ထိုင်းက မြန်မာသို့ပေးသော အကူအညီများကို ဆိုင်းငံ့ပြီး ပြန်လည် သုံးသပ်ရမည်ဖြစ်ကြောင်း အိမ်နီးချင်းနိုင်ငံများ စီးပွားရေးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (NEDA) ဒါရိုက်တာ ပီရာမက် ဝတ်သီသွန်နက်တီရက်က The Nation သတင်းစာသို့ ပြောသည်။
လုံခြုံရေး စိုးရိမ်မှုများကြောင့် စီမံကိန်းများ အတည်ပြုရန် လေ့လာနေသည့် အတိုင်ပင်ခံများသည် တိုးတက်မှု လေ့လာရန် စီမံကိန်းဒေသများသို့ သွားရောက်နိုင်ခြင်း မရှိကြပေ။
ယခင် အတည်ပြုပြီး စီမံကိန်းများ၏ အသုံးစရိတ်နှင့် အကောင်အထည်ဖော်မည့် အချိန်ဇယားကို ပြန်လည်သုံးသပ်မည်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ကနဦး အတည်ပြုချိန်နောက်ပိုင်း ကုန်ကျစရိတ်များ ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် အစောပိုင်း ပူးတွဲစီမံကိန်းများကို ဆွေးနွေးမှု မစတင်မီ မြန်မာနိုင်ငံတွင် တည်ငြိမ်စေရန်နှင့် အခြေအနေ ပုံမှန်ဖြစ်စေရန် စောင့်ဆိုင်းဖို့ လိုမည်ဖြစ်သည်။
ယခင်က NEDA သည် စီမံကိန်း ၇ ခုမှတဆင့် မြန်မာကို အကူအညီပေးနေပြီး ဘတ် ၂ ဒသမ ၄ ဘီလီယံဖိုး ရှိသည်။ ထိုအကူအညီများတွင် ဘဏ္ဍာရေးအကူအညီ ဘတ် ၂ ဒသမ ၃ ဘီလီယံနှင့် အကြံဉာဏ်ပေး အထောက်အပံ့ ဘတ် ၆၇ သန်း ပါဝင်သည်။
လက်ရှိအကူအညီပေးရေး စီမံကိန်းများတွင် ရန်ကုန် လျှပ်စစ်ဓာတ်အားစနစ် အဆင့်မြှင့်တင်ရေး ပါဝင်သည်။ မဟာမဲခေါင် ဒေသခွဲ (GMS) အောက်ရှိ စီးပွားရေးစင်္ကြံ ဖွံ့ဖြိုးရေး အဆင့် ၃ လည်းပါဝင်သည်။
မြဝတီ ဓာတ်အားခွဲရုံမှ ၆၆ ကေဗီ ဓာတ်အားဖြန့်ချိရေးလိုင်း တည်ဆောက်ရေး ဒီဇိုင်းအသေးစိတ်များအတွက် ကန်ထရိုက်ပေးရန်လည်း ပါဝင်သည်။
ထားဝယ်အထူး စီးပွားရေးဇုန်မှ ထိုင်း-မြန်မာနယ်စပ်သို့ နှစ်လမ်းသွားလမ်း တည်ဆောက်ရေး လေ့လာမှုလည်း ပါဝင်သည်။
ပြီးစီးသွားသောာ စီမံကိန်းများတွင် အောက်ပါတို့ပါဝင်သည်။
ထိုင်း-မြန်မာ လမ်းချိတ်ဆက်ရေး စီမံကိန်း။ ထိုင်းနှင့် မြန်မာကို မြဝတီမှ တနင်္သာရီ တောင်တန်းတောင်ခြေသို့ ၁၇ ဒသမ ၃၅ ကီလိုမီတာ (၁၁ မိုင်နီးပါး) ရှည်သည့် လမ်းတည်ဆောက်ရေး ဖြစ်သည်။ ဘတ်ဂျက်အဖြစ် ဘတ် ၁၂၂ ဒသမ ၉ သန်း လျာထားခဲ့ပြီး ၂၀၀၆ ခုနှစ် မေလတွင် တည်ဆောက်ရေး ပြီးစီးခဲ့သည်။
ဘုရားသုံးဆူ တောင်ကြား နယ်စပ်စစ်ဆေးရေး ဂိတ်မှ လမ်းများ တည်ဆောက်ရေးအတွက် လေ့လာမှုများကို ၂၀၁၄ ခုနှစ် ဇွန်လက ပြီးစီးခဲ့သည်။
NEDA သည် နိုင်ငံများအကြား၊ အထူးသဖြင့် ဒေသတွင်းနှင့် ဒေသခွဲအတွင်းနိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကြွယ်ဝချမ်းသာမှုတိုးချဲ့ပြီး စီးပွားရေး မညီမျှမှုလျှော့ချမှု တိုးချဲ့ရေးအဆက်အသွယ် တိုးတက်ရေး၊ နိုင်ငံခြားရေးမူဝါဒ မြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အားပေးသည့် ထိုင်းအစိုးရ၏ ယန္တရားဖြစ်သည်။
လွန်ခဲ့သော ၁၉ နှစ်အတွင်း NEDA သည် နိုင်ငံပေါင်း ၇ နိုင်ငံနှင့် စီမံကိန်းပေါင်း ၉၆ ခုတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စုစုပေါင်း အကူအညီ ဘတ် ၂၂ ဒသမ ၃ ဘီလီယံပေးသည်။ ထိုအကူအညီများတွင် ဘတ် ၂၂ ဒသမ ၂ ဘီလီယံတန်သည့် ဘဏ္ဍာရေး အကူအညီ ၅၂ ခုနှင့် ဘတ် ၃၁ ဒသမ ၂၉ သန်း တန်သည့် နည်းပညာဖလှယ်ရေး စီမံကိန်း ၄၄ ခု ပါဝင်သည်။
ကိုးကား ။ ။ The Nation သတင်း Myanmar civil war delays development assistance from Thailand
You may also like these stories:
ထိုင်း၏ လူသားချင်းစာနာမှု အကူအညီ အစီအစဉ် အလုပ်ဖြစ်မည်မဟုတ်
ထိုင်းနိုင်ငံက မြန်မာ့ငြိမ်းချမ်းရေး အစီအစဉ် အဆိုပြု
ထားဝယ် အထူးစီးပွားရေးဇုန် ပြန်စရန် မြန်မာ-ထိုင်း သဘောတူပြန်
ထိုင်းတောင်ပိုင်း ဖြတ်မည့် စီမံကိန်း ဝန်ကြီးချုပ်သစ် အကောင်အထည်ဖော်နိုင်မလား