မြန်မာတွင် အရပ်သားများကို လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားလာစဉ်အတွင်း စစ်ကောင်စီလေတပ် ခေါင်းဆောင် ထွန်းအောင်နှင့် အိန္ဒိယလေတပ် လေကြောင်းစစ်ဦးစီး (ထောက်လှမ်းရေး) ဒုတိယအကြီးအကဲ လေတပ်ဒုဗိုလ်ချုပ်ကြီး အီချက်တီယာ အီယက်ပါ ကတ်တက်ပါတို့ နေပြည်တော်တွင် မေလ ၁၅ ရက်နေ့က တွေ့ဆုံခဲ့သည်။
၎င်းတို့ နှစ်ဦးသည် စစ်တပ် နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး၊ စစ်ကောင်စီ သင်တန်းသားများကို အိန္ဒိယသို့ စေလွှတ်ရေး၊ လေတပ် နှစ်ခုအကြား ဆက်ဆံရေး ခိုင်မာစေရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြသည်ဟု စစ်ကောင်စီ မီဒီယာက ဖော်ပြသည်။
အိန္ဒိယလေတပ် ဒုဗိုလ်ချုပ်ကြီးသည် ၆ ကြိမ်မြောက် မြန်မာ-အိန္ဒိယ လေတပ်ဆွေးနွေးပွဲကို နေပြည်တော်တွင် အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ တက်ရောက်သည်။ အင်္ဂါနေ့ ဆွေးနွေးပွဲ စတင်နေချိန်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ခုခံတော်လှန်ရေး အမာခံဒေသ မကွေးတိုင်း၊ ဆောမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးသည်။
ထိုလေကြောင်းတိုက်ခိုက်မှုသည် မေလ ၉ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူအနည်းဆုံး ၁၅ ဦး သေဆုံးပြီးနောက် တပတ်မပြည့်မီ ဆောမြို့နယ်တွင် ဒုတိယအကြိမ် တိုက်ခိုက်မှုဖြစ်သည်။
အိန္ဒိယလေတပ် ဒုဗိုလ်ချုပ်ကြီး အထက်ပါ အစည်းအဝေးတက်နေစဉ် စစ်ကောင်စီ လေတပ်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် မောင်တောမြို့များမှ ကျောင်းများနှင့် ကျန်းမာရေး အဆောက်အအုံများကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ပြီး အရပ်သားထိခိုက်သေဆုံးမှုများ ဖြစ်စေသည်။ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့သည် ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလမှစတင်ပြီး အပြင်းအထန် တိုက်ပွဲဖြစ်နေသည်။
ယခုအပတ်အတွင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီက အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအတွင်း လူ ငါးဦး သေဆုံးသည်။
တော်လှန်ရေး အင်အားစုများကို ကိုင်တွယ်ရန် စစ်ကောင်စီသည် လေတပ်ကို ပိုမိုအားကိုးနေရချိန်တွင် စစ်ကောင်စီနှင့် အိန္ဒိယအကြား ထိုအစည်းအဝေး ကျင်းပခြင်းဖြစ်သည်။ ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဟု ဂုဏ်ယူသော အိန္ဒိယသည် မြန်မာစစ်သင်တန်းသားများကို ပညာသင်ဆုများ ပိုမိုပေးအပ်နေပြီး နည်းပညာ ထောက်ပံ့ကာ စစ်ကောင်စီနှင့် ဆက်ဆံရေး တိုးတက်နေသည်။
ထွန်းအောင်သည် မေလအစောပိုင်းက ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်စဉ် မြန်မာနှင့်ထိုင်း လက်နက်ကိုင်တပ်များအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးတက်ရေးဆွေးနွေးခဲ့သည်။
အာဏာသိမ်းမှုနောက်ပိုင်းတွင် အိန္ဒိယသည် စစ်ကောင်စီနှင့် ဆက်ဆံရေး ကောင်းမွန်နေပြီး လက်နက်များ ထောက်ပံ့ကာ စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးနယ်ပယ်များနှင့် စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲအတွက် စစ်ကောင်စီကို အကူအညီပေးသောကြောင့် မြန်မာရှိ စစ်ကောင်စီဆန့်ကျင်သူများထံမှ ဝေဖန်ခံရသည်။
အိန္ဒိယသည် ရုရှားနှင့် တရုတ်ပြီးလျှင် မြန်မာသို့ စစ်လက်နက်ပစ္စည်း တတိယအများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar (JFM) က မတ်လ အစီရင်ခံစာ တစောင်တွင် ဖော်ပြသည်။
အိန္ဒိယလေတပ်နှင့် အိန္ဒိယအစိုးရပိုင် လုပ်ငန်းများဖြစ်သော အများပြည်သူကဏ္ဍလုပ်ငန်းများ (PSUs) သည် မြန်မာစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ၊ အခြေခံအဆောက်အအုံများနှင့် သင်တန်းများပေးနေပြီး စစ်ကောင်စီက ဆက်လက် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကူညီအားပေးနေသည်ဟု အထက်ပါအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။
အိန္ဒိယစစ်တပ်၊ ကာကွယ်ရေးပစ္စည်းလုပ်ငန်း၊ စီးပွားရေးအဆက်အဆံရှိသော အစိုးရများနှင့် ကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ သြဇာကိုသုံးပြီး မြန်မာစစ်ကောင်စီသို့ ထောက်ပံ့မှုအားလုံး ပိတ်ပင်ရေး JFM က တိုက်တွန်းသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်သစ် အက်ဘ်ဟေး သာကူရ်က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ထံ သောကြာနေ့တွင် ပေးအပ်သောအခါ ၎င်းတို့သည် နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်း ဆက်ဆံရေး၊ တိုက်ရိုက် လေကြောင်းပျံသန်းမှု ပြုလုပ်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးနှင့် ကာကွယ်ရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးသည်။ အဆိုပြုထားသည့် ရွေးကောက်ပွဲကိစ္စကိုလည်း စစ်ကောင်စီ ခေါင်းဆောင်က ရှင်းပြသည်ဟု စစ်ကောင်စီ မီဒီယာ ဖော်ပြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta, Indian Air Force Brass Meet Amid Regime’s Aerial Campaign of Terror ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာစစ်ရာဇဝတ်ကောင်များနှင့် ဆက်ဆံရေးရပ်ရန် အိန္ဒိယကို JFM တိုက်တွန်း
မြန်မာဒုက္ခသည်များကို အတင်းအကျပ် ပြန်ပို့သောကြောင့် အိန္ဒိယ ရှုတ်ချခံရ
စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား
တရုတ်၊ အိန္ဒိယနှင့် ရုရှား အားကိုးဖြင့် အာဆီယံကို မြန်မာ အာခံ
မြန်မာ့အရေးမှာ လောင်းကြေးအထပ်မှားသည့် အိန္ဒိယ
မြန်မာစစ်တပ်ကို အိန္ဒိယ ဘာကြောင့် ပေါင်းသလဲ