မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် ခေတ်သစ်တွင် သြဇာအကြီးမားဆုံး ရာဇဝတ်ကွန်ရက် အလျင်အမြန် ဖြစ်လာနေသည့် လူကုန်ကူးမှုနှင့် ဂိုဏ်းဖွဲ့ရာဇဝတ်မှု၏ ဗဟိုချက်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြလိုက်သည်။
မေလ ၁၃ ရက်နေ့က ထုတ်ပြန်သည့် ထိုအစီရင်ခံစာတွင် အရှေ့တောင်အာရှ နိုင်ငံများသည် နှစ်စဉ် ကမ္ဘာတဝန်းမှ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံ ခိုးယူနေပြီး လူကုန်ကူးမှု၊ ကျေးကျွန်လုပ်အား အသုံးပြုမှု၊ ငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် တရားမဝင်လောင်းကစား လုပ်ငန်းများနှင့် ထပ်တူသဖွယ်ဖြစ်နေသည်ကို အပြင်းအထန် ဝေဖန်သည်။
“ငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို သိန်းနှင့်ချီသော ပြည်သူများဖြင့် လုပ်ကိုင်ပြီး အများအပြားမှာ ဝင်ငွေကောင်းသည့် အွန်လိုင်းအလုပ်အကိုင်ဖြင့် ဖျားယောင်းခံရပြီး တရားမဝင် ငွေကြေးလိမ်လည်သည့် ခြံဝင်းများတွင် လူကုန်ကူးခံရသူများဖြစ်ကာ ထောင်နှင့်တူသော အခြေအနေများတွင် လက်နက်ကိုင်များ၏ ဖမ်းဆီးခံထားရပြီး ငွေကြေးလိမ်လည်ရန် အတင်းအကျပ် စေခိုင်းခံရသူများဖြစ်သည်” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြသည်။
“ထိုသို့ အတင်းအကျပ် လုပ်အားစေခိုင်းခံရသူများသည် (ဆန္ဒအလျောက် လုပ်ကိုင်သူ အနည်းငယ်နှင့်အတူ) ကမ္ဘာတဝန်း နိုင်ငံပေါင်း ၆၀ ကျော်မှ ဖြစ်သည်” ဟုလည်း ဆက်လက်ဖော်ပြသည်။
ထိုငွေကြေးလိမ်လည်မှု လုပ်ငန်း၏ အကျိုးအမြတ်များနှင့် နိုင်ငံတော် ပါဝင်ပတ်သက်မှု သဘော သဘာဝအရ ထိုလုပ်ငန်းများကို အကာအကွယ်ပေးခြင်းသည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဒေသတွင်း အခြားနိုင်ငံများမှ အုပ်ချုပ်သူအထက်လွှာအတွက် သေနင်္ဂဗျူဟာကျသည့် အကျိုးစီးပွား ဖြစ်နေကြောင်း ကျယ်ပြန့်သည့် အထောက်အထားများက ပြသနေသည်ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
“ကမ္ဘောဒီးယားတွင် ဆိုက်ဘာ ငွေကြေးလိမ်လည်မှုလုပ်ငန်းမှ ဝင်ငွေသည် နိုင်ငံ၏ တရားဝင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) ၏ ထက်ဝက်ရှိပြီး တနှစ်လျှင် အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံ ကျော်သည်ဟု ခန့်မှန်းရပြီး ထိုခြံဝင်းကြီးများကို ဒေသံအထက်လွှာများ ပိုင်ဆိုင်ကြသည်” ဟုလည်း အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ပိုမိုကျယ်ပြန့်စွာ ဖော်ပြရပါက မဲခေါင်နိုင်ငံများတွင် အခြေစိုက်သည့် ရာဇဝတ်ဂိုဏ်းများက ခိုးယူသည့်ငွေသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၈ ဘီလီယံ ကျော်နိုင်ပြီး လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာတို့၏ သုံးနိုင်ငံပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) ၏ ၄၀ ရာခိုင်နှုန်း နီးပါး ရှိသည်” ဟု ထိုလေ့လာရေးအဖွဲ့က ဖော်ပြသည်။
ကမ္ဘောဒီးယား၏ GDP တိုးတက်မှု ခန့်မှန်းချက်သည် ၆ ရာခိုင်နှုန်းအထက်ရှိပြီး ကမ္ဘာတွင် အမြင့်မားဆုံးဖြစ်ကာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ကမ္ဘောဒီးယား၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုသည် ၃၅ ရာခိုင်နှုန်းတိုးပြီး ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၄၁ ဒသမ ၉ ဘီလီယံရှိသည်ဟု မကြာသေးမီက ပြင်ဆင်တွက်ချက်ကြောင်း အစိုးရလိုလားသည့် ခမာတိုင်းမ် သတင်းက ဖော်ပြသည်။

IMF ၏ စီးပွားရေး သုံးသပ်ချက်များသည် အဖွဲ့ဝင်နိုင်ငံများ၏ ဗဟိုဘဏ်များက စုဆောင်းထားသည့် ကိန်;ဂဏန်းများအပေါ် အခြေခံသည်။
“ထိုအမြတ်အစွန်းများ၏ ကြီးမားသော အစိတ်အပိုင်းသည် မြန်မာစစ်တပ်နှင့် ကမ္ဘောဒီးယား၊ လာအိုမှ အုပ်ချုပ်သူ အထက်လွှာများထံသို့ စီးဝင်သည်” ဟု USIP အစီရင်ခံစာ “အရှေ့တောင်အာရှမှ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု – ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ကြီးထွားနေသည့် ခြိမ်းခြောက်မှု” တွင် ဖော်ပြထားသည်။
ထိုကိစ္စသည် ကိုဗစ်နိုင်တင်းကြောင့် ကာစီနိုများနှင့် အထူးစီးပွားရေးဇုန်များ ပိတ်ရခြင်းနှင့် စွန့်ပစ်ခဲ့သည့် ခံတပ်သဖွယ် အိမ်ခြံမြေများကို သိမ်းယူသည့် ရာဇဝတ်ဂိုဏ်များ ပျံ့နှံ့ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာသည့် ကိစ္စဖြစ်သည်။
“ထိုအုပ်စုများနှင့် အကျင့်ပျက်ခြစားသည့် ဒေသခံအထက်လွှာ ပေါင်းစည်းမိခြင်းသည် ခေတ်သစ်၏ အင်အားအကြီးမားဆုံး ရာဇဝတ်ကွန်ရက် အလျင်အမြန် ဖြစ်လာသည့် မသမာသော ဂေဟစနစ်ကို ဖြစ်ပေါ်စေသည်” ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
အထက်ပါ သုံးနိုင်ငံလုံးသည် တနိုင်ငံနှင့် တနိုင်ငံအကြား ငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို ရွှေ့ပြောင်းပေးပြီး အခါအားလျော်စွာ ပြုလုပ်သည့် ဖြိုခွဲမှုများကို ရှောင်ရှားရန် အပြန်အလှန် ဆက်စပ် အားပေးနေသည့် ကွန်ရက်များဖြစ်သည်ဟု ဖော်ပြသည်။
ပိုမိုအရေးကြီးသည့်အချက်မှာ တရုတ်နှင့် ထိုင်းနယ်စပ်များမှ မြန်မာရှိ ငွေကြေးလိမ်လည်မှု လုပ်ငန်းများသည် ၂၀၂၁ ခုနှစ်အစောပိုင်းတွင် ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် ပေါ်ပေါက်လာသည့် ပြည်တွင်းစစ်ဖြစ်သော မြန်မာပြည်တွင်း ပဋိပက္ခကို အဓိကမောင်းနှင်သည့် အရာဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
သို့သော် မြန်မာမှ နယ်စပ်ငွေကြေးလိမ်လည်မှု ခြံဝင်းများကို ပိတ်ပစ်ရန် တရုတ် တရားဥပဒေစိုးမိုးရေး၏ ၂၀၂၃ ခုနှစ် နှောင်းပိုင်းက အားထုတ်မှုကြောင့် အများအပြားသည် ထိုင်းနိုင်ငံ မဲဆောက်အနီး နယ်စပ် တောင်ပိုင်း ကရင်ပြည်နယ်၊ ကမ္ဘောဒီးယားနှင့် လာအိုသို့ ရွှေ့ပြောင်းသွားသည်။

“မြန်မာမှ ငွေကြေးလိမ်လည်သည့် ခြံဝင်းများသည် မြန်မာစစ်တပ် သို့မဟုတ် ၎င်း၏ လက်ဝေခံတပ်များ၏ သြဇာအောက်မှ နယ်ခြားစောင့်တပ်များက ပေးသည့် နောက်ထပ် လက်နက်ကိုင် ကာကွယ်မှု ရရှိကြသည်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
လောင်းကစားနှင့် ပတ်သက်သည့် တင်းကျပ်သော ဥပဒေများက ရာဇဝတ်ဂိုဏ်းများကို အရှေ့တောင်အာရှသို့ ပျံ့နှံ့စေကြောင်း၊ ထိုအကျိုးအမြတ်များသော ဈေးကွက်ကို အန္တရာယ်ကင်းသည့် နေရာမှ အသုံးပြုပြီး ၎င်းတို့ကို တရုတ် တရားဥပဒေစိုးမိုရေးမှ အကာအကွယ်ရစေရန် ဒေသခံအထက်လွှာနှင့် ပူးပေါင်းစေကြောင်း USIP က ဖော်ပြသည်။
တရုတ်ရဲတပ်ဖွဲ့သည် ထိုကွန်ရက်များကို ဖြိုခွဲရန် ကြိုးစားသော်လည်း ရာဇဝတ်ဂိုဏ်းများသည် တရုတ်ကွန်မြူနစ် ပါတီဝင်များနှင့် အခြား နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနှင့် နီးကပ်သော ဆက်ဆံရေးရှိသည်ဟု USIP က ဖော်ပြသည်။
ထို့အပြင် တရုတ်နိုင်ငံမှ အကျင့်ပျက်ခြစားမှုသည်လည်း တရုတ်၏ မည်သည့်ဖြိုခွဲမှုကို မဆို အဓိက စိန်ခေါ်မှုဖြစ်နေပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာနများသည် ရဲက လာဘ်ငွေယူခြင်း သို့မဟုတ် တရားမဝင်လုပ်ငန်းများကို လျစ်လျူရှုခြင်း သို့မဟုတ် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ထိခိုက်စေခြင်း စသည့် မရေတွက်နိုင်သည့်အမှုများနှင့် ရင်ဆိုင်ကြရသည်။
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့သည် ဒေသတွင်း ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၏ ဗဟိုချက် ဖြစ်သော်လည်း ဒေသတွင်း နိုင်ငံအများစုကလည်း တရားမဝင် အတင်းအကျပ် လုပ်အားကို ငွေကြေးလိမ်လည်သည့် လုပ်ငန်းသို့ လူကုန်ကူးခြင်းအား ချောမွေ့အောင် လုပ်ဆောင်ပေးပြီး ရာဇဝတ်လုပ်ငန်းများကို ပုံစံတမျိုးမျိုးဖြင့် အကျိုးပြုနေသည်ဟု USIP က ပြောသည်။
ထိုသို့သော လုပ်ငန်းသည် တရားမဝင်လုပ်ငန်းမှ အကျိုးအမြတ်များကို ငွေကြေးခဝါချသည့် ဘဏ္ဍာရေး အခြေခံ ဖန်တီးပေးကာ ရာဇဝတ်ကွန်ရက်များက ဆောင်ရွက်နေသည့် အဆင့်မြင့် လောင်းကစားခြင်း၊ ငွေကြေးလိမ်လည်ခြင်းနှင့် ဘဏ္ဍာရေးလိမ်လည်ခြင်းအတွက် အဓိကကျသည့် အဆင့်မြင့် ဒစ်ဂျစ်တယ် နည်းပညာတိုးတက်မှုကို အကူအညီပေးကြသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။
ကိုးကား ။ ။ UCA News သတင်း USIP calls Myanmar, Cambodia and Laos a growing global threat
You may also like these stories:
စစ်တပ် ကာကွယ်ထားသော တရုတ်နယ်စပ် ငွေကြေးလိမ်လည်လုပ်ငန်း နှစ်စဉ် ဒေါ်လာ ၁၄ ဘီလီယံ ရ
အွန်လိုင်းငွေကြေးလိမ်လည်မှု ကမ္ဘာတဝန်း ပြန့်ပွားလာဟု အင်တာပို အစီရင်ခံ
အာဏာရှင်လက်ထက် တကျော့ပြန်ပေါ်လာတဲ့ အွန်လိုင်းပေါ်က ငွေကြေးလိမ်လည်မှုများ
မြန်မာလုပ်သားများကို ပစ်မှတ်ထားကာ အွန်လိုင်းမှ ငွေကြေးလိမ်လည်မှုများ ရှိနေ
လွတ်မြောက်လာသူတွေပြောပြတဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်းတွေအကြောင်း (ရုပ်/သံ)
မြဝတီက ကျားဖြန့်လုပ်ငန်းနဲ့ ကရင်လက်နက်ကိုင်များ (ရုပ်/သံ)