မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ၌ တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီး အင်အား ၂၅၀ ကျော်က စစ် ကြောင်း ၃ ကြောင်းဖြင့် အနီးရှိ ရွှေဘို၊ ရေသာရွာများသို့ မေ ၁၆ရက် နံနက် ၉ နာရီခန့်က ဝင်ရောက်ကာ အိမ် ၂၈၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၂ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူများမှာ ရွှေဘိုကျေးရွာရှိ အသက်၈၀ကျော်အရွယ် ဦးသာနွယ်နှင့် အသက် ၄၀အရွယ် စိတ်ကျန်းမာရေး ချို့တဲ့နေသော အမျိုးသား ၁ ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ဓားဒဏ်ရာများဖြင့် ကျေးရွာအတွင်း ပြန်လည် တွေ့ရှိခဲ့ကြောင်း၊ လုံခြုံရေး အခြေအနေအရ အဆိုပါ ရုပ်အလောင်းများကို နီးစပ်ရာ ကျေးရွာသို့ ပို့ဆောင် သဂြိုလ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရွှေဘိုရွာခံတဦးက “ဦးသာနွယ်က ကျန်းမာရေးလည်းမကောင်း၊ မျက်စိလည်းကောင်းကောင်း မမြင်တော့လို့ ဒီအသက် ရွယ်ကြီး ဘာမှမလုပ်လောက်ဘူးဆိုပြီးထားခဲ့ကြတာ။ သူတို့က လူစိတ်မရှိကြတော့ဘူး။ အသက် ၈၀ကျော် အရွယ် အဖိုးကြီးကို အမျိုးသားအင်္ဂါကိုပါ ဖြတ်ပြီး ရက်ရက်စက်စက်သတ်ထားတယ်။ ရင်ဘတ်၊ ဗိုက်နဲ့ လည်ပင်းတွေမှာလည်း ဓားဒဏ်ရာတွေ တွေ့တယ်”ဟု ဧရာဝတီကို ပြောသည်။
စစ်ကြောင်းထိုးလာသော ယင်းစစ်ကြောင်းနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သလို ရွှေဘိုရွာအနီးတွင်လည်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ထို့နောက် အဆိုပါ စစ်ကြောင်းသည် ကျေးရွာများထဲသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့သလို ရွာကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ရွှေဘိုကျေးရွာမှ ဘုန်းကြီးကျောင်းဆောင် ၁ဆောင်နှင့် ဝန်ထမ်းအိမ်ရာ ၁လုံးအပါအဝင် နေအိမ် ၂၆၆ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ရေသာကျေးရွာမှ နေအိမ် ၁၅လုံးမီးလောင် ပျက်စီးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
အိမ်ခြေ ၄၀၀ ကျော်ရှိသော ရွှေဘိုရွာနှင့် အိမ်ခြေ ၁၀၀ ကျော်ရှိသော ရေသာရွာသည် စစ်ကောင်စီ တပ်စွဲထားသော မြောက်ခင်ရန်းကျေးရွာနှင့် ၁မိုင်အကွာတွင် ရှိသောကြောင့် မကြာခဏ ဝင်ရောက် စစ်ကြောင်း ထိုးခံရလေ့ရှိကြောင်း၊ ယခင် မီးရှို့မှုများ၌ အိမ်ခြေ ၃၀ကျော်သာ ပျက်စီးခဲ့သော်လည်း ယခုတကြိမ်တွင် ပျက်စီးမှုများသောကြောင့် ဒေသခံများမှာ ကျေးရွာထဲသို့ ပြန်လည်ဝင်ရောက်နေထိုင်ရဲခြင်း မရှိသေးကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက” ရွှေဘိုရွာက ရွာပျက်ကြီးလိုဖြစ်သွားပြီဗျ။ တရက်ထဲကို သုံးကြိမ် မီးရှို့ခံရတာ။ ပြည်သူတွေတော့ ပြန်နေလို့မရသေးပါဘူး။စစ်ကောင်စီက သူတို့ ပြန်ထွက်သွားပြီးရင် မိုင်းတွေ ထောင်ခဲ့လေ့ရှိတယ်။ အရင်ကလည်း သူတို့ထွက်သွားပြီး ပြန်နေတဲ့အခါမှာ ပြည်သူတွေ မိုင်းနင်းမိတာတွေရှိတော့ ကျနော်တို့ နယ်မြေရှင်းလင်းရေး လုပ်နေရတုန်းပဲ”ဟု ပြောသည်။
