ရခိုင်ပြည်နယ်မှ ပိုမိုများပြားလာသည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းကြား တင်းမာမှုကြောင့် လေးနက်စွာ စိုးရိမ်ကြောင်းနှင့် ထိုဖြစ်ရပ်သည် လက်ရှိကျူးလွန်နေသည် ရက်စက်ကြမ်းကြုတ်မှု အန္တရာယ်ကို ပိုမိုမြင့်မားစေကြောင်း အမေရိကန် ပြည်ထောင်စုက မေလ ၂၂ ရက်နေ့တွင် ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အပစ်အခတ်ရပ်စဲရေးကို အဆုံးသတ်လိုက်ပြီး နိုဝင်ဘာလတွင် အာရက္ခတပ်တော် (AA) က စစ်ကောင်စီတပ်များကို တိုက်ခိုက်ပြီးနောက် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားနေသည်။
မြို့များ မီးရှို့ခံရခြင်းနှင့် ရိုဟင်ဂျာများ အပါအဝင် ပြည်သူများ နေရပ်စွန့်ခွာရသည့် သတင်းများကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကိုးကားဖော်ပြသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှု အကြီးအကဲကလည်း လွန်ခဲ့သော ရက်သတ္တပတ်ကုန်တွင် အလားတူပြောပြီး ရခိုင်လူမျိုးစုများနှင့် ရိုဟင်ဂျာများအကြား တင်းမာမှုမြင့်မားနေကာ မြန်မာစစ်တပ်သည် ထိုတင်းမားမှုများ ကြီးထွားအောင် မီးထိုးပေးနေကြောင်း ဆက်လက် ပြောကြားသည်။
“စစ်တပ်က ရခိုင်ပြည်နယ်နှင့် တနိုင်ငံလုံးမှ အခြားနေရာများတွင် လူမှုအသိုက်အဝန်းများအကြား တင်းမာမှု မီးထိုးပေးသည့် သမိုင်းအပြင် ယခင်က ရိုဟင်ဂျာများကို ပစ်မှတ်ထားသည့် လူမျိုးတုံး သတ်ဖြတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အခြားရာဇဝတ်မှုများသည် အရပ်သားများအတွက် လေးနက်သော အန္တရာယ်ကို အလေးထားဖော်ပြနေသည်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ မက်သရူး မေလာက ကြေညာချက်တစောင်တွင် ပြောသည်။
“လက်ရှိတိုးပွားနေသည့် အကြမ်းဖက်မှုနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများသည် နောက်ထပ် ဖြစ်ပွားမည့် ရက်စက်ကြမ်းကြုတ်မှုများ အန္တရာယ်ကို ပိုမိုမြင့်မားစေသည်” ဟု ၎င်းကပြောသည်။
မြန်မာစစ်ကောင်စီနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးအနေဖြင့် အရပ်သားများကို အကာအကွယ်ပေးရန်နှင့် အဟန့်အတားမရှိ လူသားချင်းစာနာမှု အကူအညီ ခွင့်ပြုရန် မေလာက တောင်းဆိုသည်။
AA သည် မြန်မာနိုင်ငံနယ်စပ်များမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများစွာအနက် တဖွဲ့ဖြစ်သည်။ ထို လက်နက်ကိုင်အဖွဲ့အစည်း အများအပြားသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေး ရပြီးကတည်းက ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် အကျိုးအမြတ်များသော သယံဇာတများ ခံစားခွင့်ရရေးအတွက် မြန်မာစစ်တပ်ကို တိုက်ခိုက်နေသည့် အဖွဲ့အစည်းများ ဖြစ်သည်။
AA က ရခိုင်ပြည်နယ်မှ ရခိုင်လူမျိုးစုအတွက် ပိုမိုလွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေကြောင်း ပြောသည်။
၂၀၁၉ ခုနှစ်က AA နှင့် စစ်တပ်အကြား တိုက်ပွဲများသည် ဒေသကို ဖရိုဖရဲဖြစ်စေပြီး လူ ၂ သိန်းခန့် နေရပ်စွန့်ခွာရသည်။
စစ်တပ်သည် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကို ၂၀၁၇ ခုနှစ်က ဖြိုခွဲပြီး ထိုကိစ္စသည် ယခုအခါ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု တရားရုံးအမှု ဖြစ်နေသည်။ အကြမ်းဖက်မှု များလာသောကြောင့် စိုးရိမ်ကြောင်း အမေရိကန် ပြည်ထောင်စုက ပြောကြားပြီးနောက် လူမျိုးစု လက်နက်ကိုင်အုပ်စုတခုက ရခိုင်ပြည်နယ် အနောက်ပိုင်းမှ ဖိနှိပ်ခံ ထိုလူမျိုးစုဝင် ထောင်ပေါင်းများစွာကို နေရပ်စွန့်ခွာစေသည်ဟု ရိုဟင်ဂျာတက်ကြွ လှုပ်ရှားသူများက မေလ ၂၂ ရက်နေ့တွင် စွပ်စွဲသည်။
AA က ပိုမိုလွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေကြောင်း ပြောသည်။ ရခိုင်ပြည်နယ်သည် ဖိနှိပ်ခံ ရိုဟင်ဂျာ မွတ်ဆလင် ၆ သိန်းခန့် နေထိုင်သော နေရာလည်းဖြစ်သည်။
စစ်တပ်က ဖြိုခွဲမှုတခုအတွင်း ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ သိန်းချီ ရခိုင်မှထွက်ပြေးကာ ယခုအခါ ထိုကိစ္စသည် ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု တရားရုံးအမှု ဖြစ်လာသည်။
AA တိုက်ခိုက်ရေးသမားများသည် လွန်ခဲ့သော အပတ်တွင် ရိုဟင်ဂျာဒေသခံများကို ဘူးသီးတောင်မှ အတင်းအကျပ် ထွက်ခွာစေပြီးနောက် ၎င်းတို့နေအိမ်များကို လုယက်မီးရှို့လိုက်သည်ဟု ပြည်ပအခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း အများအပြားက ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်သည်။
ထို့နောက် ရိုဟင်ဂျာများကို AA ထိန်းချုပ်ဒေသသို့ သွားရောက်စေသည်ဟုလည်း ထိုကြေညာချက်က ဖော်ပြသည်။
ထိုကြေညာချက်က AA အနေဖြင့် ရိုဟင်ဂျာများကို အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ဆိုင်းရန် တောင်းဆိုသည်။
AA က ဘူးသီးတောင်ကို လွန်ခဲ့သော အပတ်တွင် သိမ်းပိုက်လိုက်ကြောင်း ပြောပြီး ထိုတိုက်ပွဲသည် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီကို အနိုင်ရသည့် နောက်ဆုံးအောင်ပွဲဖြစ်ကြောင်း ကြေညာသည်။
AA က ဒေသခံများ မြို့ကို စွန့်ခွာရန် သတိပေးခဲ့ပြီး ၎င်းတို့ကို ပိုမိုဘေးကင်းသော နေရာများသို့ ရွှေ့ပြောင်းရန် ကူညီနေကြောင်း ပြောသော်လည်း အသေးစိတ် မပြောပေ။
စစ်ကောင်စီက ဘူးသီးတောင်ကို ဖျက်ဆီးပြီး AA ကို တိုက်ခိုက်ရန် ဘင်္ဂါလီ မွတ်စလင်များကို စစ်သားစုဆောင်းခြင်းဖြင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှု လှုံ့ဆော်နေသည်ဟု AA က စွပ်စွဲသည်။
ဘင်္ဂါလီဆိုသည့် စကားလုံးသည် ၎င်းတို့ကို ဗုဒ္ဓဘာသာအများစုရှိသော မြန်မာသို့ ခိုးဝင်လာသူများဟု အဓိပ္ပာယ် သက်ရောက်သည့် ချိုးနှိမ်သောစကားဖြစ်သည်ဟု ရိုဟင်ဂျာများက မြင်သည်။
စစ်ကောင်စီသည် ရိုဟင်ဂျာထောင်ပေါင်းများစွာကို အတင်းအကျပ် စစ်သားစုဆောင်းပြီး တိုက်ခိုက်ရန်နှင့် ရှေ့တန်းတွင် အသေခံရန် လုပ်သည်ဟု ရိုဟင်ဂျာအဖွဲ့အစည်းများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ကိုးကား ။ ။ AFP သတင်း US says violence in Myanmar’s Rakhine state could lead to atrocities
You may also like these stories:
ဘူးသီးတောင်တိုက်ပွဲကြောင့် ရိုဟင်ဂျာများ ထွက်ပြေးရ
လူမျိုးတုံးသတ်သည့် စစ်တပ်က ရိုဟင်ဂျာများထံမှ အကူအညီလိုချင်
ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရ (ရုပ်/သံ)
စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ
ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို