also like these stories:
မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး
စစ်မှုထမ်းဥပဒေကြောင့်ပဲ စစ်တပ်ကိုပြန်တိုက်မယ့်လူငယ်တွေများလာ (ရုပ်/သံ)
လူငယ်တွေအပြင် ၆၀ကျော် စစ်ပင်စင်စားတွေပါ စစ်မှုထမ်းခိုင်းနေ (ရုပ်/သံ)
စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူသစ် ဖမ်းဆီးစုဆောင်းနေ
သေရေးရှင်ရေး စစ်မှုထမ်းဥပဒေကြောင့် မြန်မာမှ ထွက်မပြေးချင်ဘဲ ပြေးရ
မုံရွာ၌ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မလာ၍ ရပ်ကွက်တွင်း ဝင်ဖမ်း