လူ့အခွင့်အရေးအဖွဲ့အစည်း Justice for Myanmar (JFM) နှင့် အချက်အလက် သုတေသနအဖွဲ့ C4ADS တို့က ကျော်ကြားသော ဂျာမန် ထရပ်ကား ထုတ်လုပ်ရေးလုပ်ငန်း Traton နှင့် ၎င်း၏ မိခင်ကုမ္ပဏီ Volkswagen တို့ အနေဖြင့် စစ်ကောင်စီကို စစ်သုံးထရပ်ကားများ ရောင်းချနေသည့် တရုတ်နိုင်ငံပိုင်လုပ်ငန်း Sinotruk နှင့် အဆက်သွယ်ဖြတ်ရန် တောင်းဆိုလိုက်သည်။
စစ်ကောင်စီသည် မြန်မာပြည်သူများကို ဆက်လက် အကြမ်းဖက်နေစဉ် စစ်သားနှင့် လက်နက်များကို တနိုင်ငံလုံးသို့ သယ်ယူပို့ဆောင်ရန် စစ်သုံးထရပ်ကားများကို မှီခိုနေသည်ဟု အထက်ပါအဖွဲ့အစည်း နှစ်ခုက မေလ ၉ ရက်နေ့တွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် Sinotruk ၏ အကူအညီဖြင့် စစ်သုံးထရပ်ကားများ ရရှိတပ်ဆင်နေကြောင်း ခိုင်မာသည့် အထောက်အထားများ ရှိသည်ဟု အထက်ပါအဖွဲ့အစည်းများက ပြောသည်။ ထိုတရုတ်ကုမ္ပဏီသည် Traton ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် အကျိုးအမြတ်ရနေသည်ဟုလည်း အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
Sinotruk က ၎င်းတို့သည် မြန်မာစစ်ကောင်စီနှင့် စီးပွားရေးပြုလုပ်ခြင်း သို့မဟုတ် စစ်ကောင်စီသို့ ထရပ်ကား ရောင်းချခြင်း မရှိကြောင်း ပြောသည်။
သို့သော် JFM နှင့် C4ADS တို့၏ တွေ့ရှိချက်များအရ Sinotruk ကားများကို စစ်ကောင်စီက စစ်ဆင်ရေးများတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြောင်းနှင့် ထိုကုမ္ပဏီသည် ရောင်းချမှုနှင့် ထုတ်လုပ်မှု အထောက်အကူ လုပ်ငန်းများအတွက် စစ်ကောင်စီနှင့် တိုက်ရိုက် ဆက်ဆံနေကြောင်း မကြာသေးမီက သတင်းများနှင့် အများပြည်သူ ရရှိနိုင်သည့် သတင်းအချက်အလက်များက ဖော်ပြနေသည်။
Sinotruk အနေဖြင့် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေး လမ်းညွှန်မှုများအရ ၎င်း၏ တာဝန်ဝတ္တရားများကို လိုက်နာရန် အထက်ပါ အဖွဲ့အစည်းများက တောင်းဆိုသည်။ စစ်ကောင်စီနှင့် မိတ်ဖက်များ လက်ရှိ လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများ အားလုံးကို ရပ်ဆိုင်းရန်နှင့် Sinotruk မော်တော်ယာဉ်များ၊ နည်းပညာနှင့် အထောက်အပံ့အားလုံးကို ပိတ်ပင်ရန် အထက်ပါ အဖွဲ့အစည်းများက တရုတ်ထရပ်ကားကုမ္ပဏီကို တောင်းဆိုသည်။
“ထိုသို့ မလုပ်ဆောင်ပါက တရုတ်ကုမ္ပဏီသည် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီသည့် အန္တရာယ် ကျရောက်မည်ဖြစ်ကြောင်း” အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
Traton နှင့် Volkswagen တို့အနေဖြင့် Sinotruk ၏ စစ်ကောင်စီနှင့် စီးပွားရေးဆက်စပ်မှုများကို အသေးစိတ် စုံစမ်းစစ်ဆေးရန် အထက်ပါ အဖွဲ့အစည်းများက တိုက်တွန်းပြီး Traton အနေဖြင့် စစ်ကောင်စီနှင့် စီးပွားရေး ဆက်စပ်မှုအားလုံး ချက်ချင်း ဖြတ်တောက်အောင်လုပ်ရန် တောင်းဆိုသည်။
“ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ပါက Traton အနေဖြင့် ဆက်လက် ကြံရာပါဖြစ်ခြင်းကို ရှောင်ကျဉ်ရေး ရင်းနှီးမြှုပ်နှံမှု ခွဲထုတ်ရန်နှင့် Sinotruk နှင့် စီးပွားရေး အဆက်အဆံ ရပ်ရန် လုပ်သင့်သည်” ဟု JFM နှင့် C4ADs က ပြောသည်။
Traton နှင့် Volkswagen တို့၏ ထုတ်ကုန်များ စစ်ကောင်စီ လက်သို့ မရောက်စေရန်နှင့် ၎င်းတို့ ရင်းနှီးမြှုပ်နှံမှုများသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အထောက်အကူ မပြုစေရန် ဂျာမန်အစိုးရနှင့် ဥရောပကော်မရှင်အနေဖြင့် ၎င်းတို့၏ အာဏာကို ကျင့်သုံးရန် အထက်ပါအဖွဲ့များက တောင်းဆိုသည်။
စစ်ကောင်စီ၏ ဘဏ္ဍာရေး၊ လက်နက်၊ စစ်ပစ္စည်း၊ နည်းပညာနှင့် လေယာဉ်ဆီ ရင်းမြစ်များကို ပိတ်ဆို့ရန် ညှိနှိုင်း ပစ်မှတ်ထား အရေးယူမှုများ ချမှတ်ရန် ထိုအဖွဲ့အစည်းများက ပြည်ပအစိုးရများကို တောင်းဆိုပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် စစ်ကောင်စီကို ကမ္ဘာ့လက်နက်ပိတ်ဆို့မှု ချမှတ်ရန်နှင့် စစ်ကောင်စီ စီးပွားရေး အကျိုးစီးပွားများကို ပစ်မှတ်ထား အရေးယူရန်လည်း အထက်ပါအဖွဲ့အစည်းများက တိုက်တွန်းသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ German Automakers VW, Traton Help to Supply Myanmar Junta With Trucks: Report ကို ဘာသာပြန်သည်။)
You may also like these stories:
ထီးလင်းမှ ဂန့်ဂေါသို့ တက်လာသည့် စစ်ကောင်စီ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ
နောင်ချိုမြို့အနီး စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် MDY PDF တို့ စစ်ဆင်
စစ်ကောင်စီယာဉ်တန်း ဖလမ်း- ဟားခါး လမ်းပေါ်တွင် ချေမှုန်းခံရ
မင်းတပ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၍ သေဆုံးမှုများ