မြောက်ခင်ရန်းရွာသည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ် ယောဒေသမြောက်ပိုင်း မုံရွာ- ဂန့်ဂေါ- ကလေးလမ်းပေါ်တွင် ရှိပြီး အိမ်ခြေ ၂ ထောင်ကျော် လူဦးရေ ၁ သောင်းကျော်နေထိုင်သောရွာကြီး ဖြစ်သည်။ မြောက်ခင်ရန်း ပျူစောထီးအဖွဲ့ကို ဘူးလက်လှဆွေဟု လူသိများသည့် ကြံ့ခိုင်ရေးပါတီ လွှတ်တော် အမတ်ဟောင်း ဦးလှဆွေက ဖွဲ့စည်းထားပြီး အင်အား ၃၀၀ကျော်ရှိကာ ကျေးရွာအတွင်း ဘန်ကာ၊ ဆက်သွယ်ရေးမြောင်း၊ ကတုတ်ကျင်း၊ မျှော်စင်များနှင့် လက်နက်ကြီးများကိုပါ အခိုင်အမာ တည်ဆောက် ထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်း၊ ရွှေမေတ္တာနှင့် မြစ်သာမြစ်အရှေ့ဘက်ခြမ်းရှိ လယ်ကြီး (အရှေ့)၊ လယ်ကြီး(အနောက်)တို့သည် ပျူစောထီး အားကောင်းသောရွာများဖြစ်ပြီး ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး-ဒကစ) မှ တိုက်ရိုက်ကွပ်ကဲကြောင်း၊ ယင်းရွာများကို ယခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ လက်နက်ခဲယမ်းများ ဖြည့်တင်းပေးခဲ့သလို ကလေးမြို့ဘက်မှလည်း စားနပ်ရိက္ခာနှင့် ဒရုန်းများ လာရောက် အားဖြည့်ပေးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
စစ်ကောင်စီမှ လက်နက်ခဲယမ်းများ မဖြည့်တင်းပေးမီက စစ်ကြောင်းထိုးမှု နည်းပါးသော်လည်း ဖြည့်တင်းပေးပြီးနောက် အနီးနားကျေးရွာများကို တကျော့ပြန် စစ်ကြောင်းထိုးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက” သူတို့က စစ်ကြောင်းတွေမှာ ဒရုန်းတွေကို အားကောင်းကောင်းနဲ့ သုံးလာတယ်။ စစ်လက်နက်ပစ္စည်း အစုံအလင်နဲ့ ထိုးတော့ ကျနော်တို့ တော်တော် သတိထားနေရတဲ့ အခြေအနေဖြစ်နေတယ် “ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ရက်တွင် ရွှေဘိုကျေးရွာနှင့် သင်တောကျေးရွာများကို စစ်ကြောင်းထိုးကာ ပြည်သူ ၁၀ဦးကို သတ်ဖြတ်ခဲ့ပြီး၊ ၁၉ ဦးကို ဖမ်းဆီးသွားကာ ယင်းတို့အနက်မှ ၁၈ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း သင်တောရွာသား ကိုလူဝဆိုသူကို ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
မြောက်ခင်ရန်းရွာ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များသည် ၂၀၂၃၊ နိုဝင်ဘာ ၇ ရက်တွင် ယော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သောကြောင့် ပြည်သူများ ကြောက်လန့်ကာ ၎င်းကျေးရွာများသို့ စားသောက်ကုန်များ သွားရောက် မရောင်းချသောကြောင့် ကုန်ဈေနှုန်း အဆမတန် မြင့်တက်နေပြီး အနီးနားကျေးရွာမှ ပြည်သူများ၏ စားသောက်ကုန်များကို စစ်ကြောင်းထိုးကာ ဝင်ရောက် ယူဆောင်လေ့ရှိကြောင်း သိရသည်။
ဒေသခံတဦးက” သူတို့ဆီကို ဘယ်သူမှလည်း သွားမရောင်းရဲတော့ ဆားတပိဿာ ၈သောင်း၊ ငါးပိတပိဿာ ၁သိန်းကနေ ၁သိန်းခွဲအထိ ဖြစ်နေတာ။ သူတို့ စစ်ကြောင်းဝင်ပြီးရင် ကြက်၊ဝက်၊ဆား၊အချိုမှုန့်၊ ငရုတ်၊ ကြက်သွန်ကအစ ကားကြီး ကားလေးတွေနဲ့ သယ်ထုတ်သွားကြတာ”ဟု ပြောသည်။
ထိုကဲ့သို့ ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာများမှ ပြည်သူထောင်ချီ၍ ကာကွယ်ရေးတပ်ဖွဲ့များထံ ဝင်ရောက်ခိုလှုံနေကြောင်း၊ လက်ရှိတွင် ယမန်နေ့က စစ်ကြောင်းထိုးမီးရှို့ခံရသော ရွှေဘိုရွာ၊ ရေသာရွာ အပါအဝင် အနီးနားရွာများမှ ဒေသခံ ထောင်ချီ စစ်ရှောင်နေရကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။
You may also like these stories:
မြောက်ခင်ရန်း ပျူစောထီးတို့ ဒေသခံ ၁၀ ဦးကို သတ်ဖြတ်
ဂန့်ဂေါ အရှင်လတ်လတ် မီးရှို့သတ်မှု ဂယက်ရိုက်
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး
ဆောလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၈ ဦးရှိလာ
ဂန့်ဂေါ ဒေသခံ ၂ ဦးအား စစ်တပ်နှင့် ပျူစောထီးများ နှိပ်စက် သတ်ဖြတ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR