ရခိုင်ပြည်နယ်နှင့် ပြည်မအား ဆက်ထားသည့် အဓိက ကုန်းလမ်းမကြီး သုံးခုကို စစ်ကောင်စီက ၆ လနီးပါး ပိတ်ထားရာမှ ယခုမေလ ဒုတိယအပတ်မှစ၍ ခရီးသွားများ ပြန်လည် အသုံးပြုခွင့်ပေးနေကြောင်း သိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စ၍ တိုက်ပွဲများကြောင့် ပိတ်ထားသည့် မကွေးတိုင်းမှ မင်းဘူး- ပဒါန်း- အမ်းလမ်း၊ ဧရာဝတီတိုင်းနှင့် ဆက်သွယ်ထားသည့် ငသိုင်းချောင်း- ဂွ- သံတွဲလမ်း၊ ပဲခူးတိုင်းမှ ရခိုင်ရိုးမကို ဖြတ်၍ ဆက်သွယ်ထား သည့် ပြည်- တောင်ကုတ်လမ်းတို့ ဖြစ်ပြီး မေ ၉ ရက်မှ စ၍ ပြန်လည် အသုံးပြုခွင့် ပေးနေခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောသည်။
ဂွ- ရန်ကုန် ပြေးဆွဲနေသော ငွေမိုးမော်တော်ယာဉ်လိုင်းမှ မေ ၁၃၊ ၁၄ရက်အတွက် အသွားအပြန် ကားလက်မှတ်များကို ရောင်းချပေးခဲ့ကြောင်း၊ ကားခမှာ ကျပ် ၃သောင်းခွဲဖြစ်ပြီး ချွင်းချက်အဖြစ် ဂွမြို့နယ်နှင့် ကျိန္တလီမြို့နယ်ခွဲတွင် နေထိုင်သူ များသာ လက်မှတ် ဝယ်နိုင်ပြီး၊ မှတ်ပုံတင်၊ နေထိုင်ကြောင်း ကျေးရွာ၊ရပ်ကွက်ထောက်ခံစာ မိတ္တူ ၂စောင် လိုအပ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတဦးက “အရင် စစ်တပ်လမ်းကြောင်းနဲ့ တယောက်ကို တသိန်းကျော်ပေးပြီး တခါတလေ သွားလို့ ရတာမျိုး ရှိတယ်။ ဒါက အမြဲတော့မဟုတ်ဘူး။ သူတို့လမ်းကြောင်းရှိတဲ့အခါ သူတို့ ဆွေမျိုးတွေပါပြောပြီး ခေါ်သွားပေးတာမျိုး ပဲရှိတာ။ ခုလို ၃သောင်းခွဲနဲ့ သွားလို့ရတဲ့အခါကျတော့ အဆင်ပြေတာပေါ့” ဟု ပြောသည်။
ယာဉ်ပြေးဆွဲမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဧရာဝတီက ကားလိုင်းအား ဆက်သွယ် မေးမြန်းခဲ့ သော်လည်း လုံခြုံရေးအရ ဖြေဆို၍ မရနိုင်ကြောင်း ငွေမိုးကားလက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
လက်ရှိတွင် ဂွမြို့သို့ စက်သုံးဆီကားများ ဝင်ရောက်မှုရှိလာကြောင်းသိရသည်။
ဂွမြို့ဒေသခံတဦးက “ဆီကားတွေ ဝင်လာတာတော့ရှိတယ်။ လတ်တလောတော့ ရွှေရိုးမဆီဆိုင်မှာ တလီတာကို ၃၃၀၀နဲ့ အစိုးရဝန်ထမ်းတွေကို ရောင်းပေးတယ်။ ပြည်သူတွေကတော့ ၅၀၀၀နဲ့ ဝယ်ရတုန်းပဲ” ဟု ပြောသည်။
အလားတူ မကွေးတိုင်းနှင့် ဆက်ထားသည့် အမ်း-ပဒါန်း-မင်းဘူးလမ်းကို မေလ ၉ ရက်မှစ၍ အသုံးပြုနိုင်ကြောင်း အမ်း မြို့နယ် အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် မေလ ၁၀ရက်က စာထုတ်ပြန်ခဲ့ပြီး အမ်းမြို့မှ ထွက်ခွာလိုသူများနှင့် ပြန်ဝင်ရောက် လိုသူများ သည် မြို့နယ်ရုံးသို့ ၂ ရက် ကြိုတင် အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက မော်တော်ယာဉ်များအနေဖြင့် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ထံ ဦးစွာသတင်းပို့၍ ရောက်ရှိထွက်ခွာ မှတ်တမ်းတွင်လက်မှတ်ထိုးရမည်ဟု ပါရှိသည်။
