ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၏ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Rukhkyawng Hkawng Lum (ခ) ဒူကဘာ ခေါင်လွမ်း ကွယ်လွန်သွားသော်လည်း လက်ရှိစစ်ဆင်ရေးများမှာ ပြောင်းလဲမည်မဟုတ်ဘဲ စစ်ရုံးချုပ်က တိုက်ရိုက်ကိုင် တွယ် လျက်ရှိကြောင်း KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “စစ်ဆင်ရေးက အပြောင်းအလဲရှိမှာ မဟုတ်ပါဘူး။ သူ (ဒူကဘာခေါင်လွမ်း) ဆုံးသွားပေမယ့်လည်း လုပ်သင့်လုပ် ထိုက်တာတွေကို ကျနော်တို့ ဆက်လုပ်မှာဖြစ်ပါတယ်။ လောလောဆယ် အစားထိုးတာဝန်ပေးထားတာ မရှိသေးဘူး။ အားလုံး စစ်ရုံးချုပ်ကနေ တိုက်ရိုက်ညွှန်ကြားပြီးမှ လုပ်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ ဗဟိုကော်မတီကလည်း တာဝန် ပေးထားတာရှိပါတယ်” ဟု ဆိုသည်။
ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်သည့် အမှတ် (၁) စစ်ဒေသ၏ စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသူလည်းဖြစ်ပြီး မေလ ၁၃ ရက် ညနေပိုင်းတွင် အသည်းရောဂါဖြင့် KIA ဌာနချုပ် လိုင်ဇာမြို့၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
၎င်း၏ ဈာပနအခမ်းအနားကို ယနေ့ နံနက် ၆ နာရီတွင် လိုင်ဇာမြို့၌ အကျဉ်းချုံး ကျင်းပခဲ့သည်။
အဆိုပါ ဈာပနအခမ်းအနား ကျင်းပစဉ်အတွင်း စစ်ကောင်စီ၏ လေကြောင်းရန်ကို စိုးရိမ်သည့်အတွက် တရုတ်နိုင်ငံ ဘက်ခြမ်းတွင်အာဏာပိုင်များက စာထုတ်ကာ လိုင်ဇာတဖက်ကမ်းရှိ ဒေသခံများအား ရင်ကျန်းသို့ ရွှေ့ပြောင်းခိုင်း ခဲ့ကြောင်း သိရသည်။
KIA စစ်ဦးစီးချုပ်နှင့် အမှတ် (၁) စစ်ဒေသမှူးအဖြစ် ဒူကဘာခေါင်လွမ်း တာဝန်ယူထားစဉ် ၂၀၂၄ မတ် ၇ ရက်မှစတင်ပြီး KIA နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ် များသည် ဗန်းမော်-မြစ်ကြီးနားလမ်းတလျှောက် အပါအဝင် ကချင်ပြည်နယ်အနှံ့၌ ကြီးမားသည့်ထိုးစစ်အား အရှိန်မြှင့်ခဲ့ သည်။
ယနေ့အချိန်ထိ ထိုးစစ်အတွင်း စစ်တပ်တပ်ရင်းဌာနချုပ်များ၊ စိန်လုံဗျူဟာနှင့် ဂီဒုန်တို့ကဲ့သို့ နာမည်ကျော်စခန်းကြီးများ အပါအဝင် တပ်စခန်းအကြီးအသေး စုစုပေါင်း ၁၀၀ ခန့် သိမ်းပိုက်နိုင်ခဲ့ပြီး လိုင်ဇာဌာနချုပ်နယ်မြေ၊ မိုးမောက်နှင့် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာကြားရှိ ဗန်းမော်-မြစ်ကြီးနားလမ်းတလျှောက် နယ်မြေများအား ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုသို့တပ်စခန်းအများအပြား သိမ်းပိုက်နိုင်မှုကြောင့် ဗန်းမော်-မြစ်ကြီးနားကြား ဧရာဝတီမြစ်အရှေ့ခြမ်းတခုလုံးအား KIA စိုးမိုးထားနိုင်ပြီး တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့နှင့် ဆွမ်ပရာဘွမ်မြို့အား သိမ်းပိုက်နိုင်ခဲ့ သည့်အပြင် ဖားကန့်၊ ဆင်ဘို၊ မိုးမောက်၊ မံစီ တို့ကိုလည်း စိုးမိုးထားနိုင်သည်။
လက်ရှိတွင် KIA နှင့် ပူးပေါင်းတပ်များက စစ်တပ်စခန်းများအား ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီခန့် ကလည်း တနိုင်းမြို့အနောက်တောင်ဘက်ရှိ ရွှေနှင့်ပယင်းမှော်များရှိရာ နမ့်ဗျူတပ်စခန်းအား တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည်။
နမ့်ဗျူစခန်းသည် စစ်ကောင်စီအတွက် ဝင်ငွေရနေသည့် ရွှေနှင့်ပယင်းမှော်များအား စိုးမိုးထိန်းချုပ်ကာ လုံခြုံရေးယူထား သော အရေးပါသည့် တပ်စခန်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့်လပိုင်းကလည်း နမ့်ဗျူတပ်စခန်းအထက်ဘက်ရှိ နွယ်ဂျယ်ဘွမ့်တပ်စခန်းနှင့် နမ့်ကောန့်တပ်စခန်းတို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားရာ တနိုင်းမြို့အနောက်တောင်ဘက်ရှိ ရွှေနှင့်ပယင်းမှော်ဒေသအတွင်း KIA နယ်မြေ စိုးမိုးမှုများ ပြန်လည်ရရှိလာပြီ ဖြစ်သည်။
ဗိုလ်မှူးကြီးနော်ဘူက “ဒီမနက် နမ့်ဗျူစခန်းကို သိမ်းလိုက်ပါတယ်။ ရွှေမှော်တို့၊ ပယင်းမှော်တို့ ရှိတဲ့နေရာ။ အဲဒီနေရာ တကြောလုံးကို ထိန်းချုပ်ထားတဲ့စခန်းတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် အရေးကြီးတဲ့စခန်းနေရာတွေ ဖြစ်ပါတယ်။ ဝင်ငွေတွေလည်း အများကြီးရတဲ့စခန်းတွေ ဖြစ်ပါတယ်။ အားလုံးထိန်းချုပ်နိုင်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။ စစ်တပ်စခန်းတွေ တချို့ရှိပါသေးတယ်” ဟု ပြောသည်။
ရွှေနှင့်ပယင်းမှော်ဒေသအား KIA ထိုးစစ်ဆင်နေသော်လည်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-တနိုင်း) လက်အောက်ခံ တပ် များနှင့်မြို့ကို ထိုးစစ်ဆင်ခြင်း မရှိသေးသည့်အပြင် တနိုင်းမြို့အား ဆက်သွယ်ထားသည့် လမ်းမကြီးကိုလည်း ဖြတ်တောက် ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပေ။
KIA ပူးပေါင်းတပ်သည် လတ်တလော ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ်၊ ဆွမ်ပရာဘွမ်-ပူတာအိုဒေသ၊ ဗန်းမော်-မံစီ-မိုးမောက်ဒေသနှင့် ဝိုင်းမော်မြို့နယ်တို့တွင် စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
You may also like these stories:
အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု (သို့) KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း
မံစီနှင့်မိုးမောက်ကို KIA ထိုးစစ်ဆင်ကာ ဗန်းမော်သို့ ဦးတည်လာ
ဗိုလ်ချုပ်ကြီး ဂမ်ရှောင် KIO ဥက္ကဋ္ဌ ဖြစ်လာ