တနင်္သာရီတိုင်းရှိ ထားဝယ်၊ တနင်္သာရီနှင့် သရက်ချောင်းမြို့နယ်တို့တွင် ၂၀၂၁ အာဏာသိမ်း နောက်ပိုင်းကတည်းက စစ်ကောင်စီကအခြေခံစားသောက်ကုန် သယ်ယူခွင့်ကို ကန့်သတ်ထားရာ ယခုအခါ တိုက်ပွဲများ ပြင်းထန်လာကာ အချိန်ကြာလာသည်နှင့်အမျှ ကုန်ဈေးနှုန်းများ ပိုမိုမြင့်လာခြင်းကြောင့် ဒေသခံများ အခက်ကြုံလာကြောင်း သိရသည်။
စစ်ကောင်စီက ယခုနှစ်မှစ၍ မြို့ပေါ်တွင် အကန့်အသတ်ဖြင့် ကုန်စည်သယ်ယူခွင့်ပြုနေသော်လည်း တော်လှန်ရေးတပ်များ အားကောင်းရာ ကျေးလက်ဒေသများသို့ လုံးဝကန့်သတ်ထားသဖြင့် ထားဝယ်-ထီးခီးလမ်း အရှေ့တော ဒေသရှိ သင်္ကန်းတုန်း၊ လိပ်ကြယ်ပြောင်၊ ဘဝပင်၊ ဟိန္ဒားနှင့် ပကာရီ၊ ရွှေချောင်း၊ ကထောင်းနီ၊ ပျဉ်သားတောအပါအဝင် ၁၅ရွာမှ ဒေသခံများ အခြေခံစားသောက်ကုန်ရှားပါး၍ ဈေးနှုန်းမြင့်တက်မှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။
ထားဝယ်မြို့အဝင်အထွက် စစ်တပ်စစ်ဆေးရေးဂိတ်များဖြစ်သည့် ပေါက်တိုင်း၊ အိမ်ရှေ့ပြင်၊ တမြောကင်း၊ ဗျောတောနှင့် တနင်္သာရီမြို့နယ် ဇဝဲကျေးရွာ အခြေစိုက် စစ်ဆေးရေးဂိတ်များ၊ သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များက စစ်ဆေး၊ ကန့်သတ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ထားဝယ် ဒေသခံတဦးက” ဂိတ်ရောက်ရင် သူတို့ကစစ်တယ်။ ဆန်ကားတွေဆိုလည်း တကားဆို ဆန် ၁၀အိတ်ပဲ သယ်လို့ရတာမျိုးရှိတယ်။ မြို့ပေါ်မှာက သူတို့ စစ်ကောင်စီတပ်တွေရှိတယ်လေ။ သူတို့ရှိတဲ့အခါကျတော့ မြို့ပေါ်ကို ပေးသယ်တယ်။ ရွာတွေဘက်ကျတော့ PDFကို ထောက်ပံ့မှာစိုးလို့ဆိုပြီး ပေးမသယ်ဘူးပေါ့”ဟု ပြောသည်။
ထားဝယ်မြို့ပေါ်၌ ဆန်တအိတ် ၁သိန်း၁သောင်းကျပ်၊ စားဆီတပိဿာ ၉ထောင်ကျပ်၊ ကြက်သွန် တပိဿာ ၁သောင်းကျပ်၊ ငရုပ်သီးတပိဿာ ၉ထောင်ကျပ်အထိရှိပြီး စားသောက်ကုန် သယ်ယူခွင့် ပိတ်ပင်ခံထားရသော ကျေးလက်ဒေသများတွင် ဆန်ကြမ်းတအိတ်လျှင် ၁သိန်း ၈သောင်းကျပ်၊ စားဆီတပိဿာ ၁သောင်း ၄ထောင်ကျပ်၊ ကြက်သွန်တပိဿာ ၁သောင်း ၅ထောင်ကျပ်၊ ကြက်ဥတလုံးလျှင် ၁ထောင်နီးပါး ရှိနေကြောင်း သိရသည်။
ထားဝယ်မြို့တွင် ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆန်တအိတ်လျှင် ၉သောင်း၅ထောင်ကျပ်၊ ဆီတပိဿာလျှင် ၇ထောင့်၅ရာဝန်းကျင်ရှိရာမှ ယခုအခါ ဈေးများ ပိုမိုမြင့်တက်လာသောကြောင့် အခက်အခဲများဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
အလားတူ သရက်ချောင်းမြို့နယ်နှင့် တနင်္သာရီမြို့နယ်များတွင်လည်း ၂၀၂၃ခုနှစ်က ဆန်တအိတ်လျှင် ၉သောင်းခွဲမှ ၁သိန်းဝန်းကျင် ရှိရာမှ လက်ရှိ မြို့ပေါ်၌ ဆန်တအိတ်လျှင် ၁သိန်း ၄သောင်းဝန်းကျင်ရှိပြီး ကျေးရွာများတွင်မူ ၂သိန်းနီးပါး ပေးဝယ်နေရကြောင်းဒေသခံများက ပြောသည်။
တနင်္သာရီမြို့နယ်အတွင်း အခြေခံစားသောက်ကုန်သယ်ယူခွင့်ကို ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်မှ ကန့်သတ်မှု ပြုလုပ်နေပြီး အဆိုပါစစ်ဆေးရေးဂိတ်သည် မြိတ်မြို့မှ တနင်္သာရီမြို့နယ် ဘက်သို့လာပါက ဖြတ်ကျော်ရမည့် လမ်းဆုံဖြစ်သလို တကူးကျေးရွာဘက်မှ လာပါကလည်း ကျော်ဖြတ်ရမည့် လမ်းသုံးခွဆုံနေရာဖြစ်သည်။
ထို့ပြင် တနင်္သာရီတံတားနှင့် ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်များတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစတင်ပြီး အခြေခံ စားသောက်ကုန်များအပြင် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်သည့် သံချောင်း၊ သွပ်နန်းကြိုး၊ သံ၊ ပလာယာ၊ ဂဟေဆော်စက်၊ ပိုက်လုံးတို့ကိုပါ သယ်ယူခွင့် တင်းကျပ်လာကြောင်း တနင်္သာရီတိုင်းအတွင်း ဖြစ်ရပ်များကို အချက်အလက်ကောက်ယူ သုတေသနလုပ်ဆောင်နေသော FE5 Tanintharyi အဖွဲ့က မေလ ၁၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
တနင်္သာရီမြို့နယ် သာရဘွင်ကျေးရွာအုပ်စုတွင် နေထိုင်သူတဦးက “လမ်းက အရင်က တိုက်ပွဲဖြစ်ရင် ပိတ်တယ်။ ပြီးရင် ပြန်ဖွင့်ပေးတယ်။ခုလည်း လမ်းပိတ်ထားတာတော့မဟုတ်ဘူး။ လူသွားလူလာ ရတယ်။ ဆန်တွေဆီတွေ ပေးမသယ်တော့တာပါ။ အရင်က မြိတ် မြို့ပေါ်ကဈေးနဲ့ ကျမတို့ရွာက ဈေးကွာရင် ၂ထောင်လောက်ပဲ၊ ခုကတော့ သောင်းဂဏန်း ကွာသွားပြီ” ဟုပြောသည်။
ထိုသို့ ပိတ်ပင်လိုက်သောကြောင့် သာရဘွင်ကျေးရွာအုပ်စုရှိ ကျေးရွာ၁၀ရွာနီးပါးအပြင် အနောက်မော်တုန်း၊ ဘန်းလမွတ် စသည့်ကျေးရွာများတွင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။
ဘန်းလမွတ်ကျေးရွာဒေသခံတဦးက “ခုက ပိုက်ဆံ ၅၀၀ ရှိလို့ ကြက်ဥ တလုံး မရတော့ဘူးလေ။ ကုန်ဈေးနှုန်းကလည်း တက်လာ မိုးရာသီရောက်လာပြီဆိုတော့ ငွေရှာရလည်းခက်လာတော့ မိုးထဲရေထဲ အလုပ်မရှိ ကုန်ဈေးနှုန်းတွေကြီးပြီး ဒုက္ခရောက်ကြတော့မှာပေါ့။ ပွင့်လင်းရာသီမှာက အလုပ်က တခြားအလုပ်လေးတွေ လုပ်ပြီး ရှာစားလို့ရသေးတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၈ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက သရက်ချောင်းမြို့နယ်၊ မြိတ်ထားဝယ်အမှတ်(၈) ပြည်ထောင်စုလမ်းမပေါ်ရှိ စစ်ရေးအရ အရေးပါသည့် ပဲဒက်စခန်းကို သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီက အဆိုပါစခန်းကို ပြန်ရရန် ကြည်း၊ရေ၊လေ စစ်ဆင်ရေးများ ပြုလုပ်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ထို့သို့ ထိုးစစ်ဆင်ရာတွင် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများ ပြုလုပ်သလို ရိက္ခာဖြတ်တောက်သည့်အနေဖြင့်လည်း အခြေခံစားသောက်ကုန်နှင့် ဆေးဝါး သယ်ယူခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် ကနက်သီရီကျေးရွာနှင့် ဂုံညှင်းဆိပ်ကျေးရွာများအပါအဝင် ကျေးရွာ ၁၀ရွာမှ ပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။
