မြန်မာစင်ပြိုင်အစိုးရမှ ဝန်ကြီးတဦးနှင့် တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်း သုံးခုမှ အဆင့်မြင့် ခေါင်းဆောင်များသည် ဂျပန်နိုင်ငံ၊ တိုကျိုတွင် သတင်းစာရှင်းလင်းပွဲတခု ကျင်းပပြီး စစ်ကောင်စီကို ဆန့်ကျင်သည့် ညီညွတ်မှုကို အလေးထားရန် ရည်ရွယ်သည့် ပြည်ပမှ ရှားပါးသော ပူးတွဲလုပ်ဆောင်မှုကို ပြသလိုက်သည်။
သတင်းစာရှင်းလင်းပွဲတွင် ပါဝင်သူများမှာ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး ဆလိုင်း တလာဟဲ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နိုင်ငံခြားရေးဌာနအတွင်းရေးမှူး စောနင်ရော့ဒ်၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နိုင်ငံတကာနှင့် မဟာမိတ် ဆက်ဆံရေးကော်မတီ အတွင်းရေးမှူး လုဇ်တို့ ထိုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ကြသည်။
ထိုသတင်းစာရှင်းလင်းပွဲတွင် NUG မှ ဒေါက်တာ ဇော်ဝေစိုးက ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြုတ်ချခဲ့သည့် မြန်မာစစ်တပ်အနေဖြင့် အနာဂတ်အမျိုးသား နိုင်ငံရေးတွင် မပါဝင်ရန် သဘောတူရမည်ဆိုသည့် ဘုံတောင်းဆိုမှုကို ထပ်လောင်း ပြောကြားသည်။
မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လွှတ်တော်နှစ်ရပ် ကိုယ်စားလှယ် လေးပုံတပုံကို စစ်တပ်ဦးစီးချုပ်က ခန့်အပ်ရမည်ဟု ပြဋ္ဌာန်းပြီး စစ်တပ်၏ နိုင်ငံရေးအာဏာကို အာမခံထားသည်။
ယခုအခါ NUG ခေါင်းဆောင်ပိုင်းတွင် ပါဝင်သော ၂၀၂၁ ခုနှစ်က ဖြုတ်ချခံရသည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ထိုဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းရမည်ဟု ပြောသည်။
စစ်တပ်က အရပ်သား ဆန္ဒပြပွဲများကို ဖြိုခွဲပြီးနောက် NUG သည် စစ်တပ်ကို လက်နက်ကိုင် တော်လှန်ကြောင်း ကြေညာသည်။ NUG သည် ဝေးကွာသော ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားထံမှ လက်နက်၊ လေ့ကျင့်မှုနှင့် ဘေးကင်းသောနေရာများ ရရှိသည်။

၁၀၂၇ စစ်ဆင်ရေးဟုခေါ်သည့် လွန်ခဲ့သောနှစ်က အောင်မြင်သော ပူးတွဲတော်လှန်မှုကို ဝန်ကြီးက ပြောသည်။ “အခု ကျနော်တို့ ထိန်းချုပ်မှုအောက်မှာ မြို့ပေါင်း ၅၆ မြို့ရှိတယ်၊ ကျနော်တို့ အောင်မြင်ဖို့ အလားအလာ ပိုမိုကြီးမားလာလေလေ၊ စစ်တပ်က ပိုမို ရက်စက်ကြမ်းကြုတ်လာလေလေပဲ” ဟုလည်း သူကပြောသည်။
စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့် မတိုင်မီ တရက်ဖြစ်သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့် အရပ်သားများကို ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်တပ်ကို တာဝန်ခံစေမည့် ယန္တရားကို ဖော်ထုတ်မည်ဖြစ်ကြောင်း ခုခံတော်လှန်ရေး အင်အားစုများက ပြောသည်။
“နေရပ်စွန့်ခွာ ထွက်ပြေးနေသူ ၃ သန်းကျော်ရှိတယ်” ဟု ဆလိုင်း တလာဟဲက ပြောသည်။ “ပညာရေးနဲ့ ကျန်းမာရေးလို အခြေခံလူသားလိုအပ်ချက်တွေ မဖြည့်ဆည်းနိုင်ဘူး။ ဂျပန်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျနော်တို့ တောင်းဆိုလိုတယ်” ဟု ၎င်းကပြောသည်။
ထိုကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၀ ရက်နေ့တွင် တိုကျိုသို့ တပတ်ကြာရောက်ရှိပြီး ထိုသို့ လာရောက်ခြင်းကို ဂျပန်မှ အစိုးရ မဟုတ်သော အဖွဲ့အစည်းတခုက စီစဉ်သည်။ ၎င်းတို့သည် ပါလီမန် ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။
KNU ဥက္ကဋ္ဌ စောကွယ်ထူးဝင်းနှင့် KNPP ဥက္ကဋ္ဌ ခူးဦးရယ်တို့ ထိုကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော်လည်း သတင်းစာရှင်းလင်းပွဲသို့ ၎င်းတို့ တက်ရောက်ခြင်း မရှိပေ။
စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းခြင်းမှ ပိတ်ပင်သည် နိုင်ငံတကာ လှုပ်ရှားမှုကို ထောက်ခံရန်၊ စစ်ကောင်စီသို့ လက်နက်လွှဲပြောင်း မပေးရေးအတွက် အိန္ဒိယ သဘောတူစေရန်၊ စစ်ကောင်စီမှ မဟုတ်ဘဲ အခြားလမ်းကြောင်းများမှ လူသားချင်းစာနာမှု အကူအညီများပေးရန် ဂျပန်အစိုးရကို ၎င်းတို့တောင်းဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မာဆာဟီရို ကိုမူရာသည် ထိုကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကြောင်း မေလ ၁၄ နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသော်လည်း အမည်များကို ထုတ်ပြန်ခြင်း မရှိပေ။
မစ္စတာ ကိုမူရာ၊ KNU နှင့် KNPP ဥက္ကဋ္ဌများ ပုံကို တွေ့ရသော်လည် NUG ဝန်ကြီး ထိုတွေ့ဆုံပွဲသို့ တက်၊ မတက် ရှင်းလင်းစွာ မသိရပေ။ ထိုကိုယ်စားလှယ်အဖွဲ့ကလည်း နောက်ထပ် အသေးစိတ်များကို ပြောဆိုခြင်း မပြုပေ။
ထိုသမိုင်းဝင်တွေ့ဆုံမှုသည် မြန်မာအပေါ် ဂျပန်၏ တရားဝင် ရပ်တည်ချက် တဖြည်းဖြည်း ပြောင်းလဲလာကြောင်း မီးမောင်းထိုးပြနေသည်။ မြန်မာတွင် များပြားသည့် ဂျပန် ကုမ္ပဏီများနှင့် ဂျပန်နိုင်ငံသားများ ရှိသောကြောင့် စစ်ကောင်စီနှင့် အဆက်အသွယ် ဖြတ်တောက်ရန် ဂျပန်အစိုးရအတွက် ခက်ခဲ့သည်။ သို့သော် အခြေအနေများ ပြောင်းလဲနေသည်။
“အခြေအနေက လှုပ်လေမြုပ်လေ ဖြစ်နေပြီး ကာလတိုအတွင်း တိုးတက်လာဖို့ မဖြစ်နိုင်ဘူး ဆိုတာကို အစိုးရကသာမက ပုဂ္ဂလလိကပိုင်းကပါ ပိုမိုအသိအမှတ်ပြုလာတယ်” ဟု ကျိုဒို တက္ကသိုလ် တွဲဖက်ပါမောက္ခ ရိုရှီဟီရို နာကာနီရှီက Nikkei Asia သို့ ပြောသည်။
ကိုးကား ။ ။ Nikkei ပါ သတင်း Myanmar resistance leaders present united front in Tokyo
You may also like these stories:
မြန်မာမှ နျူကလီးယားပစ္စည်းများ မှောင်ခိုကူးရန် ဂျပန် မာဖီးယား ခေါင်းဆောင် ကြိုးစားခဲ့
တရုတ် ဝင်ပါလာသောကြောင့် မြန်မာ့အရေး အစီအစဉ်ရှိရှိ လုပ်ရန် ဂျပန်ကို တိုက်တွန်း
ဂျပန်လေ့ကျင့်ပေးသည့် မြန်မာဗိုလ်ချုပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ပါဝင်
ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့
အာဏာသိမ်း မြန်မာတွင် ဂျပန်လုပ်ငန်း ၇၀ ရာခိုင်နှုန်း ဆက်လက်လုပ်ကိုင်နေ