ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတည်ရှိရာ အနီးဝန်းကျင်တွင် မေ ၂၂ ရက်၌ တိုက်ပွဲ များ ပြင်းထန်နေပြီး စစ်ကောင်စီက နေ့ရောညပါ လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် အရပ်သား သေဆုံးမှုများရှိနေ ကြောင်း သံတွဲနှင့် ရွှေလှေတိုက်နယ်အတွင်းရှိ သတင်းရင်းမြစ်များထံမှ သိရသည်။
မေ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဘုရားမော်ကျေးရွာအုပ်စု၊ ချင်းကွင်းကျေးရွာသို့ စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါ်မိသန်းညို (၆၅ နှစ်) ဦးခေါင်းထိမှန် သေဆုံးခဲ့ပြီး ၂၅ နှစ်ဝန်းကျင်အရွယ် ကိုမောင်ဖြူ လက်မောင်းဒဏ်ရာရရှိခဲ့ကာ အခြားအမျိုးသမီးတဦးလည်း လက်ထိမှန်ခဲ့ကြောင်း ဘုရားမော်ကျေးရွာအုပ်စု အတွင်း နေထိုင်သည့် ဒေသခံတဦးက ပြောသည်။
၎င်းက “ရွာအလည်တည့်တည့်ကျတာ။ ခေါင်းနဲ့ဗိုက်ကိုမှန်ပြီး နေရာမှာတင် ပွဲချင်းပြီးဆုံးတာ။ နွား ၂ ကောင် သေတယ်။ အိမ်တွေ ၄/၅လုံးမက ပျက်စီးသွားတယ်လို့ လှမ်းပြောတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ လက်နက်ကြီးကျည် ကျသည့်နေရာသည် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ၅ မိုင်ခန့်ဝေးပြီး တိုက်ပွဲနှင့် လက်နက်ကြီး ရန်ကြောင့် တိမ်းရှောင်သူ ရှိသော်လည်း အများစုမှာ ရွာအတွင်းရှိ ဗုံးခိုကျင်းများထဲ၌ ရှိနေကြောင်း သိရသည်။
ဘုရားမော်ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ဒေသခံတဦးက “ပုန်းတွင်းထဲမှာ နေရတယ်။ ဘယ်အချိန် ထပ်ပစ်မယ် မသိဘူး။ ကြောက်လို့ အိမ်ပေါ်မှာလည်း မအိပ်ရဲဘူး။ တိုက်ပွဲက ရေအားထဲမှာ ဖြစ်တာလို့ သိရတယ်။ ရွာနဲ့ လှမ်းသေး တယ်။ တိုက်ပွဲလည်းမဖြစ်ဘဲ ရွာတွေကို သက်သက်ချိန်ပြီး ပစ်နေသလို ဖြစ်နေတာ” ဟု ပြောသည်။
မေ ၂၂ ရက် နံနက်အစောပိုင်းကတည်းက စစ်ကောင်စီရေတပ်သည် လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး ည ၁၀ နာရီကျော်ထိ လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရကြောင်း တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ၁၀ မိုင်ဝန်းကျင်အကွာရှိ ကျေးရွာတွင် နေထိုင်သူတဦးကလည်း ပြောသည်။
၎င်းက “ည ၉ နာရီခွဲလောက်မှာ ပစ်လိုက်တာ ကျနော်တို့ အိမ်ခေါင်မိုးပေါ်က ကျော်သွားတယ်။ ဘယ်ကို ကျလဲတော့မသိ။ စောစောက နှစ်လုံးထပ်ပစ်တယ်။ စုစုပေါင်း သုံးလုံးရှိသွားပြီ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်၊ ရွှေလှေတိုက်နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲများ ၁၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား ၂၅ ဦးခန့် သေဆုံးခဲ့ပြီဖြစ်သလို တိုက်ပွဲများကြောင့် ရွှေလှေ၊ ကျောင်းကုန်၊ ဒေါ်မြ၊ ပုရစ်-ရေကောက်၊ ဘုရားမော်၊ နတ်တောင်မော်၊ လင်းသီ၊ သဒေး စသည့် ကျေးရွာများမှ ဒေသခံ သောင်းနှင့်ချီကာ စစ်ဘေးရှောင်နေရသည်။
You may also like these stories:
သံတွဲမြို့ခံတို့ စစ်ရှောင်ရန် ပြင်
သံတွဲမြို့ရှိ ဌာနဆိုင်ရာများ ပြောင်းရွှေ့နေဟုဆို
သံတွဲမြို့အနီး AA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေ