စစ်တပ် အာဏာသိမ်းလိုက်တဲ့နေ့ကတည်းက ဖမ်းဆီးခံလိုက်ရတဲ့ နိုင်ငံတော်၏ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ထုတ်ပြန်တဲ့ ဓါတ်ပုံတပုံကလွဲပြီး ပြည်သူတွေမမြင်ရတာ အခုဆို သုံးနှစ်ကျော်ရှိပါပြီ။
လက်ရှိအချိန်မှာတော့ သူမကို နေရာရွှေ့ပြောင်း လိုက်ပြန်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။ ဒါပေမယ့်လည်း သူမကို ဘယ်နေရာမှာ ချုပ်နောင်ထားတယ် ဆိုတာ သက်သေပြဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ ဧပြီလထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
ဒါကြောင့် ဘယ်နေရာမှာဖမ်းဆီးခံထားရမှန်းမသိတဲ့ အသက် ၈၀ နီးပါးရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေတွေကို ပြည်သူတွေစိုးရိမ်နေကြပါတယ်။
၁၉၈၈ ကစပြီး စစ်အာဏာရှင်အဆက်ဆက်ရဲ့ အဓိက အတိုက်ခံပါတီဖြစ်တဲ့ NLD ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ် လူထုခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ဖမ်းဆီးချုပ်နှောင်ထားတာက ပြည်တွင်းမှာရော နိုင်ငံတကာ မျက်နှာစာမှာပါ အဖက်ဖက်ကရှုံးနိမ့်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်တပ် အတွက် ဂယ်ပေါက် တခုအနေနဲ့ဖြစ်နိုင်တယ်လို့ သုံးသပ်ကြသူတွေရှိပါတယ်။
အချို့ကလည်း တော်လှန်ရေးတပ်တွေအားကောင်းလာမှုနဲ့ အတူ နေပြည်တော် လုံခြုံရေး အတွက်လူထုခေါင်းဆောင်ကို ဓားစားခံအဖြစ်ထားထားတယ်ဆိုတဲ့ အမြင်တွေလည်း ရှိနေကြပါတယ်။