စီစဉ်ထားသည့် ဂျက်တိုက်လေယာဉ်သစ်များ ဝယ်ယူရေး အသေးစိတ်များကို ဆွေးနွေးရန် ထိုင်း လေတပ်အကြီးအကဲသည် ယခုလအတွင်း ဆွီဒင်နှင့် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည် ဖြစ်သည်။ ထိုအစီအစဉ်တွင် ထိုင်းနိုင်ငံ၏ ထွန်းသစ်စ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းကို အားပေးရန် နည်းပညာလွှဲပြောင်းရေး သဘောတူညီချက်လည်း ပါဝင်နိုင်သည်။
သက်တမ်းရင့်နေသည့် F-16 As နှင့် F-16 ADFs လေယာဉ် ၁၂ စီးကို ဆွီဒင်လုပ် Gripen နှင့်ဖြစ်စေ အမေရိကန်လုပ် F-16 Block 70/72 များနှင့်ဖြစ်စေ အစားထိုးရန် လေတပ်ဦးစီးချုပ် ပန်ပက်ဒီ ပက်တန်နာကူလ်က စီစဉ်နေသည်။ ထိုအစီအစဉ်ကို ၂၀၂၄-၂၀၃၇ ကာလအတွက် လေတပ်၏ လုံခြုံရေး အကဲဖြတ်ချက်ကို ရှင်းပြရန် ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းတွင် ယခုနှစ်အစောပိုင်းက ဖော်ပြခဲ့သည်။
လေတပ်အနေဖြင့် ထိုအစီအစဉ်ကို အပြီးသတ်လုပ်ဆောင်ရန် အချိန်နီးကပ်နေပြီး အထူးဝယ်ယူရေး အဖွဲ့တဖွဲ့သည် မည်သည့်လေယာဉ်အုပ်စုကို ခွင့်ပြုမည်ကို ဇွန်လတွင် ဆုံးဖြတ်ရန် စီစဉ်ထားသည်။
အိမ်နီးချင်းမြန်မာတွင် ပြည်တွင်စစ်အခြေအနေ ဆိုးရွားလာသောကြာင့် ထိုင်းသည် နိုင်ငံ အနောက်ဘက် နယ်စပ်တွင် ကင်းလှည့်ရန် ဂျက်လေယာဉ်များကို ဧပြီလအတွင်း စေလွှတ်ရပြီး ထိုဝယ်ယူရေး အစီအစဉ်ကို အရေးပေါ်လုပ်ဆောင်ရန် လိုအပ်လာသည်။
အစိုးရအဖွဲ့သည် ယခုနှစ် အောက်တိုဘာလတွင် စတင်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်မှ ရန်ပုံငွေခွင့်ပြုရေးကို မူအားဖြင့် သဘောတူထားသော်လည်း အသုံးစရိတ် မဲမခွဲမီ ဖြတ်တောက်ခံရနိုင်ဆဲ ဖြစ်သည်။ စီစဉ်ထားသည့် ဂျက်လေယာဉ် ၁၂ စီးအနက် လေးစီး ဝယ်ယူမည့် ပထမအဆင့်သည် ဘတ် ၁၉ ဘီလီယံ (ဒေါ်လာ ၅၁၇ သန်း) ကုန်ကျမည်ဟု ခန့်မှန်းရသည်။
နိုင်ငံရေးအရ ထောက်ခံမှုရရန် ကြိုးစားသည့်အနေဖြင့် ထိုကန်ထရိုက်တွင် အပေးအယူ ပြဋ္ဌာန်းချက်တခု ထည့်သွင်းရန် လေတပ်အကြီးအကဲက သဘောတူသည်။ ထိုပြဋ္ဌာန်းချက်အရ ရောင်းချသူသည် ဝယ်ယူသူကို လိုင်စင်ရထုတ်လုပ်မှု၊ ကန်ထရိုက်ခွဲထုတ်လုပ်ခြင်း၊ နည်းပညာ လွှဲပြောင်းပေးခြင်း သို့မဟုတ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတို့ ခွင့်ပြုရန် လိုအပ်မည်ဖြစ်သည်။
ထိုစည်းကမ်းချက်သည် ထိုင်းပါလီမန်တွင် ထိုအစီအစဉ်အတွက် အစိုးရနှင့် အတိုက်အခံနှစ်ဖက် ထောက်ခံမှုကို ဖြစ်စေသည်။ “ဒါဟာ ထိုင်းနိုင်ငံအတွက် စီးပွားရေးနဲ့ နည်းပညာ အကျိုးကျေးဇူး ဖြစ်စေတယ်။ ဒါကြောင့် ဒီပြဋ္ဌာန်းချက်တွေကို အပေးအယူ ပုံစံတခုအနေနဲ့ ထည့်သွင်းရမယ်” ဟု အတိုက်အခံ ရှေ့သို့ချီပါတီ (MFP) မှ ပါလီမန်ကိုယ်စားလှယ်နှင့် ပါလီမန် လက်နက်ကိုင်တပ်များ ကော်မတီ အကြီးအကဲ ဝီရော့ဂျ် လက်ခနာအဒစ်ဆွန်က Nikkei Asia သို့ပြောသည်။
ထိုသို့ပြောကြားခြင်းသည် ယခုနှစ်အစောပိုင်းက လေတပ်အကြီးအကဲ ပန်ပက်ဒီနှင့် အစည်းအဝေးတွင် ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင် ဖော်ပြခဲ့သော သဘောထားနှင့် အလားတူဖြစ်ကြောင်း အစိုးရအတွင်းလူများက ပြောသည်။
ထိုင်းနိုင်ငံသည် လေတပ်တွင် F-16 အစီး ၅၀ နှင့် ၂၀၀၈ ခုနှစ်က ဝယ်ယူခဲ့သည့် Gripen လေယာဉ် အုပ်စုတခု ရှိပြီးဖြစ်ကာ ဆွီဒင်လုပ် ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်များကို ဝယ်ယူသည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ဖြစ်သည်။
ထိုင်းနိုင်ငံ၏ အပေးအယူ တောင်းဆိုသည့် ပြဋ္ဌာန်းချက်သည် မူဝါဒဟောင်းကို ပြုပြင်ခြင်းဖြစ်ကြောင်း စစ်ရေးသုတေသီများက ပြောသည်။ “အဲဒီလိုပြဋ္ဌာန်းချက်တွေက ၁၉၉၀ ပြည့်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းက လက်နက် အရောင်းအဝယ်တွေမှာလည်း ပါဝင်ပေမယ့် လက်ရှိအချိန်အထိ မကျင့်သုံးဘဲ ထားပုံရတယ်” ဟု ကမ္ဘာ့လက်နက်လုပ်ငန်းကို စောင့်ကြည့်လေ့လာသည့် ဆွီဒင် သုတေသနအဖွဲ့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျုမှ ဝါရင့် သုတေသီ ဆိုင်မွန် ဝီဇီမင်က ပြောသည်။
ထိုင်းစစ်တပ်၏ ထရပ်ကားတင် အတွဲလိုက်ပစ် ဒုံးကျည်စနစ်သည် ယခင်အပေးအယူ ပြဋ္ဌာန်းချက်တခု ဖြစ်သည်။ ကီလိုမီတာ ၇၀ မှ ၁၅၀ အထိ ပစ်ခတ်နိုင်သည့် တရုတ်ပုံစံကို အခြေခံကာ ပဲ့ထိန်းဒုံးကျည်စနစ်ကို ပြည်တွင်းတွင် ထုတ်လုပ်ရန် သဘောတူညီချက်အပြီးတွင် ထိုသို့ပြုလုပ်ခြင်း ဖြစ်သည်။
ကာကွယ်ရေးနယ်ပယ်တွင် ထိုင်း-တရုတ် ဆက်ဆံရေးသည် ဘန်ကောက်အခြေစိုက် အနောက်တိုင်း ထောက်လှမ်းရေးအရာရှိများအကြား အာရုံစိုက်စရာ ဖြစ်ခဲ့သည်။ ထိုင်းကြည်းတပ်နှင့် ရေတပ်သည် စစ်လက်နက်ပစ္စည်းအတွက် တရုတ်ကို အားကိုးနေပြီး လေတပ်သည် အနောက်တိုင်းကာကွယ်ရေး အချိတ်အဆက်များနှင့်သာ ဆက်လက် ဆက်သွယ်သည်။
“ဒါဟာ ကာကွယ်ရေး နည်းပညာကို ကာကွယ်တာဖြစ်ပြီး ထိုင်းတွေနဲ့ အပြန်အလှန် ဆက်ဆံရင်း တရုတ်က နည်းပညာတွေ ရသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ ပတ်သက်တယ်” ဟု အနောက်နိုင်ငံ သံရုံးတခုမှ ထောက်လှမ်းရေး သတင်းရင်းမြစ်တခုက ပြောသည်။ ” ဒါဟာ ထိုင်းရဲ့ ဂျက်တိုက်လေယာဉ် ဝယ်ယူမယ့် အစီအစဉ်တွေမှာ ပေါ်ပေါက်လာနိုင်တဲ့ အချက်တခုဖြစ်လိမ့်မယ်” ဟုလည်း ထိုရင်းမြစ်က ပြောသည်။
ကိုးကား ။ ။ Nikkei Asia သတင်း Thai air force to replace 12 fighter jets with new planes
You may also like these stories:
ထိုင်းလေတပ်မှ Gripen တိုက်လေယာဉ် သရုပ်ပြစဉ်ပျက်ကျ၊ လေယာဉ်မှူးသေဆုံး
မြန်မာ ကာချုပ်နှင့် ထိုင်း လေတပ်ဦးစီးချုပ် တွေ့ဆုံ
ထိုင်းဘုရင့်လေတပ်မှ အမောင်းသင်လေယာဉ် ပျက်ကျ၊ ၁ဦးသေဆုံး
ထိုင်းလေတပ် တောင်ကိုရီးယားလုပ် T-50 လေယာဉ်များ ဝယ်