မြန်မာတွင် ပြည်တွင်းစစ် ဆက်လက် ပြင်းထန်နေသောကြောင့် လွန်ခဲ့သောအပတ်အတွင်း ဒုက္ခသည် နောက်ထပ် ၁,၃၂၂ ဦး နယ်စပ်ကို ဖြတ်ကျော်ကာ မီဇိုရမ်သို့ ကူးလာပြီး အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာသည်ဟု ပြည်ထဲရေးဌာန အရာရှိများက အတည်ပြုပြောကြားသည်။
ဒုက္ခသည်များသည် အိန္ဒိယ-မြန်မာနယ်စပ် ချမ်ဖိုင်ခရိုင်မှ ခေါင်ဖား၊ ဗိုင်ခေါ့လန်နှင့် အခြားကျေးရွာများတွင် ခိုလှုံနေသည်။
“လွန်ခဲ့တဲ့ သောကြာနေ့ (မေလ ၁၇ ရက်) က စတင်ပြီး ဗိုင်ခေါ့လန်နဲ့ ခေါင်ဖားမှာ လူသစ်တွေ ရောက်လာတယ်။ ဒီဗုဒ္ဓဟူးနေ့ (မေလ ၂၂ ရက်) က စတင်ပြီး ခေါမဝီက ဇိုခေါသာကို လူသစ်တွေ ဝင်လာတာရှိတယ်။ ရက်အနည်းငယ်ကြာရင် သူတို့ပြန်သွားကြမယ်လို့ ကျနော်တို့ မျှော်လင့်တယ်” ဟု ချမ်ဖိုင် ဒု ကော်မရှင်နာ ဂျိမ်းစ် လယ်ရင့်ဟာနာက The Print သတင်းဌာနသို့ ပြောသည်။
မြန်မာစစ်တပ်နှင့် တိုက်ပွဲအတွင်း အိမ်နီးချင်းနိုင်ငံ ချင်းပြည်နယ်မြောက်ပိုင်းမှ မြန်မာဒုက္ခသည်များ ဝင်ရောက်လာကြောင်းနှင့် ဇိုမီး တော်လှန်ရေးတပ်မတော် – အရှေ့ပိုင်း စစ်ဌာနချုပ် (ZRA-EC) နှင့် ချင်းအမျိုးသား တပ်မတော် (CNA) ဦးဆောင်သည့် စစ်ကောင်စီ တပ်များ၏ အကူအညီဖြင့် ဝင်ရောက်လာသည်ဟု ယူဆရကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့ သတင်းရင်းမြစ်များက The Print သို့ ပြောသည်။
CNA သည် မြန်မာမှ သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။
၎င်းတို့ လက်နက်ကိုင်အဖွဲ့သည် မေလ ၁၉ ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် တွန်းဇံမြို့နယ်မှ မြို့ငယ်တခုဖြစ်သည့် ကျီခါးကို သိမ်းပိုက်လိုက်သည်ဟု CNA ပြောခွင့်ရသူ ဆလိုင်းထက်နေက ပြောကြောင်း မြန်မာမီဒီယာများ ကိုးကားဖော်ပြကြသည်။ တွန်းဇံသည် မီဇိုရမ်မှ ကီလိုမီတာ ၁၃၀ အကွာတွင် တည်ရှိပြီး အိန္ဒိယနှင့် မြန်မာကို နယ်နိမိတ်ခွဲခြားထားသည့် တိုင်အောမြစ်အနီးမှ မော်တော်ဆိုင်ကယ်ခရီး ၄၊ ၅ နာရီခန့်သာ ဝေးသည်။
CNA နှင့်မဟာမိတ်များသည် စစ်ကောင်စီတပ်များကို ထိုနေရာတွင် မေလ ဒုတိယပတ်မှ စတင်တိုက်ခိုက်နေပြီး စစ်တပ်ကလည်း တွန်းဇံမြို့ကို လေကြောင်းတိုက်ခိုက်မှု အများအပြား လုပ်သည်။
နှစ်ဖက်လုံးမှ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီကို ထိုးစစ်ဆင်နေသည့် တော်လှန်ရေး အင်အားစုများအနက် တခုဖြစ်သည့် ဟွားငိုးလ်ရမ်းမှ CDF တပ်ဖွဲ့ဝင်တဦး မေလ ၁၈ ရက်နေ့က တိုက်ပွဲအတွင်း ကျဆုံးသည်။ အသက် ၂၆ နှစ်အရွယ် လားမားငိုက်ဇားဗာ အမည်ရှိ ထိုတပ်ဖွဲ့ဝင်ကို ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ် နယ်စပ်ကျေးရွာတွင် မေလ ၂၀ ရက်နေ့က သူရဲကောင်းဈာပနဖြင့် ဂုဏ်ပြုသည်ဟု CDF – ဟွားငိုးလ်ရမ်း အဖွဲ့ဝင်တဦးက The Print သို့ ပြောသည်။
အိန္ဒိယ အာဏာပိုင်များ စောင့်ကြည့်နေ
နယ်စပ်တဖက်တချက် လူမျိုးစုနှင့် ဆွေမျိုးဆက်ဆံရေး၊ လူသားမေတ္တာတရားတို့အရ ခိုလှုံခွင့် ပေးရမည်ဟု မီဇိုများ ခံစားကြသော်လည်း အိန္ဒိယအစိုးရက ချင်းတိုင်းရင်းသား ဒုက္ခသည်များ စီးဝင်မှု များပြားလာခြင်းသည် မြန်မာမှ စစ်ကို အိန္ဒိယသို့ ယူဆောင်လာခြင်းဖြစ်မည်ကို စိုးရိမ်သည်။
လွန်ခဲ့သော သုံးလအတွင်း ရဲတပ်ဖွဲ့သည် မီဇိုရမ်တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အများအပြားကို လက်နက်မှောင်ခိုမှု၊ အခြားမှောင်ခိုမှုများဖြင့် ဖမ်းဆီးသည်။
မေလ ၂၀ ရက်နေ့က ပြုလုပ်သည့် စစ်ဆင်ရေးတခုတွင် မီဇိုရမ် နယ်စပ်ကို စောင့်ကြည့်သည့် အာသံရိုင်ဖယ်တပ်မှ စစ်ရဲများသည် ဆီရာဟာခရိုင်၊ တွီပန်ကျေးရွာအနီးတွင် CDF ကေဒါ တဦးကို ခဲယမ်းနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သိုလှောင်မှုဖြင့် ဖမ်းဆီးသည်။
အာသံရိုင်ဖယ်တပ်၏ အဆိုအရ သတင်းရရှိသောကြောင့် တွီပန် လမ်းဆုံရှိ မော်တော်ယာဉ် စစ်ဆေးရေးစခန်းကို တပ်လှန့်ထားပြီး စစ်ဆင်ရေးပြုလုပ်ရာမှ ထိုသို့ ဖမ်းမိခြင်းဖြစ်သည်။ ထို CDF ကေဒါသည် တရုတ်လုပ် ကန်ဘို ဆိုင်ကယ်ကို စီးပြီး ပစ္စည်းအများအပြား သယ်ဆောင်လာကြောင်း အာသံရိုင်ဖယ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“ထိုသူကို အသေးစိတ် ရှာဖွေသောအခါ Gauge Shotgun ကျည်ကပ် ၁၂ ခုမှ ကျည်ဆံ ၁၇၀ တောင့်၊ Baofeng ရေဒီယိုစက် ၁၄ ခု၊ စစ်ပစ္စည်းအချို့၊ ရေဒီယိုအားသွင်းစက် ၁၄ ခု ဖမ်းမိသည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ယခုနောက်ဆုံး ဒုက္ခသည် ဝင်ရောက်မှုကြောင့် ချမ်ဖိုင်ခရိုင် တခုတည်းတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည် အရေအတွက်သည် ၁၅,၈၂၁ အထိ ရှိသွားပြီး ကလေးငယ် ၆,၁၂၈ ဦး ပါဝင်သည်။ ပြည်နယ်တခုလုံးမှ ဒုက္ခသည် အရေအတွက်သည် ၃၅,၄၄၀ ဦး ကျော်ပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးက ပြုစုထားသည့် အချက်အလက်များအရ သိရသည်။
လွန်ခဲ့သော အပတ်က မီဇိုရမ်သို့ ဝင်ရောက်လာသူများအပြင် မြန်မာမှ မကြာသေးမီက တိုက်ပွဲများကြောင့် လူ ၅,၀၀၀ ကျော် နေရပ်စွန့်ခွာရပြီး ၎င်းတို့အနက် အများအပြားသည် နယ်စပ်အနီးတောတွင်းသို့ ထွက်ပြေးကြကြောင်း သိရသည်။
ကိုးကား ။ ။ The Print သတင်း More than 1,300 Myanmar nationals pour into Mizoram to escape clashes across border
You may also like these stories:
အိန္ဒိယဘက် ဝင်လာသူတွေကို လူသားဆန်ဆန် နေထိုင်ခွင့်ပေးစေလိုတယ်
အင်ဖာထောင်တွင်းမှ ကြမ်းတမ်းသော နေ့ရက်များ
မြန်မာဒုက္ခသည်များကို အတင်းအကျပ် ပြန်ပို့သောကြောင့် အိန္ဒိယ ရှုတ်ချခံရ
ခြံစည်းရိုးခတ်ကာ လွတ်လပ်စွာသွားလာခွင့်စာချုပ်ဖျက်ရန် အိန္ဒိယ ကြိုးပမ်းနေ
အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်