အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ကဲ့သို့ နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက် တည်ထောင်ထားသည့် အာဏာသိမ်း စစ်တပ်၏ မိတ်ဖက် ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် မိသားစု အပါအဝင် အဓိက ပုဂ္ဂိုလ်များကို ပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ်ရန် Justice for Myanmar က ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်သည်။
စီးပွားရေးလုပ်ငန်းများတွင် စောချစ်သူအနေဖြင့် “စံမြင့်” အမည်လွှဲဖြင့်ပါဝင်ပြီး ၎င်းမိသားစုသည် နာမည်ဆိုးကျော်ကြား သော ရွှေကုက္ကို တရုတ်မြို့သစ်စီမံကိန်း အပါအဝင် BGF ၏ စီပွားရေးလုပ်ငန်း ၆ ခုကို ချုပ်ကိုင်ထားကာ မြဝတီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများဖြစ်သည့် Apollo Park နှင့် Yulong Bay Park တို့၌လည်း ရှယ်ယာရှင်များ ဖြစ်ကြသည်။
BGF ၏ တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တရုတ်နှင့် ဟောင်ကောင် နိုင်ငံတို့မှ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ ပါဝင်ပတ်သက်နေပြီး ကျားဖြန့်လုပ်ငန်း၊ ကာစီနိုရုံးများ၊ အွန်လိုင်းလောင်းကစား လုပ်ငန်းများကဲ့သို့ နိုင်ငံတကာရာဇဝတ်မှုများအား အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ လွတ်လပ်စွာ ဆက်လက် ကျူးလွန်နေကြောင်း JFM က ပြောထားသည်။
Justice for Myanmar၏ ပြောခွင့်ရ မရတနာမောင်က “မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ ကျူးလွန်သူတွေကို တာဝန်ခံစေဖို့ အတွက် နိုင်ငံတကာအရေးယူမှုတွေ လုံလောက်မှုမရှိသေးတဲ့ အခြေအနေမှာ ကရင် BGF/KNA တပ်နဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကလည်း ဆက်လက်ရှိနေဆဲပါပဲ။ ကရင် BGF/KNA တပ်နဲ့ ၎င်းအဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီးချမှတ်ဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
BGF ၏ တရားမဝင်လုပ်ငန်းများတွင် အခြားအထောက်အပံ့ပေးနေသူများထဲ ရွှေကုက္ကိုမြို့သစ်စီမံကိန်း၌ ပါဝင်သည့် ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာ စောမင်းမင်းဦးနှင့် BGF တပ်မှူးတဦးဖြစ်သော စောတင်ဝင်းနှင့် ဇနီးဖြစ်သူတို့လည်း ပါဝင်ကြောင်း JFM က ဖော်ပြထားသည်။
ထိုသို့ BGF ၏ လုပ်ငန်းများအနက် ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့် ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park) တို့တွင် မလေးရှားနိုင်ငံသားများမှာ ထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး သွားကျိုးဟု လူသိများသည့် 14K ဂိုဏ်းခေါင်းဆောင် Wan Kuok-Koi ၏ ဒေါင်မေဥယျာဉ်စီမံကိန်း၌ မလေးရှားဝန်ကြီးချုပ်ရုံး ဒုဝန်ကြီးဟောင်း Dato Gr Mashitah Ibrahim နှင့် ခင်ပွန်းဖြစ်သူ သံတမန်ဟောင်းတို့ ပါဝင်နေကြောင်းလည်း JFM ကဖော်ပြထားသည်။
၂၀၂၀ ခုနှစ်တွင် စီမံကိန်းစတင်ရန် ၎င်းတို့အတူတကွ ကရင်ပြည်နယ်သို့ လာရောက်ခဲ့ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံအနေအဖြင့်လည်း ၎င်းတို့ပိုင်နက်နယ်မြေများအတွင်း BGF နှင့် မိတ်ဖက်စီးပွားရေးလုပ်ငန်းများအား မဖြစ်မနေ ပိတ်ပင်ရန်လိုအပ်ပြီး ဒေသတွင်းနိုင်ငံများက နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသည့် ၎င်းတို့နိုင်ငံသား များ၊ နိုင်ငံအတွင်းနေထိုင်သူများနှင့် ကုမ္ပဏီလုပ်ငန်းများအား စုံစမ်းစစ်ဆေးရန်၊ တာဝန်ခံစေရန် JFM က တောင်းဆို ထားသည်။
ထိုင်းနိုင်ငံရှိ EXIM Bank၊ Bangkok Bank၊ Kasikorn Bank နှင့် Krungthai Bank တို့၏ ကိုယ်စားလှယ်များသည် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများဆွေးနွေးရန် BGF တပ်များထိန်းချုပ်ရာ တရားမဝင်လမ်းကြောင်းမှတဆင့် ရွှေကုက္ကိုမြို့သို့ သွားရောက်ခဲ့ကြောင်းလည်း JFM ဖော်ပြသည်။
မရတနာမောင်က “ထိုင်းနဲ့ မလေးရှားနိုင်ငံတို့အနေနဲ့ ၎င်းတို့ရဲ့ ကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေက မြန်မာပြည်သူတွေအပေါ် ပိုမို ထိခိုက်ပျက်စီးစေတာမျိုးတွေကို ခွင့်ပြုပေးနေခြင်းထက် မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းနိုင်ရေး အခုကစပြီး လမ်းကြောင်းပြောင်းလဲ ကျင့်သုံးလုပ်ဆောင်ဖို့ လိုအပ်နေပါပြီ” ဟု ပြောသည်။
၂၀၂၅ တွင် အာဆီယံဥက္ကဋ္ဌ ဖြစ်လာမည့် မလေးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုလုပ်ငန်းများ၌ ၎င်းတို့ နိုင်ငံသားများ ပါဝင်ပတ်သက်မှုပပျောက်ရေး တိုးမြှင့်လုပ်ဆောင်ရန်လိုအပ်ပြီး မြန်မာနှင့်ဒေသတွင်း ပြည်သူများကို ထိခိုက်စေသူများ အပြစ်ပေးအရေးယူခံရခြင်းမရှိပါက မြန်မာ့အကျပ်အတည်းအား တုံ့ပြန်ဆောင်ရွက်ရာတွင် မလေးရှားနိုင်ငံသည် အများလက်ခံယုံကြည်မှုရရှိရန် မလွယ်ကြောင်းလည်း JFM က ပြောထားသည်။
Justice for Myanmar၏ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် မိသားစု အပါအဝင် အဓိက ပုဂ္ဂိုလ်များကို ပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ်ရန် တောင်းဆိုချက်နှင့် ပတ်သက်၍ ဧရာဝတီက ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် စောတင်ဝင်း၊ စောမင်းမင်းဦးတို့အား ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။
BGF ခေါင်းဆောင်များဖြစ်သည့် စောချစ်သူနှင့် စောမင်းမင်းဦးတို့အား မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့အတွင်း လူကုန်ကူးမှုများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က ယမန်နှစ်ဒီဇင်ဘာလ၌ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုစာရင်း ထည့်သွင်းခဲ့သည်။
You may also like these stories:
ရွှေကုက္ကိုမြို့သစ်စီမံကိန်း တိုးချဲ့မှု ရပ်နားထားရဟု ဗိုလ်မှူးကြီး စောချစ်သူပြော
မြဝတီရှိ ကျားဖြန့်လုပ်သူများ အောက်တိုဘာ နောက်ဆုံးထား ထွက်ခွာရန် BGF သတိပေး
ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