ဘတ် ၇ သန်း နီးပါးတန်သော BMW 750e ကား လှူဒါန်းမှုကို လက်ခံခြင်းသည် ဘုန်းကြီးတပါးအတွက် သင့်လျော်ပါသလား။ ထိုထိုင်းဘုန်းကြီးသည် မြို့ကျောင်းများတွင် သီတင်းမသုံးဘဲ လူသူဝေးရာ တောကျောင်းတွင် သီတင်းသုံးသော ဓမ္မယုတ္တိက နိကာယ သို့မဟုတ် သမ္မာယုတ္တ ဂိုဏ်းဝင် ဖြစ်သောအခါ ထိုမေးခွန်းသည် အထူးမေးသင့်သော မေးခွန်းဖြစ်လာသည်။
မဲချီ ဇန် ဝတ်ပါဘို နမ်ဖရာ အင် အမည်ရှိ Facebook တွင် သီလရှင်တပါးနှင့် တပည့်သာဝကများက BMW 7 series တစီးကို ဘုန်းကြီး လုံထ ဆင်ဆက် ဂျရန်နာသမ်မို (ခေါ်) လုံထ ဆင်ကစ်သို့ လှူဒါန်းသော ဓာတ်ပုံတပုံကို တင်ခဲ့ပြီးနောက် ထိုမေးခွန်းကို ထိုင်းလူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။ (လုံထ ဆိုသည်မှာ ဆရာတော်ကြီးဟု အဓိပ္ပာယ်ရသည်။)
လုံထ ဆင်ဆက်သည် ဥဘွန် ရက်ချာဌာနီ ပြည်နယ်၊ ဆီရင်ဒွန်ခရိုင် ဝတ်ပဘိုနမ်ဖရာအင်မှ ကျော်ကြားသော ဓမ္မကထိက ဖြစ်သည်။ ဆရာတော်သည် နိုင်ငံအခြေအနေနှင့် ကိုက်ညီပြီး ရွာသားများနှင့် သက်ဆိုင်သည့် တရားများကို ရိုးရှင်းသော ဘာသာစကားဖြင့် ဟောသည့် တရားတော်များကြောင့် ကျော်ကြားသည်။
ဘုန်းကြီး လုံထသည် ပင့်ဖိတ်မှုများအတွက် မကြာခဏ ခရီးသွားရသောကြောင့် မဲချီနှင့် တပည့်သာဝကများက တန်ဖိုး အကြီးမားဆုံးယာဉ်ကို လှူဒါန်းလိုခဲ့ကြောင်း မဲချီ ဇန်က ဖော်ပြခဲ့သည်။ ထို့ကြောင့် ဝတ်ပါဘို နမ်ဖရာ အင်ကျောင်းမှ လုံထ ဆင်ဆက် ဗုဒ္ဓဘာသာ တရားဒေသနာများ ဆက်လက်ဖြန့်ချိရန် ခရီးသွားနိုင်ရေးအတွက် လှူဒါန်းရန် မိမိတို့စုပေါင်းပြီး BMW 7 series တစီး ဝယ်ယူသည်ဟု ဖော်ပြထားသည်။
သို့သော် သမ္မာယုတ္တဂိုဏ်းမှ ဘုန်းကြီးများနှင့် တောကျောင်းများတွင် သီတင်းသုံးသော ဘုန်းကြီးများသည် ဝိနည်းနှင့်အညီ တင်းကျပ်သော စည်းကမ်းများကို ကျင့်သုံးပြီး အများအားဖြင့် မြို့ကျောင်းများထက် ပြင်ပလှုံ့ဆော်မှုနှင့် ပိုမိုကင်းလွတ်သည်ဟု ယူဆသောကြောင့် BMW ဇိမ်ခံကားကိစ္စသည် လူ့အဖွဲ့အစည်းအတွင် ဆွေးနွေးငြင်းခုန်စရာ ကိစ္စဖြစ်လာသည်။

ဆရာတော် ဆင်ဆက်က ထိုဝေဖန်မှုများကို မေလ ၂၀ ရက်နေ့တွင် တုံ့ပြန်ခဲ့ပြီး သူသည် လှူဒါန်းမှုများမှာ သူလိုချင်တပ်မက်သော အရာများ မဟုတ်သောကြောင့် ဇိမ်ခံကား ဟုတ်၊ မဟုတ် မစဉ်းစားကြောင်း ပြောသည်။ လှူဒါန်းမှုဆိုသည်မှာ စေတနာ၊ ယုံကြည်မှုနှင့်သာ ပတ်သက်ပြီး တန်ဖိုးနှင့် မသက်ဆိုင်ကြောင်း၊ သူ့ကို ဝေဖန် တိုက်ခိုက်သူများအနေဖြင့် သူနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ဦးစွာ လေ့လာသင့်ကြောင်း ပြောသည်။
“ဘုန်းကြီးကို မကောင်းတဲ့အရာတွေ လှူဒါန်းစေချင်ကြတာလား။ သူတို့က ကောင်းမွန် တန်ဖိုးရှိတဲ့အရာတွေကို ယူလာပြီး သူတို့နှလုံးသားနဲ့ လှူဒါန်းတယ်။ ဆရာတော်က ဘာကြောင့် ငြင်းပယ်ရမှာလဲ။ လူတွေမှာ ယုံကြည်ကိုးကွယ်မှု ရှိတယ်။ ဆရာတော်က ဒီကားကို မသုံးရင် သူတို့ စိတ်မကောင်းဖြစ်လိမ့်မယ်။ BMW မပြောနဲ့ ဆရာတော်အတွက် သူတို့က Rolls-Royce လည်း ဝယ်ရဲတယ်” ဟု ဘုန်းကြီးက တုံ့ပြန်ခဲ့သည်။

လုံထ ဆင်ဆက်က သူသည် စည်းစိမ်ဖြင့်နေရန် သို့မဟုတ် ယခင်ကကဲ့သို့ အပန်းဖြေ ခရီးသွားကား ပိုင်ရှင်အဖြစ် ချမ်းသာရန်အတွက် ရဟန်းဝတ်ရေးကို မည်သည့်အခါမှ မစဉ်းစားခဲ့ကြောင်း ပြောသည်။ ရဟန်းဘဝ တလျှောက်လုံးတွင် ခက်ခဲစွာ ရုန်းကန်နေထိုင်ပြီး သီလစောင့်ကာ တောတွင်းတွင် ဇွဲရှိရှိဖြင့် ခြေလျင် ဘုရားဖူးသွားခဲ့သည်။

“ဝတ်ပါဘို နမ်ဖရာ အင်ကို တည်ထောင်ထားတာ လေးနှစ်ကျော်ပြီး သံဃာဆောင် ၇၀၀ ရှိတယ်။ ဒီကျောင်းက ဓမ္မအစစ်အမှန် ရှာဖွေသူ ၇၀၀ ကို စောင့်ရှောက်ထားတယ်။ ဒီကျောင်းမှာ အလှူခံပုံး မရှိဘူး။ ဆရာတော်က ဘာသာတရားကို အစစ်အမှန် မလုပ်ရင် လူ ၇၀၀ ကို ထောက်ပံ့နိုင်မလား” ဟု ၎င်းကပြောသည်။
သူ့တွင် Mercedes-Benz ၅ စီးအပါအဝင် ကား ၁၀ စီးကျော် ရှိသည်။ လှူဒါန်းငွေများသည် ဘတ်သန်း ဆယ်နှင့်ချီရှိပြီး ထိုအလှူငွေများကို ငွေသားဖြစ်စေ၊ ရွှေဖြစ်စေ စုဆောင်းခြင်း မရှိဘဲ ပြန်လည် လှူဒါန်းကြောင်း ဘုန်းကြီးက မိန့်သည်။
ကိုးကား ။ ။ Khaosod သတင်း Controversy Erupts Over Thai Monk Accepting Donated BMW Luxury Car
You may also like these stories:
စစ်အာဏာသိမ်းခြင်းကို ကြိုဆိုသည့် တိပိဋက ဘွဲ့ရ ဘုန်းကြီး
ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြားချိန် တန်ပြီ
ကုသိုလ် တပဲ၊ ငရဲ တပိဿာနဲ့ အကုသိုလ် ဘုရားဒကာကြီး
စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်