စစ်ကောင်စီက အပတ်စဉ် ၂ အတွက် စစ်မှုထမ်းစာရင်း ကောက်ယူရာတွင် တာဝန်ထမ်းဆောင်ဆဲ ဌာနဆိုင်ရာဝန်ထမ်း များ၏ သားသမီးများပါဝင်လာသဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းထံက သိရသည်။
ယခုကောက်ခံရာတွင် ရာထူးကြီးသူများ၏ သားသမီးများ မပါဘဲ ရပ်ကွက်အတွင်းနေထိုင်သည့် ဝန်ထမ်းသားသမီးများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးပိုင်းမှ စာရင်းထည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတခုမှ အကြီးတန်းစာရေးအဆင့်ရှိသူတဦးက “ကျမတို့က လိုင်းခန်းမှာ နေတာ မဟုတ်ဘူး၊ အပြင်မှာပဲ နေကြတာ။ အခုက အမှတ် ၂ အတွက် ဆင့်ခေါ်ရမယ့်စာရင်းမှာ ကျမသားရဲ့ နာမည်စာရင်း ပါလာတယ်။ ရပ်ကွက်တွေကနေ မြို့နယ်ကို တင်ပေးလာတဲ့ စာရင်းမှာ ပါလာတာပါ။ အရာရှိသားသမီးတွေတော့ ပါတာမျိုး မတွေ့ရဘူး၊ အခုက ကျမတို့လို အောက်ခြေဝန်ထမ်းတွေရဲ့ သားသမီးတွေပဲပါတာ” ဟု ပြောသည်။
ထိုအတွက် တာဝန်ထမ်းဆောင်ဆဲ ဌာနဆိုင်ရာဝန်ထမ်းများ၏ သားသမီးများ စစ်မှုထမ်းစာရင်း၌ ပါဝင်နေခြင်းကြောင့် ကင်းလွတ် ခွင့်ပြုနိုင်ရန် သက်ဆိုင်ရာဌာနအကြီးအကဲများမှတဆင့် တင်ပြခြင်းများပြုလုပ်ထားကြပြီး ကင်းလွတ်ခွင့် ရရှိခြင်း ရှိ၊ မရှိကို မူ မသိရသေးဟု ၎င်း က ဆိုသည်။
ဆက်လက်၍ ၎င်းက “မြို့ပေါ်က ဌာနဆိုင်ရာတွေတော်တော်များများက သားကြီးသမီးကြီးရှိတဲ့သူတွေအောက်ခြေဝန်ထမ်း သားသမီးတွေ တော်တော်များများ ပါနေတာ။ ရပ်ကွက်တွေကနေ ခေါ်တာ။ ဝန်ထမ်းတွေအတွက် ကင်းလွတ်ခွင့်ကန့်သတ် ချက်တွေ ရှိတယ်လို့ ပြောတာတောင် မရဘူး။ မရလို့ အထက်လူကြီးဆီ စာတင်ထားကြတာမျိုးပါ၊ အခုထိတော့ ကင်းလွတ် ခွင့်ရမှာလား မရဘူးလားဆိုတာ တိတိကျကျ မသိရသေးပါဘူး” ဟု ပြောသည်။
စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ထုတ်ပြန်ချက်များတွင်မူ မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက် မနည်း တာဝန်ထမ်းဆောင်နေဆဲ (သို့မဟုတ်) သက်ပြည့်အငြိမ်းစားယူပြီးသူများ၏ သားသမီးများကို စစ်မှုထမ်းရမည့် ကာလတဝက်၊ မိဘနှစ်ပါးအနက် တဦးဦး သည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲ (သို့မဟုတ်) သက်ပြည့်အငြိမ်းစားယူပြီးသူ များ၏ သားသမီးများကို စစ်မှုထမ်းရမည့်ကာလ ၃ ပုံ ၁ပုံထိ လျှော့ပေါ့ပေး နိုင်သည်ဟု ပါရှိသည်။
ဝန်ထမ်းသက် နှစ် ၂၀ ကျော်ရှိ မန္တလေးအခွန်ဦးစီးဌာနမှ ဝန်ထမ်းတဦးက “သားနဲ့ သမီး ၂ ယောက်ရှိတာမှာ သား အကြီးက စစ်မှုထမ်းစာရင်းမှာပါနေလို့ ဝန်ထမ်းသားသမီးတွေ ကင်းလွတ်ခွင့်ပြုထားတာရှိတယ်လို့ ရပ်ကွက်က အုပ်ကြီး တွေကို သွားပြောတော့ ခင်ဗျားလည်း ဝန်ထမ်းပဲ နားလည်သင့်တယ်၊ အပေါ်ကခိုင်းတဲ့အတိုင်း လုပ်ရတာ၊ မကျေနပ်ရင် တိုင်ချင်ရာတိုင် ဆိုတာမျိုးထိ ပြောတာ။ အဲဒါကြောင့် ကျမတို့ ဌာနရဲ့လူကြီးကနေတဆင့်အထက်ကို တင်ပြထားရတယ်” ဟု ပြောသည်။
စစ်ကောင်စီထုတ်ပြန်သည့် စစ်မှုထမ်း ဥပဒေပုဒ်မ ၂၂ တွင် သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ (အိမ် ထောင်ပျက်သော်လည်း သားသမီးရှိသူများ)၊ ကိုယ်လက်အင်္ဂါတခုခု အမြဲတမ်းမသန်စွမ်းသူများ၊ တပ်မတော် ဆေးစစ်ဆေး ရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေး ဗဟိုအဖွဲ့ အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ၊ ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေ လိုအပ်နေသူများအဖြစ် ကျိုးကြောင်းခိုင်လုံစွာတင်ပြနိုင်သူများကို စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားသည်။
စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ကျနော်တို့ စစ်မှုထမ်းရမယ့် ကင်းလွတ်ခွင့်ပြုတာတွေ၊ လျှော့ပေါ့ခွင့်ပေး တာတွေ၊ ရွှေ့ဆိုင်းပေးတာတွေအတွက် သတ်မှတ်ချက်တွေကို ထုတ်ပြန်အသိပေးထားပြီးဖြစ်ပါတယ်။ ကိုယ်နဲ့ သက်ဆိုင် ရာအလိုက်ကို လျှောက်လွှာတွေမှာ ဖြည့်ပြီးတော့ မြို့နယ်ကို တင်ပြလို့ရပါတယ်။ မြို့နယ်ကနေ သေချာစိစစ်ပြီးရင် ခရိုင်၊ တိုင်းနဲ့ ပြည်နယ်အဆင့်ကနေ ဗဟိုထိတင်ပြပြီး ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့် စတာတွေကို စနစ်တကျနဲ့ လုပ်ဆောင်ပေးနေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ကင်းလွတ်ခွင့်ပြုပေးနိုင်သူများအဖြစ် ထည့်သွင်းဖော်ပြထားမှု၌ အထက်တန်း၊ တက္ကသိုလ်အဆင့်ပညာသင်ကြားနေသူများ ပါဝင်နေသော်လည်း ရေနံချောင်းတက္ကသိုလ်တွင် ၂၀၂၃-၂၄ ပညာသင်နှစ် ကျောင်းအပ်ပြီးသော ပထမနှစ်ကျောင်းသား မောင်မျိုးမော်ထွေးဆိုသူကို စစ်မှုထမ်းအပတ်စဉ် ၂ အတွက် ခေါ်ယူသွားသည် ဟု ဆိုကာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ရေးသားဖြန့်ဝေထားသည်။
ရေနံချောင်းမြို့ခံတဦးက “အဲဒီဖြစ်စဉ်က အမှန်ပဲ၊ ကောင်လေးက ၁၀ တန်းစာမေးပွဲ အောင်ထားတာ၊ လက်ရှိ တက္ကသိုလ် ပထမနှစ်တက်နေတာကို အပတ်စဉ် ၂ မှာ စစ်မှုထမ်းဖို့ ပါတယ်ဆိုပြီး ခေါ်သွားတာတဲ့၊ အဲဒီမှာကင်းလွတ်ခွင့် အကျုံးဝင်သူ တွေ ဘာတွေ မရှိတော့ဘဲ အောက်ခြေမှာ ဖြစ်ချင်တိုင်းကို ဖြစ်နေတာ၊ ဒါတွေကို မြို့နယ်အဆင့် ခရိုင်အဆင့်တွေက သိသိ ကြီးနဲ့ကို လွတ်ပေးထားကြတာ၊ လက်ရှိမှာကို လမ်းပေါ်မထွက်ဘဲ အိမ်မှာနေနေတာတောင် မတရား ဖမ်းဆီးခေါ်ဆောင်တာ တွေ ပုံစံအမျိုးမျိုးနဲ့ အဖမ်းခံရတဲ့ ဖြစ်စဉ်တွေ ရှိနေပြီ” ဟုပြောသည်။
လက်ရှိတွင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူသစ်စုဆောင်းမှုများကို သင်္ကြန်ပိတ်ရက်အလွန် ဧပြီ ၁၈ ရက်မှစ၍မကွေး တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်နှင့် မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် ပြုလုပ်နေသလို လက်ရှိတွင်စစ်ရေးပြသင်တန်းသို့ ပို့ ဆောင်ခြင်း၊ လူသစ်စုဆောင်းခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းဒေသခံများထံက သိရသည်။
အပတ်စစ်တခုလျှင် သင်တန်းသား ၅ ထောင်အထိတက်ရောက်ရန်စီစဉ်ထားသလို၊ စစ်မှုထမ်းသင်တန်းတက်ရောက်မည့် လျာထားချက်ပြည့်မီစေရန်နှင့်၊ ဆင့်ခေါ်ခံရသူများ ပျက်ကွက်ပါက အရေးယူမည်ဟု မေလ ၂၉ က ပြုလုပ်ခဲ့သည့် စစ်မှု ထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းဝေးတွင် ယင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောဆိုကြောင်း စစ်ကောင်စီ က သတင်းထုတ်ပြန်ထားသည်။
မန္တလေးမြို့ခံနိုင်ငံရေး အကျဉ်းသားဟောင်းတဦးက “အိမ်ထောင်စုစာရင်း အခိုင်အမာ၊ နေအိမ် အတည်တကျနဲ့ နေထိုင်နေ တဲ့ ပြည်သူတွေကို ပထမအဆင့်အနေနဲ့ On paper ပေါ်မှာ လူသစ်စုတယ်။ အပိုင်ချည်ပြီးလုပ်တာမျိုးပေါ့၊ အဲဒီလို စုထား တွေကို အောက်ခြေ ပြည်သူတွေနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အုပ်ကြီးတွေကို ထပ်ဆင့်ခိုင်းတာမျိုးတွေကြောင့် အားလုံး သိနေ ကြားနေကျတဲ့အတိုင်း ငွေတောင်းတာတွေ၊ လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်ပြီး မတရား အနိုင်ကျင့်တွေ ရှိလာတာပဲ” ဟု ပြော သည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံအနှံ့၌ စစ်မျက်နှာများ ဖွင့်လှစ်ထားရချိန် ရှေ့တန်းစစ်မြေပြင်များတွင် ထိခိုက်သေဆုံးမှု၊ လက် နက်ချ ထွက်ပြေးခြင်းများပြားလာသဖြင့် လျော့ပါးလာသော စစ်သည်အင်အား ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် စစ်မှု ထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခြင်းများအပြင် တာဝန်ထမ်းဆောင်ဆဲ Non-CDM ဝန်ထမ်းများအနက်မှ အသက် ၄၅ နှစ် အောက် ဝန်ထမ်းများကိုပါ လိုအပ်လျှင် စစ်မှုထမ်းရန် ရွေးချယ် ခေါ်ယူမည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက် ရှိ သည်။
ယင်းဝန်ထမ်းများအနေဖြင့် စစ်မှုထမ်းဆောင်မည်ဆိုပါက လက်ရှိ ဝန်ထမ်းလစာအပြင် စစ်မှုထမ်းလစာပါ ခံစားခွင့်ရရှိမည် ဖြစ်ပြီး စစ်မှုထမ်းကာလ ပြီးဆုံးပါက စစ်မှုထမ်းဆောင်စဉ်ကာလအတွင်း ထူးချွန်မှုအခြေအနေပေါ် မူတည်၍ စစ်မှုထမ်း ကြေး ခံစားခွင့်များ ထပ်တိုးရရှိမည်ဖြစ်သလို ဌာန၏ မူလတာဝန်များ ပြန်လည်ထမ်းဆောင်ရာတွင်လည်း ရာထူးတိုး ခံစားခွင့်ကိုပါ ရရှိမည်ဆိုသည့်အချက်များဖြင့် စည်းရုံးနေကြောင်း သိရသည်။
ထိုသို့ တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ စစ်သင်တန်း တက်ရောက်ရန် ငြင်းပယ်ပါက စစ်မှုထမ်းရှောင် ဝန်ထမ်းများကို ရာထူးမှ ထုတ်ပယ်ကာ နိုင်ငံတော် ပုန်ကန်မှုဖြင့် အမှုဖွင့်၍ ပိုင်ဆိုင်မှုကိုပါ ချိပ်ပိတ်သိမ်းဆည်းရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား ချက် ထုတ်ပြန်ထားသည်ဟုလည်း သိရသည်။
ယခုအခါ စစ်မှုထမ်း ဒုတိယအပတ်စဉ်အတွက် လူစုဆောင်းခြင်းများလည်း ပြုလုပ်လျက်ရှိရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူးများက စစ်မှုထမ်းကင်းလွတ်လိုသူများနှင့် ငွေကြေးပြည့်စုံသူများထံမှ လူစားထိုးပေးမည် ဟုဆိုကာ ငွေ ကြေးတောင်းခံခြင်း၊ စစ်မှုထမ်းဆောင်ရမည့်သူအား ထောက်ပံ့ကူညီနိုင်ရန်ဆိုသော အကြောင်းပြချက်ဖြင့် ရပ်ကွက်/ ကျေး ရွာများ၌ တလလျှင် ကျပ် ၅၀၀၀ နှုန်းမှ သိန်းဂဏန်းထိ တောင်းယူနေခြင်းများလည်း ရှိနေကြောင်း သိရသည်။
You may also like these stories:
စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူသစ် ဖမ်းဆီးစုဆောင်းနေ
မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး
စစ်ကောင်စီ ရခိုင်မြောက်ပိုင်းမှာ မွတ်စလင် ပျူစောထီး မွေးနေသည်