ချင်းအမျိုးသား တပ်မတော် (CNA)က တွန်းဇံမြို့ ကို သိမ်းပိုက်ရာတွင် မြန်မာ့စီပွားရေးဘဏ်မှ ပြောင်းရွှေ့ထားသည့် ငွေကျပ် သိန်း ၃ထောင်ခန့်ကို စစ်တပ်စခန်းတခု အတွင်းမှ သိမ်းဆည်း ရမိကြောင်း သိရသည်။
တွန်းဇံမြို့ ဒေသခံတဦးက “ငွေထုတ်ကတော့ ဆာလာအိတ်နဲ့ သုံးအိတ်အပြည့် တွေ့တယ်လို့ကြားပါတယ်။ ကျနော်တို့ ပမာဏကို သေချာ မသိဘူး။ ၁ သောင်းတန်ကြီးပဲ သုံးအိတ်ဆိုတော့ ၃၀၀၀ ဝန်းကျင် ဖြစ်လောက်မယ်” ဟု ပြောသည်။
လက်ရှိတွင် တွန်းဇံမြို့ရှိနေရာအများစုကို ချင်းပူးပေါင်းအဖွဲ့က ထိန်းချုပ်နိုင်ခဲ့ပြီး အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် စစ် ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်လျက်ရှိပြီး မေလ ၂၂ ရက်တွင် စစ်တပ် ခြေကုပ်ယူထားသည့် တွန်းဇံမြို့ရှိ ဆိုင်ကလုန်းစင်တာကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
ယင်း ဆိုင်ကလုန်းစင်တာမှ နိုင်ငံရေးပုဒ်မများနှင့် စွပ်စွဲဖမ်းဆီးထားသည့် အကျဉ်းသား ၃ ဦးကိုလည်း ချင်းတော် လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
တွန်းဇံမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “အစက အကျဉ်းသားတွေကို ရဲစခန်းမှာ ထားတာ။ ရဲစခန်း အတိုက်ခံရတဲ့အချိန်မှာ ရဲစခန်းနဲ့ သိပ်မဝေးတဲ့ ဆိုင်ကလုန်းစင်တာမှာ ပြောင်းထားပြီး စကစတွေက တင်းတင်းကျပ် ကျပ် စောင့်ကြည့်ခဲ့တာပါ။ ဒါကြောင့်လည်း ချင်းကာကွယ်ရေးအဖွဲ့တွေက အသေခံပြီး တိုက်ခိုက်ကယ်ထုတ်ခဲ့တာ ဖြစ်တယ်” ဟု ပြောသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသား ၃ ဦးတွင် ထောင်ဒဏ် တသက်တကျွန်းချခံထားရသည့် CDM ကျောင်းဆရာမ၊ ထောင် ဒဏ် ၇ နှစ် ကျခံထားရသည့် သူမ၏ ဖခင်ဖြစ်သူနှင့် ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသားတဦးတို့ဖြစ်ပြီး လက်ရှိမှာ ၎င်းတို့ကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မေလ ၂၂ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တွန်းဇံမြို့နယ်ရှိ နေအိမ်တချို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR