ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကို တော်လှန်ရေးတပ်များက သိမ်းလိုက်ပြီဖြစ်သော်လည်း ဆုတ်ခွာ သွားသည့် စစ်ကောင်စီတပ်များက လမ်းတလျှောက် ရွာများသို့ ဝင်ရောက်ကာ ဒေသခံများအား ဖမ်းဆီးခေါ်ဆောင် နှောက်ရှက်ခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံ ၉၀၀ ခန့်မှာ ရှောင်တိမ်းနေရကြောင်း သိရသည်။
တိမ်းရှောင်ရသည့် ရွာများမှာ ကျင်ဒွေးမြို့နှင့် မိုင် ၂၀ခန့်သာ ဝေးပြီး ကျင်ဒွေး- လောင်းရှည် လမ်းပေါ်ရှိ စိုးချောင်း၊ ရှင်းတော်ကျင်း၊ လွီးစုံ၊ မော်ကျင်း၊ အုံ၊ ဆက်ဆံကျင်း၊ ချိုင်းလောင်း၊ လဲပုံ၊ ဆူးပုတ်ကျင်းတို့ဖြစ်၍ ဆုတ်ခွာလာသည့် တပ်များက ရွာတွင်းရှိ အိမ်မွေးတိရစာ္ဆန်များကို သတ်ဖြတ်စားသောက်ကာ နေအိမ်များကို ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်း နှင့် ငွေကြေးများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။
စစ်ရှောင်ကူညီနေသူတဦးက “တိုက်ပွဲတွေကြောင့် တောထဲမှာ ရှောင်နေကြရတဲ့နေရာကို စစ်တပ်က ရုတ်တရက် ဝင်လာ တော့ အားလုံးကပြန့်ကျဲပြီး ထွက်ပြေးကြရတာ။ စစ်တပ်က ပေါ်တာတွေဆွဲနေတာမို့ အဖမ်းခံရမှာကြောက်ပြီး ရှောင်နေရ တဲ့နေရာကနေ ထပ်ပြီးရှောင်ကြရတာမျိုးပါ။ ရွာတွေကို မပြန်ရဲသေးလို့ အခုအချိန်ထိ တောထဲမှာပဲ ဖြစ်သလို နေနေကြရ တယ်” ဟု ပြောသည်။
ယခုရွာများမှာ မြို့သိမ်းတိုက်ပွဲ စချိန်ကတည်းက စစ်ရှောင်ရသည့် ရွာ ၅၀ ကျော်တွင် ပါဝင်ပြီး ယခု ထပ်မံစစ်ရှောင် ကြရသဖြင့် အရေးပေါ်စားနပ်ရိက္ခာသာမက မိုးရွာသဖြင့် နေထိုင်ရေးနှင့် အဝတ်အထည် အခက်အခဲများပါ ကြုံနေ ရကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူများထံမှ သိရသည်။
စစ်ရှောင်ကူညီနေသူတဦးက “ကျင်ဒွေးတိုက်ပွဲတွေစတော့ စကစက လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာတွေကြောင့် အနီးဝန်းကျင်က ရွာပေါင်း ၅၀ ကျော်က လူဦးရေ ၆ ထောင်လောက်အထိ စစ်ရှောင်ခဲ့ကြရတာမှာ အခုရွာတွေလည်းပါတယ်။ အခုက တောထဲရှောင်နေရတဲ့နေရာကနေ ထပ်ပြီးရှောင်ကြရတော့ စားစရာတွေကအစ တော် တော်လေးကို ခက်ခဲနေကြတယ်။ ဒီရက်ပိုင်း မိုးတွေလည်းရွာတော့ နေစရာပါ ထပ်ပြီးခက်ခဲကုန်ကြတယ်” ဟု ပြောသည်။
ကျင်ဒွေးမြို့ကို ချင်းဒေသကာကွယ်ရေးတပ် (CDF ကန်ပက်လက်) ပါဝင်သည့် ချင်းညီနောင် မဟာမိတ် ပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ၂၀၂၄ ဧပြီ ၂၉ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကျင်ဒွေးမှ စစ်ကောင်စီ တပ်ဖွဲ့များ လောင်းရှည်မြို့ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၅) သို့ ပူးပေါင်းရန် ဆုတ်ခွာရာ လမ်းတလျှောက် CDF ကန်ပက်လက်က လိုက်လံ တိုက်ခိုက်နေခြင်းကြောင့် နေ့စဉ် ထိတွေ့တိုက်ပွဲများ ရှိနေကြောင်း သိရသည်။
CDF ကန်ပက်လက်မှ တာဝန်ရှိသူတဦးက “စကစ အင်အား ၅၀၀ ဝန်းကျင်ရှိမယ်။ ကျင်ဒွေးမြို့သိမ်းတုန်းက မြို့ခံ ၃၀၀ လောက်ကလည်း နဂိုကတည်းက စကစဘက်ကပါတဲ့ ပျူစောထီးတွေပေါ့နော်။ အဲဒီသူတွေအားလုံး စကစနောက် လိုက်သွားတာဆိုတော့ စုစုပေါင်း အယောက် ၈၀၀ လောက်က ကျင်ဒွေးကနေ လောင်းရှည် ကပစဘက်ကိုသွားပြီး ပူးပေါင်း နိုင်အောင်လို့ ကြိုးစားနေတာမျိုး ရှိတယ်။ တဖြည်းဖြည်းနဲ့ အဲဒီလို ပြန်ဆုတ်ရင်း လမ်းပေါ်မှာရှိတဲ့ ရွာတွေကနေ ပေါ်တာဆွဲ သွားတာမျိုးလို့ သိရတယ်။ အခုဖြစ်နေတယ်ဆိုတဲ့ရွာတွေက လောင်းရှည်ဘက် သွားတဲ့လမ်းမှာပါ” ဟု ပြောသည်။
ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အနီးရှိ အိမ်ခြေ ၃၀ခန့်သာရှိသည့် အုံရွာမှ ကလေးငယ်များ အပါအဝင် ဒေသခံ ၃၈ ဦး (အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂၇ ဦး) တို့ကို မေ ၁၄ ရက်တွင် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ရှောင်ကူညီနေသူတဦးက “အဖမ်းခံရတဲ့ ၃၈ ထဲကမှ အမျိုးသားတွေကို ပေါ်တာဆွဲသွားတာ။ အမျိုးသမီးနဲ့ ကလေး သူငယ်တွေကိုကျတော့ မေးတာမြန်းတာတွေ လုပ်ပြီးတော့မှ သူတို့ကို တောထဲမှာထားခဲ့တာ။ အခု စစ်တပ်ကအဖွဲ့တွေက များတယ်။ တဖွဲ့ပြီးတဖွဲ့ ရောက်လာကြတော့ ရှောင်နေတဲ့နေရာကနေ ထပ်ပြီးရှောင်ကြရင်းနဲ့ အခုလို အဖမ်းခံလိုက်ကြရ တာပဲ။ ပြန်လွတ်တယ်ဆိုတာမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက လိုက်ရှာတော့ တောတောင်တွေထဲမှာ ပြန်ရှာတွေ့ခဲ့ရ တာ” ဟု ပြောသည်။
ထိုသို့ ဖမ်းဆီးခံရပြီးနောက် မေ ၁၇ ရက်တွင် အမျိုးသမီး၊ ကလေးသူငယ် ၃၃ ဦး ပြန်လည်လွတ်မြောက်လာပြီး အမျိုးသား ၅ ဦးအား ဓားစာခံလမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ အဆိုပါ ၅ ဦးအနက် ၄ ဦးမှာ မေ ၁၈ ရက်၌ ပြန်လွတ်လာ ခဲ့ပြီး အသက် ၅၀ ဝန်းကျင်အရွယ် ခြေထောက်တဖက်မသန်သော အမျိုးသားတဦးမှာမူ ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ် ကြောင်း သိရသည်။
ပြန်လည်လွတ်မြောက်လာသူတဦးက “ကျနော့်ကို သူတို့ရဲ့ အိတ်တွေ၊ ခြင်းတွေ၊ အထုပ်အပိုးတွေကို ထမ်းခိုင်းတယ်။ ပြီးတော့ သူတို့ သွားချင်တဲ့နေရာကို လမ်းပြခိုင်းတယ်။ ကျနော်တို့ရွာတွေကိုလည်း PDF တွေ၊ CDF တွေကို ထောက် ပံ့နေကြ တယ်ဆိုပြီးတော့ ကြိမ်းမောင်းဆဲဆိုတာမျိုးတွေလည်း လုပ်ကြတယ်။ အစားလည်း ကောင်းကောင်းမစားရဘူး။ သူတို့သွား ချင်တဲ့နေရာရောက်တော့ နေခဲ့ကြတော့ဆိုပြီး ဒီအတိုင်းထားခဲ့ကြတာ။ စဖမ်းတဲ့နေ့ကတည်းကဆို ၅ ရက် ကြာတယ်” ဟု ပြောသည်။
ပြန်လည်လွတ်မြောက်လာသူများများကို ပြည်သူ့ကာကွယ်ရေးတပ်များက တောတောင်များအတွင်းမှ ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပျောက်ဆုံးနေသည့် အမျိုးသားအား ယနေ့အချိန်ထိ အနီးဝန်းကျင်ကျေးရွာများနှင့် တောတောင်များအတွင်း၌ လိုက်လံရှာဖွေနေကြဆဲဖြစ်ကြောင်း သိရသည်။
ယနေ့အချိန်ထိ ကျင်ဒွေးမြို့အား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ သလို ထိတွေ့တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။
အချိန် ၄ လကျော်ကြာ ဆင်နွှဲခဲ့ရသော ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်များဘက်မှ ထိခိုက်သေဆုံးမှုများခဲ့ပြီး CDF ကန်ပက်လက်မှ ရဲဘော် ၁၃ ဦးထိ ကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီက ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် အရပ်သားနေအိမ်များစွာ ပျက်စီးခဲ့သလို အရပ်သားထိခိုက်မှုများလည်းရှိခဲ့ကြောင်း CDF-Kanpetlet က ထုတ်ပြန်ထားသည်။
ကျင်ဒွေးမြို့သည် ချင်းပြည်နယ်၏ တောင်ဘက်အစွန်ဆုံး ချင်းတောင်တန်းပေါ်ရှိပြီး ချင်းတောင်တန်းနှင့် ရခိုင်ရိုးမအစပ်ရှိ တောင်ကြောပေါ်မှ သွားရေးလာရေးခက်ခဲသည့် နေရာတခုဖြစ်ကာ မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် ခေါ်နူသုမ်တောင်၊ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် ကန်ပက်လက်မြို့၊ အရှေ့ဘက် မိုင် ၂၀ ခန့်တွင် လောင်းရှည်မြို့နယ်၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ရခိုင်ပြည်နယ် မြောက်ဦး၊ လေးမြို့ချောင်းဖျားဒေသတို့နှင့် နယ်နိမိတ်ထိစပ်နေသလို လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ကျင်ဒွေး-လောင်းရှည်၊ ကျင်ဒွေး-ကန်ပက်လက်ကားလမ်းရှိသော်လည်း ကျင်ဒွေး-လောင်းရှည်လမ်းကို အများဆုံးအသုံးပြုကြောင်း သိရသည်။
ထို့ပြင် ကျင်ဒွေးမြို့သည် လောင်းရှည်၊ ဆော၊ ကျောက်ထု စသည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) အားကောင်းသော ယောဒေသ၊ ချင်း CDF များ အားကောင်းသည့် မင်းတပ်၊ ကန်ပက်လက်ဒေသ၊ AA ထိန်းချုပ်ထားသော မြောက်ဦး၊ လေးမြို့ ချောင်းဖျားဒေသတို့နှင့်လည်း ဆက်စပ်လျက်ရှိရာ ရခိုင် မြောက်ဦးဒေသ၊ ကျင်ဒွေး-ချင်းတောင်တန်း၊ ယောဒေသမှသည် ပုံတောင်ပုံညာ အရှေ့ဘက်ခြမ်းအထိ တော်လှန်ရေးဒေသများနှင့် ဆက်သွယ်ရေးလမ်းကြောင်း အားကောင်းလာစေမည့် စစ်ရေးအရ အရေးပါသော မြို့တခုလည်း ဖြစ်သည်။
You may also like these stories:
၄ လကျော်ကြာ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ
စစ်တပ်က အင်အား ၄၀၀ ကျော်ဖြင့် ကန်ပက်လက်ကို ထိုးစစ်ဆင်နေ
စစ်ကောင်စီ လမ်းပိတ်ထား၍ ချင်းတောင်ပိုင်း မြို့နယ်တချို့ စားနပ်ရိက္ခာ ပြတ်နေ