ရန်ကုန် – အမ်းကားလက်မှတ်အရောင်းဌာနတခုမှ တာဝန်ရှိသူတဦးကလည်း “ကားကြီးတွေတော့ သွားလို့မရသေးပါဘူး။ အမ်းက နေ အိမ်စီးကားလေးတွေလောက်နဲ့ပဲ မင်းဘူးကို သွားတယ်။ မင်းဘူးကနေမှ ရန်ကုန်ကို တဆင့် ပြန်သွားကြ ရတာ။ ခရီးသည်တင်ကားတွေက မထွက်သေးပါဘူး” ဟု ဆိုသည်။
အမ်းမြို့တွင် စစ်တပ်ရိက္ခာထဲမှ တပတ်စာ စားသောက်ကုန်ကို ဈေးနှုန်းသတ်မှတ်၍ အိမ်ထောင်စု ဇယားရှိ လူဦးရေအတိုင်း ခွဲတမ်းဖြင့် ရောင်းချပေးလျက်ရှိပြီး လူတဦးအတွက် ၁ ပတ်စာ စားသောက်ကုန် အနေဖြင့် ဆန် ၁ ပြည်သာဝယ်ယူ၍ ရသော်လည်း ယခုအခါ တပြည်လျှင် ၃၆၀၀ကျပ်ဖြင့် ၃ပြည်အထိ ဝယ်ယူ၍ ရကြောင်း ဒေသခံများက ပြောသည်။
အမ်းဒေသခံတဦးက “ကားတွေတော့ ဝင်နေတာရှိပါတယ်။ စားနပ်ရိက္ခာတွေတော့ ဝင်နေပြီကြားရပါတယ်။ ကုန်ကား တွေတော့ မဝင်သေးပါဘူး။ အိမ်စီး ပေါင်မုန့်ကား၊ အံစာတုံးကားလေးတွေတော့ အဝင် အထွက်ရှိနေပါပြီ”ဟု ပြောသည်။
အလားတူ ပြည်- တောင်ကုတ် ဆက်သွယ်ထားသည့် လမ်းသည်လည်း အိမ်စီးကားများသာ သွားလာခွင့် ပြုပြီး ခရီးသည် တင်ကား များနှင့် ကုန်တင်ယာဉ်များ သွားလာခြင်း မရှိသေးကြောင်း သိရသည်။
တောင်ကုတ် ဒေသခံတဦးက “လမ်းအခြေအနေက အဆင်ပြေပါတယ်။ မှတ်ပုံတင်တို့ ထောက်ခံစာတို့ပဲ လိုတာပါ။ လမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်တာမျိုး မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။
သို့သော် ယမန်နေ့ ညပိုင်းကမူ ဂွနှင့် တောင်ကုတ်မြို့ အလယ်ရှိ သံတွဲမြို့၊ လင်းသီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၉ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ လမ်းများကို မည်သည့်အချိန်အထိ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်းနှင့် ကုန်စည်စီးဆင်းမှု အခြေအနေများကို သိရှိနိုင်ရန် စစ်ကောင်စီ၏ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။
အမ်းမြို့ပေါ်၌ တိုက်ပွဲ ဖြစ်ခြင်းမရှိသေးသော်လည်း အမ်း အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ဒါးလက်ချောင်းကူး တံတားရှိရာ ကဇုကိုင်းရွာ အထက်ဘက်ရှိ တောဟိန်းတောင်ဗျူဟာစခန်းကို မတ်လနောက်ဆုံးပတ်မှ စ၍ AAက ထိုးစစ် ဆင်နေရာ လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ခရီးသွားလာရန် စိုးရိမ်မှုများ ရှိကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ရှိ မြို့တော်တော် များများ၌ အခြေခံစားသောက်ကုန်၊ဆေးဝါးနှင့် စက်သုံးဆီများ ဈေးတက်ကာ ပြတ်လပ်သည့် အခြေအနေများပင် ဖြစ်နေပြီး စစ်ရှောင်ဦးရေမှာလည်း ၃သိန်းကျော် ရှိနေပြီဖြစ်သည်။
ထိုကဲ့သို့ ကားလမ်းများ ပြန်လည်အသုံးပြုခွင့်ပေးသောကြောင့် အခြေခံစားသောက်ကုန်၊ ဆေးဝါးနှင့် လောင်စာဆီများ ကုန်ဈေးနှုန်း အသင့်အတင့်ဖြင့် ပြန်လည်ဝယ်ယူနိုင်မည်ဖြစ်ကာ ကားလမ်းကို ရက်တိုဖွင့်ပေးခြင်းမျိုး မဟုတ်ရန် မျှော်လင့်ကြောင်း ဒေသခံများက ပြောသည်။
ပြည်မကို အဓိကထားနေရသော ရခိုင်ပြည်နယ်အတွက် ယခုလို စစ်ကောင်စီက လမ်းများ ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ပြည်နယ်အတွင်း မြို့များ တမြို့နှင့်တမြို့ ကူးသန်းသွားလာခွင့်ကို ကန့်သတ်ထားဆဲ ဖြစ်၍ ကုန်ဈေးနှုန်းများ ကြီးမြင့်နေ သေးကြောင်းရခိုင်နိုင်ငံရေးသမားတဦးဖြစ်သည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။
၎င်းက “တမြို့နဲ့ တမြို့သွားဖို့က သူတို့ဂိတ်တွေကို အခွန်အခပေးရတာ အမ်းကို ကုန်စည်ရောက်လာပေမယ့် လည်း ကုန်ဈေးနှုန်းကတော့ ဆက်ပြီး တက်နိုင်ပါသေးတယ်။ ဒါပေမယ့် ဖွင့်ပေးလိုက်တော့ ကုန်ပစ္စည်းပြတ်တာ၊ ဈေးတက် တဲ့ကိစ္စတွေက စစ်ရှောင်တွေ များနေတဲ့အချိန်မှာ အနည်းနဲ့အများတော့ ပြည်သူတွေ အသက်ရှုပေါက်တော့ရမှာပါ။ နဂိုထဲက ပိတ်ထားသင့်တဲ့အရာတွေ မဟုတ်ပါဘူး။ခုလိုဖွင့်တာကလည်း စစ်ရေး၊နိုင်ငံရေး ကစားတာမျိုးမဟုတ်ဖို့ မျှော်လင့်တယ်” ဟု ပြောသည်။
အမ်း-ပဒါန်းလမ်းကို ဧပြီလနှင့် မေလအတွင်း အမ်းမြို့နယ်အနီး စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲ ပြင်းထန်ခဲ့သောကြောင့် ဧပြီလ ၂၆ရက်တွင် AA က ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့သည်။
အမ်းမြို့သို့ ပို့ဆောင်မည့် စစ်ကောင်စီ၏ စားနပ်ရိက္ခာကားများကို AA က ပြီးခဲ့သည့် မေလ ၂ရက်တွင် ကမြင်းကန် ဂိတ်ဘက်၌ တားဆီးစစ်ဆေးခဲ့ပြီးနောက် ရိက္ခာတင်ဆောင်လာသည့်ကားများကို သွားခွင့်ပြုခဲ့သော်လည်း လက်နက် သယ်ဆောင်လာသောကားများကို သိမ်းဆည်းခဲ့ပြီး ကားပေါ်ပါလာသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရခိုင်သတင်းဌာန ဖြစ်သည့် နိရဉ္စရာ သတင်းဌာန၌ ဖော်ပြထားသည်။
စစ်ကောင်စီဘက်မှ ယခုကဲ့သို့ လမ်းများပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာချက်နှင့် ပက်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဧရာဝတီက ဖုန်းနှင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်း မရှိပေ။
You may also like these stories:
ရခိုင်၌ စက်သုံးဆီ၊ ဆေးဝါးနှင့် စားသောက်ကုန်များ ပြတ်လပ်
မောင်တောမြောက်ပိုင်း၌ စစ်တပ်က ပိတ်ဆို့ထားသဖြင့် ရိက္ခာပြတ်နေ
ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့
ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ
အမ်းစစ်ဌာနချုပ်၏ ဗျူဟာကုန်း သိမ်းပိုက်နိုင်ရေး AA ဆက်လက်ထိုးစစ်ဆင်
တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR