“၁၀၂၇ စစ်ဆင်ရေး”အတွင်း လောက်ကိုင်မြို့အား စွန့်ခွာသွားခဲ့ကြသည့် စစ်ရှောင် ၁၀၀၀ ကျော်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) က စစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်နေကြောင်း သိရသည်။
၎င်းစစ်ရှောင်တို့မှာ လောက်ကိုင်မြို့သို့ နယ်စုံမှလာ၍ အလုပ်လုပ်ကြသူများ ဖြစ်ပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့အားစွန့်ခွာထွက်ပြေးစဉ် MNDAA ၏ တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံရခြင်းဖြစ်ကြောင်း၊ ဝ ပြည်တနေရာ၌ ဒီဇင်ဘာလဆန်းမှ ဧပြီလဆန်းထိ ၄ လကြာ စစ်သင်တန်းတက်ပြီးနောက် သင်တန်းဆင်းသည့် ရက်ပိုင်းမှာပင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အနီး ပို့ဆောင်ခံထားရကြောင်း ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသားတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့ အခြားတိုင်းရင်းသားတွေ သင်တန်းဆင်းတာနဲ့ ရှေ့တန်းကို ပို့ခံရတယ်။ လားရှိုးအနီးကို အများဆုံး ပို့ခံရတာပေါ့။ စစ်ကောင်စီနဲ့ မလှမ်းမကမ်းပဲ။ မျက်နှာချင်းဆိုင်တွေ့တာမျိုး၊ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိသေးဘူး ” ဟု ပြောသည်။
ထို့အပြင် တပ်သားသစ်ကို သိန်းနီရှိ MNDAA ထိန်းချုပ်နေရာများနှင့် မူဆယ်မြို့အား ခြိမ်းခြောက်နိုင်သော ၁၀၅မိုင် အနီးသို့ လည်းကောင်း၊ လားရှိုးမြို့ကို ဝိုင်းပတ် ပိတ်ဆို့ထားနိုင်သည့် နမ္မတူနှင့် သီပေါနယ်များသို့ စစ်ရေးမဟာမိတ် တအာင်း အမျိုးသား လွတ်မြောက် ရေး တပ်မတော်(TNLA) စစ်ကြောင်းများနှင့် ရောနှောလှုပ်ရှားရန် ပို့ဆောင်ထားကြောင်း သိရ သည်။
စစ်သင်တန်း တက်ရသူများထဲတွင် ကချင်လူမျိုး အများဆုံး ပါဝင်သလို ရှမ်း၊ တအာင်းအပြင် ရခိုင်နှင့် ကရင်နီ (ကယား) လူမျိုးများလည်း ပါဝင်နေပြီး စုစုပေါင်း လူဦးရေ ၂၀၀၀ ကျော် ရှိနိုင်ကြောင်း ထွက်ပြေးလွတ်မြောက်လာသူများနှင့် ရှေ့တန်း ပို့ခံထားရသူများထံမှ သိရသည်။
ယင်း တပ်သားသစ်များကို MNDAA က တပ်ရင်း၊ တပ်မဟာအသစ် ပြန်လည်ဖွဲ့စည်းပေးခြင်း မရှိဘဲ “၁၀၂၇ စစ်ဆင်ရေး” အတွင်း အားနည်းသွားသည့် တပ်မဟာများတွင် တပ်ရင်းအလိုက် လူအင်အားဖြည့်တင်းနေကြောင်း သိရသည်။
စစ်သင်တန်းပေးနေစဉ် မိသားစုဝင်များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) မြေပြင်အရာရှိများမှ သွားရောက်ခေါ်ထုတ်ရန် ကြိုးစားခဲ့သော်လည်း MNDAAဘက်မှ လက်ခံခြင်း မရှိကြောင်း၊ လတ်တလော ရှေ့တန်း ပို့ခံထား ရသူများနှင့် ရှမ်းမြောက်ဇာတိဒေသခံများမှာ MNDAA ထံမှ ထွက်ပြေးနေကြကြောင်း လွတ်မြောက်လာသူ နောက်ထပ် အမျိုးသားတဦးက ပြောသည်။
၎င်းက “ နယ်မြေကျွမ်းကျင်တဲ့ လူတော်တော်များများက ပြေးကုန်ကြပြီ။ သူတို့(MNDAA)က အတင်းအဓမ္မ ခေါ်ထားတော့ ဘယ်သူမဆို ပြေးဖို့ အချိန်အခါ စောင့်နေတာ။ ကျန်ခဲ့တဲ့ လူတွေကတော့ အိမ်ကိုပဲ လွမ်းနေတယ် “ဟု ဧရာဝတီကို ပြောသည်။
ရှေ့တန်းမှ ထွက်ပြေးသူများအား ဖမ်းမိစဉ် ပစ်သတ်ခြင်း၊ သင်တန်းကာလ ထွက်ပြေးသူများအား သစ်ပင်ပေါ် ကြိုးတုပ် အပြစ်ပေးခြင်းနှင့် ထောင်ဒဏ် ၃ လ ချခြင်းများကြောင့် အများစုမှာ ထွက်ပြေးရန် စိုးရိမ်နေကြောင်းလည်း လွတ်မြောက် လာသူများက ဆိုသော်လည်း MNDAA ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ဧရာဝတီမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
ယင်းကဲ့သို့ စစ်သားသစ်စုဆောင်းမှုများနှင့် ပတ်သက်၍ မေးမြန်းရန် MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းထံသို့ ဆက်သွယ်သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး”အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာရသော အရပ်သားများအား MNDAA က စစ်သားစုဆောင်းမှု လုပ်ဆောင်နေကြောင်း နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့( HRW) ကလည်း ၂၀၂၃၊ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းသို့ အရပ်သားများအား အဓမ္မစစ်သားစုဆောင်းပြီး အန္တရာယ်ဖြစ်စေသော MNDAA ၏ လုပ်ဆောင်ချက်မှာ စစ်ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ပြီး ချက်ချင်းရပ်တန့်ကာ အရပ်သားများအပေါ် တတ်နိုင်သလောက် အကာအကွယ်ပေးရန် HRW ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Elaine Pearson က ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
You may also like these stories:
တိုင်းရင်းသားလက်နက်ကိုင်တွေ တပ်သားသစ် အတင်းအကျပ် စုဆောင်းတဲ့အခါ
စစ်ကောင်စီက စစ်ဘေးရှောင် အမျိုးသမီးများကိုပါ ပေါ်တာဆွဲနေ
နောင်ချိုမြို့နယ်အတွင်း SSPP လူသစ်စုဆောင်းနေ
စစ်ကောင်စီနှင့် MNDAA တို့ တိုက်ပွဲပြန်ဖြစ်
လောက်ကိုင်မြို့ အား သိမ်းပိုက်လိုက်ပြီဟု MNDAA ကြေညာ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR