ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ပြင်၌ ယနေ့တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသား တပ်မတော် (CNA) ဦးဆောင် သော ပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း CNA ၏ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြော သည်။
၎င်းက “အခုကတော့ တွန်းဇံမြို့ပေါ် မှာတော့ မရှိကြတော့ဘူး။ တွန်းဇံက စိတ်ချရတဲ့ အနေအထားတော့ မရှိသေး ဘူးလို့ ပြောလို့ရပါတယ်။ မြို့ပြင်မှာ တိုက်ပွဲတော့ ဆက် ဖြစ်နေတယ်” ဟု ဆိုသည်။
တွန်းဇံမြို့ထဲတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်များ နေရာယူထိန်းချုပ်ထားပြီး ကျန်ရှိသည့် စစ်ကောင်စီတပ်သား များကို ရှင်းလင်းချေမှုန်းရေး လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။
ယနေ့ မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် တပ်ကုန်းအနီးတွင် ဗုံးကြဲချခဲ့ပြီး နေ့လယ်ပိုင်း တွင် လေယာဉ်ဖြင့် ထပ်မံလာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
တွန်းဇံမြို့ခံတဦးက “မနက်ပိုင်းက လေယာဉ်လာတယ်။ လေယာဉ်ကတော့ ဆက်တိုက်ကို လာနေတာ။ မြို့ပေါ်က သေနတ်သံတွေလည်း ကြားနေရတယ်။ မြို့ထဲက ပိတ်မိနေတဲ့ဒေသခံတွေကို ခေါ်ထုတ်ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ အခုလည်း သေနတ်သံအခြေအနေ ကြည့်ပြီး သွားမှာ” ဟု ပြောသည်။
တွန်းဇံမြို့၌ မေ ၂၀ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် တပ်သား ၃၀ ဝန်းကျင် အင်အားဖြည့် တင်းလာကြောင်း သိရသည်။
တွန်းဇံမြို့ တိုက်ပွဲတွင် ပါဝင်သည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ- CDF KKG) ၏ ပြောရေး ဆို ခွင့်ရှိသူက “မနေ့ကတော့ စစ်ကောင်စီတပ်သား ၃၀ လောက် အင်အားလာဖြည့်တယ်။ ပြီးတော့ တပ်စခန်းတွေက နေ ထွက်ပြေးတဲ့ စစ်ကောင်စီတွေနဲ့ အင်အားဖြည့်တဲ့သူတွေ ပေါင်းမိတာပါ။ သူတို့ တိုက်ပွဲဆက်ဖြစ်နေတဲ့ အနေအထား ပါ။ လေယာဉ်နဲ့လည်း ဗုံးကြဲတာတွေ ရှိပါတယ်” ဟု ပြောသည်။
တွန်းဇံမြို့နယ်၊ မြို့သိမ်းတိုက်ပွဲကို မေ ၁၇ ရက်ကစတင်ခဲ့ပြီး မေ ၁၉ ရက်တွင် အိန္ဒိယ- မြန်မာ နယ်စပ်အနီးရှိ ကျီခါး မြို့ကို သိမ်းပိုက်နိုင်ခဲ့သလို ယနေ့တွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက တွန်းဇံမြို့ပေါ်ကို ထိန်းချုပ်ထားနိုင်သည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဝန်းကျင်သေဆုံးခဲ့ပြီး ချင်းတော်လှန်ပူးပေါင်းတပ်မှ ၂ ဦး သေဆုံး ကာ၊ ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။
တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသော်လည်း အရေအတွက်အတိအကျကို CNA က ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။
တွန်းဇံမြို့ပေါ်မှသာမက အနီးဝန်းကျင်ရွာများမှ ဒေသခံ ၈ ထောင်ဝန်းကျင်သည် ဘေးလွတ်ရာ တီးတိန်နှင့် ကလေး မြို့နယ်အပြင် အနီးအနားရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အနီးအနားတောတောင်များတွင် တိမ်းရှောင်နေရသည့် ဒေသခံများသည် လေကြောင်းရန်ကို ကြောက်လန့်၍ ထပ်မံ ပုန်းရှောင်နေရကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူများက ပြောသည်။
တွန်းဇံနှင့် ကျီခါးမြို့စစ်ဆင်ရေးတွင် CNA နှင့်အတူ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော ချင်းပြည်နယ် ကာကွယ် ရေးတပ်မတော် (CDF) တွန်းဇံ၊ CDF ထန်တလန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်– တီးတိန် (PDA)၊ CDF CDM စီယင်း၊ CDF-Hualngoram၊ YPDF ၊ CDF- အရှိုချင်း၊ CDF ဟားခါး၊ CDF-Zanniatram၊ CDF မတူပီတပ်များ အပါအဝင် ၁၄ ဖွဲ့ ဝန်း ကျင် ပူးပေါင်းပါဝင်နေသည်ဟု သိရသည်။
You may also like these stories:
တွန်းဇံတွင် လူ ၁ ထောင်ခန့် ပိတ်မိနေ
စစ်ကောင်စီတပ်သားများ ကော့ကရိတ်ရှိ ဖူ့ချိမူစခန်းအား စွန့်ခွာထွက်ပြေး
KIA ထိုးစစ် ဝိုင်းမော်မြို့ကို ခြိမ်းခြောက်လာ