တနင်္သာရီမြို့နယ်၊ ထားဝယ်မြို့နယ်နှင့် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် မြို့ပေါ်မှလွဲ၍ နေရာ တော်တော်များများ တိုက်ပွဲများဖြစ်ပွားနေကာ စစ်ရေးပြင်းထန်နေပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကို မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း ပဲဒက်စခန်းသိမ်းတိုက်ပွဲ တွင် ပါဝင်နေသည့် CDMစစ်သားတဦးက ပြောသည်။
၎င်းက” ကျနော်တို့ ဒီ ၂၀၂၄ မှာဆိုရင် တော်တော်အားကောင်းလာတယ်။ ၂၀၂၃ခုနှစ်အထိက သေချာ ဘာမှ မလုပ်နိုင်သေးဘူးပေါ့။အားကောင်းတဲ့အရှိန်တခုကို မရသေးဘူး။ ဒီနှစ်အစမှာဆိုရင် အားကောင်းတဲ့ အရှိန်အဟုန်နဲ့ ပေါ့နော်။ ထားဝယ်မြို့ပေါ်ကလွဲရင် တိုက်ပွဲတွေဖြစ်နေကြတယ်။ စခန်းသိမ်းတာတွေလည်း ရှိလာတယ်”ဟု ပြောသည်။
တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ယခင်နှစ် ဇန်နဝါရီလတွင် ထားဝယ်အရှေ့တောဒေသရှိ ကျောက်ထုတပ်စခန်း၊ ယခုနှစ် ဧပြီလတွင် ထိုင်း-မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေးအနီးရှိ မောထစခန်း၊ သရက်ချောင်းမြို့နယ် ပဲဒက်စခန်း၊ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်အစပ်ရှိ ၁၀၂၀ စစ်ကောင်စီစခန်းတို့ကို သိမ်းပိုက်ထားပြီး ပျူစောထီးစခန်းများနှင့် စစ်ကောင်စီ စခန်းငယ်များကိုလည်း သိမ်းပိုက်ထားနိုင်ကြောင်း၊ မေလ ၁၉ ရက်တွင် ထားဝယ်မြို့နယ်ရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်စခန်းကို ဗထူးတပ်မတော်(BHA) မှ ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ရကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များတွင် စစ်ရှောင်ပြည်သူများရှိနေပြီး စစ်ကောင်စီက အခြေခံ စားသောက်ကုန် တင်သာမက ဆေးဝါးသယ်ယူခွင့်ပါ ပိတ်ပင်ထားသောကြောင့် အခက်အခဲများကြုံတွေ့နေရသည်။
သာရဘွင် ဒေသခံတဦးက” ကျမတို့ဘက်မှ စစ်မှုထမ်းကြောင့် ရှောင်ရတဲ့သူတွေရှိတယ်။ တိုက်ပွဲကြောင့် လာနေရတဲ့သူတွေ ရှိတယ်။ ခု မိုးတွင်းလည်းရောက်တော့မယ်ဆိုတော့ ငှက်ဖျားက ကြောက်ရပြီ။ ဆေးကလည်း သယ်မရနဲ့။ တောလမ်းကသွားတဲ့အခါကျတော့လည်း မိုင်းအန္တရာယ်က ရှိတော့ တော်တော် ဒုက္ခရောက်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီ၇ရက်တွင် တကူးကျေးရွာနေ အမျိုးသားတဦး တောလမ်းမှ ဆိုင်ကယ်ဖြင့် စားသောက်ကုန် သွားရောက်သယ်ယူစဉ် ရွာနှင့် ၄မိုင်ခန့်အရောက်၌ မိုင်းထိမှန်ပြီး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် ယခုနှစ် ဧပြီလမှ စတင်ကာ စစ်ဘေးရှောင်ပိုမိုများပြားလာခဲ့ပြီး ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်များမှ အများဆုံးဖြစ်ကာ လက်ရှိတွင် စစ်ရှောင် ၅သောင်း၈ထောင်ကျော်ရှိကြောင်း FE5 Tanintharyi၏ အချက်အလက်များအရ သိရသည်။
You may also like these stories:
တနင်္သာရီတွင် စစ်တပ်က ရိက္ခာ၊ ဆေးဝါးသယ်ခွင့် ကန့်သတ်
တနင်္သာရီမြို့နယ်၌ လူနာတင်ယာဉ်များ ညဘက်သွားလာခွင့် ပိတ်ပင်
တနင်္သာရီ တောင်ပျောက်တိုက်နယ်အတွင်း စစ်ဘေးရှောင် ဦးရေ တိုးလာ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR